မေတ္တာရှင် ဆရာတော်၏ ဆောင်းပါးလေး တစ်ခုပါ။ မသိသေး မဖတ်ရသေး သူများအတွက် ထပ်မံဖြန့်ဝေလိုက် ပါသည်။
လွန်ခဲ့သော (၁၅) နှစ်ခန့် ၁၃၄၃ ခုနှစ် ပြာသိုလ၏ တစ်ခုသောည၊ တစ်ည၊အချိန်အားဖြင့် ည (၁၁) နာရီ ကျော်နေပြီမို့ မြင်းခြံခရိုင် တောင်သာမြို့၏ ကျက်သရေဆောင် သာသနာ့ မူလိကာရာမ ကျောင်းသစ်ကျောင်း စာသင်တိုက်ကြီး အတွင်းမှ စာချ စာသင် သံဃာတော် အရှင်မြတ် (၇၀) ကျော်တို့ မိမိတို့ အိပ်ရာအသီးသီးတွင် ကျိန်းစက်တော်မူ နေကြပြီ ဖြစ်သည်။ ထိုအချိန်မှာပင် ရုတ်တရက် မြင်းခွာသံများ ကြားလိုက်ရသဖြင့် စာရေးသူက အိပ်ရာမှ ထထိုင်ကာ နားကို အသာစွင့်ထား လိုက်မိသည်။ အချိန်မတော် မြင်းလှည်းဝင်လာပြီ ဆိုသည်နှင့် သွေးအလှူခံလာခြင်း ဆိုသည်ကိုတော့ တပ်အပ် သိလိုက်ပါပြီ။ တောင်သာမြို့လေးမှာ ခရိုင်ထဲတွင် ပါဝင်သော နယ်မြို့လေး တစ်မြို့သာ ဖြစ်သောကြောင့် လူသိတော့ သိပ်မများလှပါ။
သို့သော် မြို့သူမြို့သားများ၏ စေတနာ၊ ကျောင်းသစ်ကျောင်း စာသင်တိုက်မှ ပဓာနနာယက ဆရာတော်နှင့် စာချ ဆရာတော်များ၏ မေတ္တာကြောင့် စာရေးသူကဲ့သို့ မန္တလေးမြို့ပေါ်မှာ ရှင်ဖြစ်သော စာသင်သား အချို့ပင် ဤကျောင်းတိုက်သို့ လာရောက် ပညာသင်ကြား ရသည်အထိ သူ့အတိုင်းအတာနှင့် သူတော့ ထင်ရှားသော မြို့တစ်မြို့ပင်။ ရန်ကုန်၊ မန္တလေး ဆေးရုံကြီးများ ကဲ့သို့ ခေတ်မီပစ္စည်းများ အပြည့်အစုံ မရှိသေးသောကြောင့် တောင်သာမြို့နယ် ဆေးရုံမှာ သွေးလှူရှင် ရှိသော်လည်း သွေးများကို ကြိုတင်အလှူခံပြီး သိုမှီး သိမ်းဆည်း ထားနိုင်စွမ်း မရှိပါ။ ထို့ကြောင့်လည်း သွေးလိုသော အရေးပေါ် လူနာ ရောက်လာသော အခါတွင်မှ ဦးရေများများ သွေးလှူလေ့ရှိသော စာရေးသူတို့ ကျောင်းတိုက်နှင့် မြို့နယ်မီးသတ် တပ်ဖွဲ့သို့သွေး အလှူလာခံလေ့ ရှိသည်။ ကျောင်းတိုက်မှ ၀ါတော်အကြီးဆုံး စာချ ဆရာတော်ဖြစ်သော ဆရာတော် ဦးနန္ဒောဘာသ၏ နည်းပေး လမ်းပြမှုကြောင့် စာရေးသူတို့သည်လည်း (၁၈)နှစ်သား အရွယ်မှ စတင် သွေးလှူခဲ့ရာ ယခုဆိုလျှင် အကြိမ်ပေါင်း (၃၉) ကြိမ်ရှိခဲ့လေပြီ။ သွေးလှူတတ်ရန် နည်းပေးလမ်းပြ အားပေး တိုက်တွန်းခဲ့သော ဆရာတော်၏ ကျေးဇူးကို ဘယ်သောအခါမှ မေ့နိုင်စွမ်းရှိမည် မဟုတ်ပါ။ ဆရာတော် ကိုယ်တိုင်လည်း အကြိမ် (၂၀) ကျော် သွေးလှူခဲ့ပြီးကျန်းမာရေးကြောင့် နောက်ပိုင်း လှူခွင့်မရတော့ခြင်း ဖြစ်ကြောင်း သိရပါသည်။
နာရီဝက်ခန့် ရှိပြီဖြစ်သော်လည်း သွေးအလှူခံလာသော မြင်းလှည်း ပြန်ထွက်သွားတာ မတွေ့ရသောကြောင့် သွေးအလှူရှင် မရသေးကြောင်းကို ထပ်ဆင့် သိလိုက်ရပြန်သည်။ သံဃာ (၇၀) ကျော်တွင် သွေးလှူနိုင်သော သံဃာ (၄၀) လောက်ရှိသောကြောင့် တစ်ပါးမဟုတ် တစ်ပါးတော့ ရရမည်ဟု စားရေးသူက တွက်ဆထားသည်။ စာရေးသူ ချက်ချင်း ထမသွားခြင်းမှာ ပထမအကြိမ် လှူပြီးတာ လေးလ အတိအကျ မပြည့်သေးသော ကြောင့်ပင်။ ကြာကြာ ၀ါးမည့်သွား အရိုးကြည့်ရှောင် ဟူသောစကားအတိုင်း အမြဲတမ်း သွေးလှူနေမည့် သူတစ်ယောက် အနေဖြင့် မိမိ ကျန်းမာရေးကိုလည်း ဂရုစိုက်ရမည်ဆိုသည့် အသိတရားက လွှမ်းမိုးထား သောကြောင့်လည်း အခြား လေးလပြည့်ပြီး သူများကို မျှော်ကိုး၍ ချက်ချင်း ထမသွားခြင်းပါ။
သို့သော် နာရီဝက် ရှိသည်အထိ သွေးအလှူရှင် မရသေးဘူးဆိုတော့ လူနာအတွက် အသက်အန္တရာယ် စိုးရိမ်ရသည်။ ဒီလိုနေနေလို့ မဖြစ်တော့ ဟူသော အတွေးနှင့်အတူ စာရေးသူ ခြေလှမ်းများက ကျောင်းတံခါး ပေါက်ဆီသို့ ဦးတည် လိုက်ပါသည်။ တံခါးပေါက်က ပွင့်နေပြီးသား၊ ဟုတ်တာပေါ့ ဆရာတော် ဦးနန္ဒောဘာသ တော့ ခြောက်ဧကခန့် ကျယ်သော ကျောင်းတိုက်ဝင်းကြီး အတွင်း လှည့်ပတ်၍ သွေးလှူရှင် ရှာနေလောက်ပေပြီ။
ကျောင်းဆောင်ရှေ့ အရောက်မှာပင် ကိုရင်ဣန္ဒ၀ံသကို အသင့် တွေ့လိုက်သည်နှင့်-“ကိုရင်ဣန္ဒ၀ံသ သွေးလှူရှင် မရသေးဘူးတဲ့လား” “မရတာ မဟုတ်ဘူး သွေးလှူရှင် ကိုယ်တော်တွေက ဒီလူနာမျိုးကို သွေးမလှူချင်လို့ ရှာမရ ဖြစ်နေတာ” “ဟာ... ဘာဖြစ်လို့ မလှူချင်ကြတာတဲ့လဲ” “လူနာက ကိုယ့်ကိုယ်ကို သေကြောင်းကြံပြီး ဆေးသောက်တာတဲ့၊ အဲဒါကြောင့် အသက်သေချင်လို့ သေကြောင်းကြံတဲ့ လူနာကို အသက် ပြန်ရှင်အောင် လှူနေစရာ မလိုပါဘူးဆိုပြီး မလှူကြတာပေါ့” “အဲဒီအယူအဆကို တပည့်တော် လက်မခံဘူး၊ အရှင်ဘုရားရော လက်ခံသလား ကိုရင်ဣန္ဒ၀ံသ” “တပည့်တော်တော့ လက်ခံတယ်၊ ဒါကြောင့် တပည့်တော်လဲ လိုက်မလှူတာ”
“ဒါဆို အရှင်ဘုရားကို တစ်ခုမေးပါရစေ၊ တလောက ရပ်ကွက်ထဲ ရွှေပန်းတိမ် အိမ်တစ်အိမ်က လသားအရွယ် ကလေးလေး တစ်ယောက် ရွှေသန့်စင်တဲ့ ငရဲမီးတွေကို သောက်မိလို့ အသက် ဆုံးသွားရတယ်။ အဲဒီကလေးလေး သေသွားရတာ ငရဲမီးတွေ သောက်တဲ့ ကလေးရဲ့အပြစ်လား၊ ငရဲမီးကို ကလေးနဲ့ လွတ်ရာကျွတ်ရာမှာ မထားတဲ့ လူကြီးမိဘတွေရဲ့ အပြစ်လား” “ကိုရင် ဇ၀နကလဲ ဒါကတော့ လူကြီးတွေရဲ့ အပြစ်ပေါ့ ဟိုလသား အရွယ်လေး ကတော့ ဘာသိတာ မှတ်လို့” “အဲဒါဆိုရင် အခု သေကြောင်းကြံတဲ့ လူနာကိစ္စမှာလဲ သေကြောင်းကြံတဲ့ လူနာမှာဘာမှ အပြစ်မရှိဘူး၊ အရှင်ဘုရားတို့၊ တပည့်တော်တို့ သံဃာတွေနဲ့ မိဘတွေမှာပဲ အပြစ်ရှိ တယ်” “ဟောဗျာ… ကိုရင်ဇ၀န ကြည့်လဲလုပ်ဦး၊ ဘုန်းကြီးအမှု ရွာပတ်လို့သာ ကြားဖူးတယ်၊ အရှင်ဘုရားလုပ်မှ ရွာအမှု ဘုန်းကြီးပတ် ဖြစ်နေပါလား” “ဒါလဲ ဖြစ်သင့်လို့ ဖြစ်တာလို့ပဲ မှတ်ကြရအောင်၊ အရှင်ဘုရား တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်ရဲ့ အဆိုအမိန့်လေး တစ်ခု ကြားဘူးလားမသိဘူး”
“ဆိုစမ်းပါဦး”
“ကွန်ဖြူးရှပ်က ပြောတယ်၊ သဘောထား မပြည့်ဝတဲ့သူဟာ သူတစ်ပါး အပြစ်ကိုပဲ မြင်လေ့ရှိတယ်။ သဘောထား ပြည့်ဝတဲ့ သူကျတော့ ကိုယ့်ကိုယ်ပဲ အပြစ်မြင်တယ်၊ပိုပြီး သဘောထား ပြည့်ဝတဲ့ သူကျတော့ ဘယ်သူ့ကိုမှ အပြစ် မမြင်တော့ဘူးတဲ့။ အဲဒီတော့ အရှင်ဘုရားတို့ တပည့်တော်တို့လဲ သဘောထား ပြည့်ဝတဲ့သူထဲ ပါအောင် ကိုယ့်အပြစ်ကိုယ်ပဲ ရှာကြည့်ကြရအောင်၊ အခု သေကြောင်းကြံတဲ့ ကိစ္စမှာ သေကြောင်းကြံတဲ့ လူနာဟာ ဘ၀တန်ဖိုး၊ ဘ၀အနှစ်သာရ၊ ဘာသာတန်ဖိုး၊ ဘာသာအနှစ်သာရ ဘာမှမသိရှာဘူး၊ ဒါကြောင့် လူ့ဘ၀တစ်ခုကို လွယ်လွယ် ပြန်ရမယ်လို့ ထင်လို့သာ ကိုယ့်ကိုယ်ကို သေကြောင်း ကြံတာပေါ့”
