Latest News

*နှလုံးသားဝယ် ဘုရားတည်- ယောဆရာတော်ဘုရား*

ဓမ္မမောင်နှမတို့ မင်္ဂလာပါ… ဒီကနေ့ည (22.11.2009, SUN) မှာ ကျွန်တော် တိပိဋက ယောဆရာတော် ဘုရားကြီး ဟောကြားတော်မူတဲ့ နှလုံးသားဝယ် ဘုရားတည် အမည်ရ တရားတော်ကို နာကြားခဲ့ပါတယ်… ဒီအထဲကမှ အဓိက မှတ်သားဖွယ် အချက်အလက်များကို ဓမ္မဒါန အနေနဲ့ ကျွန်တော် မျှဝေပေးပါရစေ။…။

နှလုံးသားမှာ ဘုရားတည်တာနဲ့ ပတ်သတ်ပြီး ဥပမာ ပေးသွားတဲ့ ပုံဝတ္ထုလေးကတော့ တော်တော် များများ ကြားဖူးပြီးသား ဖြစ်ကြမှာပါ။ မိစ္ဆာဒိဋ္ဌိ မိသားစုက မွေးဖွားခဲ့တဲ့ ကိုးနှစ် ဆယ်နှစ်အရွယ် ကလေးငယ်လေးဟာ *နမော ဗုဒ္ဓဿ* ဆိုပြီး နှလုံးသားမှာ ဘုရား တည်ထားနိုင်ခဲ့လို့ မြို့ပြင်သုဿာန်မှာ တစ်ယောက်တည်း အိပ်ခဲ့ရပေမယ့် တရားတော်ရဲ့ စွမ်းအားကြောင့် ဘီလူးရန်က လွတ်ကင်းခဲ့ရတဲ့ အပြင် ရှင်ဘုရင်ရဲ့ မွန်မြတ်လှတဲ့ ပွဲတော်အုပ်ကိုလည်း စားခွင့် ကြုံခဲ့ပါတယ်…။

ဒါတင် မဟုတ်သေးပါဘူး… နှလုံးသားမှာ ဘုရားတည်ထားတဲ့ ဒီကလေးငယ်ကြောင့်ပဲ ကလေးငယ်သာမက သူ့ရဲ့ မိဘနှစ်ပါးပါ ဘုရားရှင် ဟောကြားတဲ့ တရားတော်ကို နာယူနှလုံးသွင်းအပြီး အသီးသီး သောတာပန် တည်ကုန်ကြပါတယ်…

ဒါ့အပြင် ဒီမိသားစု သုံးဦးဟာ သာသနာ့ဘောင် ၀င်ရောက် ရဟန်းပြုပြီး ရဟန်း တရားတွေ ကျင့်ကြံကြိုးကုတ် အားထုတ်လိုက်တာ… အရဟတ္တမဂ် အရဟတ္တဖိုလ်ရလို့ အာသဝေါကင်းတဲ့ ရဟန္တာတွေ ဖြစ်ကုန်ကြပါတယ်… နှလုံးသားမှာ ဘုရားတည်ထားတဲ့ ကလေးငယ်လေးကနေ အဆင့်ဆင့် ကျေးဇူးပြုသွားတာပါ…။

ဒီတရားထဲမှာ ကျေးဇူးတော်အရှင် ယောဆရာတော် ဘုရားကြီးက သိက္ခာသုံးပါး ကျင့်စဉ်အနေနဲ့ ဟောကြားသွားတဲ့ အဆုံးအမက-

ငြိမ်ငြိမ်နေ ငြိမ်းအောင်ကျင့်” ပါတဲ့..။

နောက် ဆရာတော်ဘုရား ဟောကြားသွားတဲ့ အထဲမှာ သတိနဲ့ ပတ်သတ်ပြီး တစ်ခု မှတ်သားရမှာက-

-သတိပါသော ၀ီရိယ သည်သာ သမာဓိကို ဖြစ်စေပါတယ်။
-သတိမပါသော ၀ီရိယ သည် ဥဒ္ဓေစ္စ အပူဘက်သို့ ကူးရောက်တတ်ပါတယ်… ဆိုတာပါ။

ဓမ္မမောင်နှမတို့ အနေနဲ့ တရားတစ်ပွဲလုံးကို အနှစ်ချုပ်ပြီး မှတ်သားလိုရင်တော့ ဒီလင်္ကာလေးကို ဆောင်ထားလိုက်ရုံပါပဲ…။ ဆရာတော် ဘုရားဟောကြားခဲ့တဲ့ လက်တွေ့ကျင့်ကြံရင် ဘေးအန္တရာယ်တွေ ကင်းပျောက်စေရုံသာမက မဂ်ဖိုလ် နိဗ္ဗာန်ကိုပါ ဆောင်နိုင်တဲ့ လင်္ကာလေးကို တရားအပေါ် အာရုံပြုလို့ ရွတ်ဆို နှလုံးသွင်းကြည့်ပါဦး…။

• အမြတ်သုံးဖြာ၊ ရတနာ၊ စိတ်မှာပွားထုံလေ။
• ကိုယ်မှာဖြစ်ဘိ၊ ဖြစ်တိုင်းသိ၊ သတိမြဲပါစေ။
• သနားကြင်နာ၊ ကရုဏာ၊ မေတ္တာပွားတတ်စေ။
• ကိုယ့်လမ်းကိုယ်လျှောက်၊ ဘေးမကြောက်၊ ပပျောက်ဘေးရန်တွေ။
• အဆောင်ဆေးဝါး၊ မန္တယား၊ ဆောင်ထားစရာ မလိုချေ။
• အဆောင်ကောင်းပ၊ မဂ်ဖိုလ်ရ၊ စိတ်ချအေးမြစေ။
• နှလုံးသားဝယ်၊ ဘုရားတည်၊ တကယ်စွမ်းတဲ့ လူသားတွေ။
• လူ၏စွမ်းအား၊ မြတ်တရား၊ စိတ်ထားကောင်းဖို့ လိုရင်းပေ။

ဆရာတော်ဘုရား ဟောကြားခဲ့တဲ့ နှလုံးသားဝယ် ဘုရားတည် တရားတော်ကို ဒီနေရာမှာ ဒေါင်းလုပ် ရယူနိုင်ပါတယ် ခင်ဗျာ…။

ဓမ္မမောင်နှမတို့ အားလုံး နှလုံးသားမှာ ကိုယ်စီကိုယ်ငှ ဘုရားတည်လို့ မဂ်ဖိုလ်နိဗ္ဗာန်နန်းကို အမြန်ဆုံး အရောက်လှမ်းနိုင်ကြပါစေ။


လေးစားရိုသေစွာဖြင့်
ဖိုးသား

11/22/2009, SUN:, 10:58:38 PM

Tags: ,

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply