Latest News

*အနာဂတ် ပန်းလေးများ ရှင်သန်နိုင်ဖို့ (၁)*


ကြည်နူးစရာ အနာဂတ်ပျိုးပင်ငယ်လေးများ






အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ်
အိုးတွင်နှိပ်ခပ် တံဆိပ်မှတ်ကား
မပြတ်မစဲ အိုးပင်ကွဲလည်း
အမြဲတစေ တည်ရှိနေသို့
ထွေထွေသွေးသား ကလေးများ၌
ဘုရားတံဆိပ် ဘာသာစိတ်ကို
ခတ်နှိပ်နိုင်မှ သက်ဆုံးကျအောင်
ဗုဒ္ဓ၀ါဒီ စွဲ၍တည်မည်
ကိုယ်စီ ခပ်နှိပ်စေသတည်း။ ။
( အမရပူရ မဟာဂန္ဓာရုံဆရာတော်)

မမာလွန်း မပျော့လွန်းတဲ့ အချိန်မှာ ရိုက်နှိပ်ထားတဲ့ တံဆိပ်ဟာ အိုးကွဲသွားပေမယ့် ပျောက်မသွားဘဲ တည်နေရှိနေ သလို အနာဂတ် သားကောင်း ရတနာ သမီးကောင်း ရတနာလေးများရဲ့ စိတ်မှာ အဖြူရောင် များဆဲ (အမည်းတွေ အားနည်းနေဆဲ အချိန်) ဘာသာတံဆိပ် လေးတွေ ရိုက်နှိပ်ပေးနိုင်မှ ပီပြင်တဲ့ ဗုဒ္ဓဘာသာဝင် လေးတွေ ဖြစ်ကြမယ်လို့ ဆရာတော်ကြီးက ဆုံးမလမ်းညွှန်တော် မူခဲ့တာပါ၊

ကိုယ့်ဘာသာ ကိုယ့်သာသနာ ကိုယ့်ရေ ကိုယ့်မြေကို တကယ်ချစ်တယ် ဆိုရင် လက်တွေ့ အကောင်အထည် ဖော်ဖို့အချိန် ရောက်နေပါပြီ။ တကယ်တော့ ကလေးငယ်တွေ ဆိုတာ အနာဂတ် မြန်မာနိုင်ငံရဲ့ သားကောင်း ရတနာ သမီးကောင်း ရတနာ လေးတွေလို့ ဆိုရပါမယ်၊ ရတနာထိုက်တဲ့ ဒီကလေးငယ် တွေကို ၀ိုင်းဝန်းကူညီ စောင့်ရှောက်ကြဖို့ တာဝန်သိသူ တိုင်းမှာ တာဝန် ရှိနေပါတယ်။

နှမ်းတစ်လုံးထဲ ကြိတ်လို့ ဆီမဖြစ်ပေမယ့် နှမ်းစေ့လေးတွေ စုပေါင်းလိုက်တဲ့ အခါ လူခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အဖိုးတန် ဆီတွေ ဖြစ်လာသလို မိမိတို့ တာဝန်သိသူတွေ ပူးပေါင်း ဆောင်ရွက်ပြီး တတ်နိုင်သလောက် အကူအညီ ပေးကြရင် ဒီကလေးငယ်များရဲ့ ဘ၀ဟာ အထိုက်အလျောက် စိုပြေလန်းဆန်း လာမယ်လို့ ယုံကြည်မိ ပါတယ်၊

ဒီလို ယုံကြည်ချက်နဲ့ အကောင်အထည်ဖော် ကြိုးစားနေတဲ့ သူကတော့ မကွေးတိုင်း ပေါက်မြို့နယ် ကမ်းပြိုရွာက ဆရာတော် အရှင်တေဇိန္ဒပါ၊

ကမ်းပြိုရွာဆိုတာ သွားရေး လာရေး မလွယ်ကူလှ သလို အညာဒေသရဲ့ ပြယုဂ်ကို ပီပီပြင်ပြင် ဖော်ညွှန်းနေတဲ့ ခြောက်သွေ့ဒေသ ဖြစ်ပါတယ်၊ အနောက်ဖက်ကို ငေးမျှော်ကြည့်ရင် ချင်းတောင်တန်းပဲ ရှိတော့တာမို့ တကယ့်ကို ဝေးလံတဲ့ နေရာ ရွာလေးတစ်ခုပါ။

အဲဒီဝေးလံ ခေါင်သီတဲ့ နေရာလေးမှာ ဆရာတော် အရှင်တေဇိန္ဒက သူရဲ့ စေတနာ မေတ္တာအား ငွေကြေးအားနဲ့ တစ်ပိုင်တစ်နိုင် အနာဂတ် ပန်းခင်းလေးထဲက ပျိုးပင်ငယ်လေး တွေကို ရေလောင်း ပေါင်းသင်ပေး နေတာပါ။ တကယ်လည်း လေးစား ကြည်ညိုစရာ ကောင်းလှပါတယ်၊

နွေရာသီ ကျောင်းပိတ်ရက် ရောက်တိုင်း ကလေးများ အတွက် အထူး တရားစခန်း ပွဲတွေဖွင့်ပြီး ကလေးငယ်များရဲ့ စာရိတ္တ အသိပညာ တိုးပွားဖို့ ဆောင်ရွက်ပေး နေသလို တကယ့် ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်အောင် ဗုဒ္ဓ၀င် ယဉ်ကျေးမှုတွေ ကိုလည်း သင်ကြားပေး ပါတယ်။ ပြီးတော့ စုပေါင်းရှင်ပြု ရဟန်းခံပွဲတွေ ကိုလည်း ဆရာတော်က ဦးဆောင်ပြီး ပြုလုပ်ပေးပါတယ်။