“ဒါကြောင့် သေကြောင်းကြံတဲ့ လူနာမှာ အပြစ်မရှိဘူးလို့ ပြောခဲ့တာပေါ့၊ သံဃာများနဲ့ မိဘများက ဘာ့ကြောင့် အပြစ်ရှိသလဲ ဆိုတော့ ဒီလူနာကို အခုလိုသေကြောင်း မကြံစည်မီ အချိန်တုန်း ကတည်းက ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘ၀အနှစ်သာရ၊ ဘာသာ အနှစ်သာရကို သေသေချာချာ နားလည်အောင် ဗိုက်ထဲမှာ ဘုရားတည် မပေးမိတဲ့အတွက်ပဲ” “ဘယ်လို၊ ဗိုက်ထဲမှာ ဘုရား တည်မပေးတဲ့ အတွက် ဟုတ်လား” “ဟုတ်တယ်၊ ဒါက တင်စားပြောတာပါ၊ အရှင်ဘုရား အချိန်ရရင် ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေထဲ ၀င်ကြည့်၊ အလှူခံပုံးတွေမှာ ရေးထားတဲ့ စာက ကလေးများ ဗိုက်ထဲ ဘုရားတည်ရန်တဲ့၊ ဘယ်လောက် ကောင်းလိုက်တဲ့ ရည်ရွယ်ချက်လဲလို့၊ အဓိပ္ပာယ်က နုနယ် ငယ်ရွယ်တဲ့ ကလေးဘ၀ ကတည်းက ဘာသာရေး အသိဉာဏ်တွေကို အပြည့်အ၀ သွင်းပေးထားရမယ် ဆိုတာပါပဲ။” “ဒါကို အတုယူပြီး ဗုဒ္ဓဘာသာ ကလေးများကိုလဲ ငယ်ရွယ်စဉ် ကတည်းက ယဉ်ကျေးမှု ဘာသာရေး သင်တန်းတွေ အပြည့်အ၀ သင်ပေးနိုင်အောင် ဆရာဒကာ လက်တွဲပြီး သေသေချာချာ ကြိုးစားသင့်ကြပြီ။ မြေပြင်မှာတည်တဲ့ ဘုရားထက် ဗုဒ္ဓဘာသာ ကလေးငယ်တွေရဲ့ နှလုံးသားမှာ တည်တဲ့ဘုရားက သာသနာအတွက် ပိုပြီး ကျေးဇူးများမယ် ဆိုတာကို အင်ဒိုနီးရှား နိုင်ငံမှာရှိတဲ့ ကမ္ဘာကျော် ဗောဓောဗုဓု ကျောက်စေတီကြီးက သက်သေပြနေပြီလေ”
“ကလေးတွေရဲ့ နှလုံးသားထဲမှာ တည်ထားတဲ့ ဘုရားမရှိတော့ အရင်တုန်းက ဗုဒ္ဓဘာသာ ဖြစ်ခဲ့တဲ့ အင်ဒိုနီးရှား တစ်ပြည်လုံးဟာ အခု အချိန်မှာတော့ တခြား ဘာသာတွေရဲ့ လက်ထဲ ရောက်ခဲ့ရပြီ မဟုတ်လား။ ဒီ ဘာသာခြားတွေရဲ့ အန္တရာယ်မျိုး ကျတော့ မြေပြင်မှာ တည်ထားတဲ့ ဗောဓောဗုဓု ကျောက်စေတီကြီးက ဘာမှ မတတ်နိုင်တော့ဘူး မဟုတ်လား” “ကဲ တော်ပြီ စကား သိပ်ရှည်နေလို့ လူနာအသက် မမီဘူး ဖြစ်နေဦးမယ်။ တပည့်တော်ကတော့ သွေးလဲလှူမယ်၊ ဘာသာရေး အသိဉာဏ် ဓမ္မကိုလဲလှူမယ်” ပြောပြောဆိုဆိုဖြင့် ထွက်ခဲ့ရာ သွေးအလှူခံ လာသော မြင်းလှည်းနားသို့ ရောက်လာသည်နှင့် စိုးရိမ်တကြီးဖြင့် သွေးအလှူရှင်ကို စောင့်မျှော်နေသည့် အသက် (၅၀) အရွယ် ဒကာကြီး တစ်ဦးကို တွေ့လိုက်ရသည်။ စာရေးသူက-
“ဒကာကြီး သွေးအလှူရှင်ရပလား”
“မရသေးပါဘုရား”
“ဘယ်နှစ်ပုလင်းလဲ”
“တစ်ပုလင်းပါဘုရား”
“သွေးအမျိုးအစားကရော”
“ဘီသွေးပါဘုရား”
“ကဲ ဒါဆိုရင်သွားကြစို့၊ ကိုရင်ပဲလှူမယ်၊ တခြား စောင့်မနေနဲ့၊ ရမှာလဲမဟုတ်ဘူး၊ ကိုရင်ဣန္ဒ၀ံသ ဆရာတော် ဦးနန္ဒောဘာသကို လျှောက်လိုက်ပါ၊ သွေးလှူဖို့ တပည့်တော် လိုက်သွားပြီလို့” ကျောင်းနှင့် တစ်မိုင်သာသာခန့် ဝေးသော ဆေးရုံဆီသို့ မြင်းလှည်း မောင်းထွက်လာသည်နှင့် စာရေးသူက မျက်နှာတွင် ညှိုးရော် ကြေကွဲရိပ် ထင်နေသည့် ဒကာကြီးအား တစ်ချက် မေးကြည့်လိုက်သည်။ “ဒကာကြီး လူနာက ဘယ်လိုဖြစ်တာတုံး၊ နည်းနည်းလောက် ပြောပြပါလား” “မှန်ပါ၊ ပြောပြပါမယ်ဘုရား၊ တပည့်တော်တို့က တောကပါဘုရား၊ သမီးလေးကို စာတတ်ပေတတ် ဖြစ်စေချင်လို့ မြို့ပေါ်က သူ့ဦးလေးအိမ်မှာ နေစေပြီး ကျောင်းတက်ခိုင်းပါတယ် ဘုရား။ အဲဒါ ဒီနှစ်ဆယ်တန်း စာမေးပွဲ ကျတော့ စာမကြိုးစားဘဲ အပျော်အပါးနဲ့ အချိန်ကုန်နေလို့ ဖြစ်မှာပဲလို့ ထင်ပြီးလူရှေ့ သူရှေ့မှာ ရိုက်နှက် ဆုံးမမိပါတယ် ဘုရား။ အဲဒါ သမီးလေးက အရှက်ရပြီး ဘာမီတွန် ဆေးပြားတွေကို တစ်ပုလင်းလုံး သောက်ပစ်လိုက်တာပါပဲ ဘုရား” “တပည့်တော်တို့ သိတဲ့အချိန် ကျတော့ ပါးစပ်က အမြှုပ်တွေတောင် ထွက်နေပြီ။ ဒါနဲ့ ဆေးရုံကို ချက်ချင်း ပြေးလာကြတာပါပဲ ဘုရား၊ ဆေးရုံက သွေးလိုတယ်၊ သွေးသွင်း ကုရမယ်လို့ ဆိုတာနဲ့ အရှင်ဘုရားတို့ ကျောင်းကို သွေးအလှူခံ ရောက်လာခဲ့ တာပါ။ နောက်မှ သိရတာက သမီးလေး စာမေးပွဲကျတာ အပျော်အပါးကြောင့် မဟုတ်ဘဲ စာမေးပွဲဖြေခါနီး ကပ်ပြီး နေမကောင်းလို့တဲ့ ဘုရား၊ မစူးစမ်း မဆင်ခြင်ဘဲ လူရှေ့သူရှေ့မှာ ရိုက်နက်ဆုံးမတဲ့ တပည့်တော်ရဲ့ အပြစ်ပါပဲဘုရား”
ပြောနေရင်းပင် ဒကာကြီး၏ မျက်လုံးမှ မျက်ရည်များ စီးကျလာသည်ကို တွေ့လိုက်ရသဖြင့် စကားလမ်းကြောင်းကို တစ်နေရာသို့ ပြောင်းပေး လိုက်ရသည်။ “အဆိုးထဲက အကောင်းပေါ့ ဒကာကြီးရယ်။ နောက် သားသမီးတွေ ဆုံးမတဲ့အခါ ဒီလိုမဖြစ်ဖို့ အတွက် သင်ခန်းစာ ယူရမှာပေါ့၊ စိတ်ပညာ ကျမ်းတွေရဲ့ အဆိုအရ လူဟာ ကိုယ့်ကိုယ်ကို အထင်အကြီးဆုံး ပဲတဲ့၊ ကလေး သူငယ်တွေရဲ့ တလူလူ တက်နေတဲ့အညွန့်ကို မိဘဆရာတွေက ချိုးမိသလို မဖြစ်အောင် အမြဲတမ်း ဂရုစိုက်ကြရမယ်၊ ဒါကြောင့် ရှေးဆရာများက မိမိတပည့် သားသမီးကို ဆုံးမတာတောင် အဆုံးမတတ်ဖို့ အတွက် နည်းလမ်းလေးတွေ ပေးထားတယ်”
“တရံတဆစ်၊
အပြစ်အနာ
တွေ့သောခါဝယ်၊
ကွယ်ရာခေါ်၍
ဆုံးမလေ့၏။
သူ့ရှေ့သူ့မှောက်
ပွဲပြင်ရောက်သော်၊
မြှောက်မြှောက်စားစား၊
သားအားပိုက်ဖြူး၊
မိဘကျူးသို့၊
ကျေးဇူးကိုသာ
ရှာ၍ချည်းဆို။”
“အဓိပ္ပာယ်က တပည့် သားသမီးကို အပြစ်ပြောပြီး ဆုံးမစရာရှိရင် ကွယ်ရာမှာခေါ်ပြီး တိုးတိုးတိတ်တိတ် ဆုံးမပါတဲ့၊ လူ့ရှေ့သူ့ရှေ့မှာ ဆိုရင်တော့ တပည့် သားသမီးရဲ့ ကောင်းကွက်ကိုသာ ရှာပြီး ချီးမွမ်းပါတဲ့၊ မိဘဆရာတွေ အတွက် မှတ်သားစရာပေါ့ ဒကာကြီး” “အရင်ကသာ ဒီနည်းလမ်းလေး သိထားရင် တပည့်တော် သမီးလေး ဒီအဖြစ်ဆိုးမျိုး ဘယ်ကြုံရမှာတုံး ဘုရား” ဘယ်လိုပင် စကားလမ်းကြောင်း ပြောင်းပေးသော်လည်း ဒကာကြီး၏ မျက်ရည်တို့က ဘယ်လိုမှ စဲမသွားခဲ့ပါ။ သို့နှင့်ပင် ဆေးရုံဝင်းထဲသို့ မြင်းလှည်း ရောက်သည်နှင့် စာရေးသူက သွေးဖောက်သော အခန်းထဲ ခပ်သွက်သွက် ၀င်သွားလိုက်သည်။ သွေးဖောက်နေဆဲ အချိန်မှာလည်း အာနိသင် ပိုရှိရန် သွေးက ဆေးကဲ့သို့ အစွမ်းထက်ရန် လူနာသို့မှန်းပြီး မေတ္တာ ပို့နေလိုက်သည်။
သွေးဖောက် ပြီးသည်နှင့် စောစောက ဒကာကြီး အခန်းထဲသို့ ၀င်လာကာ-“အရှင်ဘုရား သမီးလေးအဖြစ်က သေမယ် ရှင်မယ်ဆိုတာ တပ်အပ်သေချာ မပြောနိုင်တော့ ဖြစ်နိုင်ရင် လူနာဆောင်ထဲ ခေတ္တကြွပြီး သိသင့် သိထိုက်တဲ့ တရားလေးများကို ဟောကြားပေးပါ ဘုရား” စာရေးသူ ခေါင်းညိမ့်ပြပြီး လူနာရှင် ဒကာကြီးနှင့်အတူ သွားလိုက်သည်။ လူနာဆောင်ထဲ ရောက်တော့ စာရေးသူထံမှ ထုတ်ယူသွားသော သွေးများကို လူနာအား ချက်ချင်း ပြန်သွင်းပေး နေသည်ကို တွေ့ရသည်။ ထူးခြားသော မြင်ကွင်းက စာရေးသူ မျက်စိထဲမှ မထွက်၊ သေလုမြောပါး ဝေဒနာ ခံစားနေရ သော်လည်း လူနာ မိန်းကလေး၏ မျက်နှာက တင်းမာ ခက်ထန်သယောင် ရှိနေသည်။
စကားကတော့ မပြောနိုင်ရှာ တော့ပါ။ သွေးလှူရှင် ကိုရင်ကြွလာသည်ဟု မိဘများက ပြောလိုက်သည်နှင့် မျက်လုံးကိုတော့ အားယူပြီး ဖွင့်ကြည့်လိုက်သည်ကို တွေ့ရသည်။ အချိန်က သိပ်တန်ဖိုး ရှိနေသည်။ စာရေးသူက အချိန်မဆွဲတော့၊ လူနာအား ခေတ္တစိုက်ပြီး စိတ်ထဲမှ မေတ္တာ ပို့လိုက်ပြီးနောက် လူ့ဘ၀ အပါအ၀င် ရခဲခြင်းတရား ငါးပါး၊ ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘ၀ အနှစ်သာရ၊ ဘာသာ အနှစ်သာရ။ ထို့နောက် ပုထုဇဉ်တိုင်း အားကိုး အားထားပြုရမည့် အပါယ်မလားစေသော ကုသိုလ်များ၊ သေခါနီးတွင် ဂတိကောင်းရန် စိတ်ထားပုံမှ စ၍ တစ်နာရီခန့် ကြာအောင် တရားအလှူကို ပေးလှူလိုက် ပါသည်။ တရားအဆုံးတွင် လူနာရှင်များရော၊ ဆေးရုံ ၀န်ထမ်းများပါ အားလုံး ၀မ်းသာအားရ သာဓု ခေါ်ကြသည်။ ထူးခြားသည်က ဒေါသအရှိန်ဖြင့် တင်းမာသယောင် ရှိနေသော ဆယ်တန်း ကျောင်းသူလေး၏ မျက်နှာမှာ နူးညံ့ ပျော့ပျောင်းလာပြီး လက်အုပ်ချီ ကန်တော့ချင်သည့် အမူအရာကို ပြသဖြင့် မိဘများက သူမ၏လက်ကို လက်အုပ်ချီပြီး ရင်ဘတ်ပေါ် တင်ပေးလိုက်ကြ ခြင်းပင်။ မျက်စိကို အားယူဖွင့်ရင်း စာရေးသူကို ကန်တော့ရင်း ကပင် ၀မ်းသာ ကြည်နူးနေသော မျက်နှာအသွင်မှ တစ်ဖန် ၀မ်းနည်း ကြေကွဲသော မျက်နှာသို့ချက်ချင်း ပြောင်းသွားပြီး မျက်ရည်များ ပိုးပိုးပေါက်ပေါက် လိမ့်ဆင်း လာကြသည်။
အမူအရာဖြင့်သာ ပြောပြနိုင်ရှာသော ဆယ်တန်း ကျောင်းသူလေး၏ စကားကို စာရေးသူ ဘယ်လိုမှ နားမလည်နိုင်ခဲ့။ သူမ ပြောပြလိုသော စကားများ၏ အဓိပ္ပာယ်ကို နောက်သုံးရက်ကြာမှ သိရသည်။ လူနာရှင် ဒကာကြီး ကျောင်းသို့ ရောက်လာပြီး- “အရှင်ဘုရား တပည့်တော် သမီလေး ဆုံးသွားပါပြီ ဘုရား၊ သက်သာသလိုတော့ ဖြစ်သွားသေးတယ် ဘုရား၊ အဲဒီ အချိန်လေးမှာ မနည်း အားယူပြီး အရှင်ဘုရားကို လျှောက်ခိုင်းတာ လေးလဲ ရှိလို့ လာလျှောက်တာပါဘုရား၊ သမီးလေး ပြောသွားတာ ကတော့ ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘ၀အနှစ်သာရ၊ ဘာသာ အနှစ်သာရကို မသေခင်မှာ သိသွားရလို့ သူသိပ်ပြီး ၀မ်းသာပါသတဲ့ ဘုရား။”
“အရှင်ဘုရားကိုလဲ သွေးတင်မက တရားပါ လှူတဲ့အတွက် ကျေးဇူး တင်ရှိကြောင်းကို သေချာ လျှောက်ထားခိုင်း ပါတယ်၊ တရားဆုံးတဲ့နောက် သူ့မျက်နှာ ကြည်လင်သွားတာက မသေခင်မှာ သိသင့်သိထိုက်တဲ့ တရားကို သိရလို့ပါတဲ့။ သူ့မျက်နှာ ညှိုးသွားပြီး မျက်ရည် ကျတာကိုလဲ တစ်မျိုး မထင်ပါနဲ့တဲ့၊ အဲဒါကတော့ ရခဲတဲ့ လူ့ဘ၀ထဲကနေ ဘ၀ အနှစ်သာရ ဘာတစ်ခုမှ ထုတ်မယူနိုင် တော့တဲ့အတွက် ၀မ်းနည်းပြီး ငိုမိတာပါတဲ့ ဘုရား”ဟု လျှောက်ထားသွားရာ ဒကာကြီး၏ လျှောက်ထားသံက နားထဲကမထွက်။ သြော်- ဆယ်တန်း ကျောင်းသူလေးကား ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘ၀အနှစ်သာရ၊ ဘာသာ အနှစ်သာရကို မျက်ရည်ကျပြီးမှ သိသွားတာပါလား၊ ကျန်သောဒကာ၊ ဒကာမများ ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘာသာ အနှစ်သာရကို ဆယ်တန်း ကျောင်းသူလေး ကဲ့သို့ မျက်ရည်ကျပြီး မသိစေချင်ပါ၊ မျက်ရည်မကျခင် ကပင် ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘ၀အနှစ်သာရ၊ ဘာသာ အနှစ်သာရကို သိစေချင်လှပါသည်။ ထို့ကြောင့်လည်း ဤကျမ်းစာကို “မျက်ရည်မကျခင် သိစေချင်” ဟု အမည်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်း တင်ပြလိုက်ရပါသည်။
ချမ်းသာကိုယ်စိတ် မြဲကြပါစေ။
မေတ္တာရှင်(ရွှေပြည်သာ)
ဆရာတော်ဦးဇ၀န
မန္တလေးကျောင်းတိုက်
(၆)ရပ်ကွက်၊ ရွှေပြည်သာ၊ ရန်ကုန်။
လေးစားစွာဖြင့်
ဖိုးသား
12.09.2009, SAT:, 09:25:43 AM

++++++++++++++++++++++++++++++++++++++++++++
ဘုန်းဘုန်း ဦးနာယကာ လင်္ကာရ၏ မနက်ဖြန် ဘလော့မှ ကူးယူဖော်ပြ ဓမ္မဒါန မျှဝေလိုက်ပါတယ် ခင်ဗျာ…။
လေးစားစွာဖြင့်
ဖိုးသား
12.09.2009, SAT:, 09:25:43 AM

September 12, 2009 at 2:37 AM
သိပ်ပြီးမှတ်သားစရာကောင်းတဲ့ ဆောင်းပါးကို ပြန်လည်တင်ပြပေးတာ ကျေးဇူးတင်ပါတယ်။