ဆရာတော်ရဲ့ ခံယူချက်က မိဘတွေကို ပြုပြင်လို့ မရတော့ရင် အနာဂတ် ပျိုးပင်ငယ်နဲ့ တူတဲ့ ကလေးငယ် တွေကို ပြုစုပျိုးထောင် မယ်တဲ့၊ တရားစခန်း ၀င်ပြီးတဲ့ ကလေးငယ်နဲ့ တရားစခန်း မ၀င်ဘူးတဲ့ ကလေးငယ်တွေ မတူညီကြောင်း ကိုလည်း ဆရာတော်က အမိန့်ရှိပါတယ်။ အခု ဆရာတော်ရဲ့ စီမံကိန်း တစ်ခုက ကမ်းပြိုရွာမှာ အနာဂတ် ပျိုးပင်လေးများ အတွက် မြေ၀ယ်ပြီး အထက်တန်းကျောင်း တစ်ဆောင် ဆောက်မယ်လို့ အမိန့်ရှိ ပါတယ်.. မြေဖိုးတော့ အလှူခံ ရရှိပါပြီတဲ့.. ကျောင်းဆောက်ဖို့ ငွေအားတော့ ကြိုးစား ရှာဖွေရမှာပါတဲ့..

ကဲ စာရှုသူ.. တာဝန်သိသူ တစ်ယောက်က တိုင်းပြည်ရဲ့ အညွန့်အဖူး အနာဂတ် ပျိုးပင်ငယ်လေးတွေ ရှင်သန်ဖို့ အတွက် စတင် ဆောင်ရွက်နေပါပြီ၊ လိုအပ်တဲ့ နေရာမှာ လိုအပ်တဲ့ အကူအညီ ပေးရင်း ကျွန်ုပ်တို့ရဲ့ ဘ၀ကို အဓိပ္ပါယ် ရှိအောင် ပုံဖော် ကြိုးစားကြစို့။ ။

ဘုရား လက်ထက်က ပထမဆုံး ကျောင်းဒကာ ဖြစ်တဲ့ ရာဇဂြိုဟ် သူဋ္ဌေးဟာ ဗုဒ္ဓဘာသာဝင် တစ်ယောက် မဟုတ်ပါဘူး၊ ရဟန်းတော်တွေ တောထဲ တောင်ထဲမှာ ကျောင်းမရှိဘဲ တရားကျင့် နေတာကို တွေ့မြင်တော့ သူ့နှလုံးသားက ဒီရဟန်းတွေ အတွက် နေရာလေး လုပ်ပေးရရင် ကောင်းမှာပဲ ဆိုတဲ့ အကြင်နာ နှလုံးသားနဲ့ ကျောင်းပေါင်း ခြောက်ဆယ်ကို လှူဒါန်းခဲ့တာပါ၊ နောက်ဘ၀မှာ ဘာဖြစ်ချင်တယ် ဆိုတာ လုံးဝမရှိဘဲ အခက်အခဲ ကြုံနေရတဲ့ အနေအထား တစ်ခုကို ပြေလည်အောင် ဖြေရှင်းပေးရင်း သူ့ရဲ့ လှပတဲ့ နှလုံးသားကို လက်တွေ့ ပြခဲ့တာပါ။ ဒီလိုမွန်မြတ်တဲ့ စိတ်ဓာတ်တွေ ကြောင့်လည်း သာသနာ့ သမိုင်းမှာ ပထမဦးဆုံး ကျောင်းဒကာ ရယ်လို့ ဒီနေ့အထိအောင် မော်ကွန်း ထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်၊ ဗုဒ္ဓဘာသာဝင် မိမိတို့ကလည်း တတ်နိုင်သလောက် အကူအညီ ပေးရင်း မော်ကွန်းတစ်ခုကို အတူ စိုက်ထူကြပါစို့… အနာဂတ် ဥယျာဉ်ကြီးထဲမှာ ဖူးပွင့် လန်းဆန်းမယ့် ဒီကလေးငယ် တွေကို တတ်နိုင်သလောက် ကူညီကြပါစို့လို့ စေတနာ စကားနဲ့ တိုက်တွန်းရ ပါတယ်၊ ဒါမှလည်း အနာဂတ် ပန်းလေးများ အမျိုး ဘာသာ သာသနာ့ အလယ်မှာ ရှင်သန် ကြီးထွားလာမယ် မဟုတ်ပါလား ။ အနာဂတ် ပန်းလေးများ ရှင်သန်နိုင်ဖို့ ၀ိုင်းဝန်းကူညီ ဆောင်ရွက်စို့ ။ ။

ဆက်သွယ်ရန်…

အရှင်တိက္ခဥာဏာလင်္ကာရ
email;rev.tikkha@yahoo.com
email;bhikkhu.tikkhanana@gmail.com
ph.0094- 071 36 00 9 88
0065-8266 2972

အရှင်တေဇိန္ဒ
ကမ်းပြိုကျေးရွာ
ပေါက်မြို့နယ်
မကွေးတိုင်း
email;trbk007@gmail.com

C/O
ဦးလှဋ္ဌေး ဒေါ်စန်းတင့်
ယောထိပ်တန်း ပခုက္ကူ
၀၆၂-၂၂၅၂၄ ၀၉-၂၃၀၁၁၃၂

ဘုန်းဘုန်း ဦးတိက္ခဉာဏာလင်္ကာရ ဘလော့မှ ကူးယူဖော်ပြ မျှဝေပါသည်။


လေးစားရိုသေစွာဖြင့်
ဖိုးသား

7/24/2009, FRI:, 4:46:45 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply