အမြင့်ဆုံးသော စိတ်၏ အရည်အသွေးမှာ အတ္တကင်းမဲ့ခြင်း သဘောကို နားလည်ခြင်း ဖြစ်ပါသည်။ ငါမရှိမှန်း သိသောအခါ သူတစ်ပါးလည်း မရှိသည်ကို သိပါသည်။ ငါ၊ သူတစ်ပါးဆိုသော အသိသည် ခွဲခြားသော အသိ၊ သူနှင့်ငါ မတူ၊ သူနှင့်ငါ မတန်ဆိုသော အသိမျိုး စိတ်သဘောထား မျိုးသည် လူလူချင်း ခွဲခြားသော အသိမျိုး ဖြစ်ပါသည်။ အတ္တ ကင်းဆိတ်မှုကို သိသောအခါ ထို လူချင်း ခွဲခြား ရှုမြင်သော သဘောထား ကင်းမဲ့ သွားပါသည်။ ထိုအခါ အရာခပ်သိမ်းတို့သည် တစ်ခုတည်း ဖြစ်သည်၊ တစ်သဘောတည်းပင် ဖြစ်သည် ဆိုသော “ဧကောဓမ္မော” အမြင်သည် ထင်ရှား ဖြစ်ပေါ် လာပါတော့သည်။
အိုင်းစတိုင်းက “လူသား တစ်ယောက်သည် ကျွန်ုပ်တို့က စကြ၀ဠာဟု ခေါ်သော အလုံးစုံသော လောကကြီး၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပါသည်။ အချိန်ကာလနှင့် နေရာ ဌာနက ပိုင်းခြား ကန့်သတ်ထားခြင်း ခံရသော စကြ၀ဠာ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်ပါသည်။ သူ့ကိုယ်သူ တွေ့ထိ ခံစားမှု၊ သူ့အတွေး သူ့ခံစားချက် များသည် အခြားလူများနှင့် ကွဲပြား ခြားနားနေသည်ဟု ထင်ခြင်းသည် အသိအမြင် ထင်ယောင် ထင်မှား ဖြစ်မှု ၀ိပလ္လာသ တရားတစ်ခုသာ ဖြစ်သည်။ ထို အမြင် မှောက်မှားမှုသည် အကျွန်ုပ်တို့ အဖို့ အကျဉ်းထောင် သဖွယ် ဖြစ်၏။ ထို ၀ိပလ္လာသ တရားက ကျွန်ုပ်တို့ကို ကိုယ့်စိတ်၊ ကိုယ့်ဆန္ဒ၊ ကိုယ့်လောဘ နယ်ထဲမှာသာ ကန့်သတ်ထားပြီး အနီးအနားရှိ အခြားသူများ အပေါ် ထားအပ်သော အကြင်နာ တရားနှင့် ကင်းဝေးအောင် ပြုထားသည်နှင့် တူပါသည်။ ကျွန်ုပ်တို့၏ အလုပ်မှာ မိမိတို့၏ အကြင်နာ နယ်ကို ပိုမို ကျယ်ပြန့်အောင် ပြုပြီး သတ္တ၀ါ မှန်သမျှနှင့် သဘာဝ၏ အလှတရား အပေါ် အညီအမျှ မေတ္တာ ထားခြင်းဖြင့် ထို ၀ိပလ္လာသ အကျဉ်းထောင်မှ လွတ်မြောက်အောင် ကြံဆောင်ကြရမည်” ဟု ဆိုလေသည်။
လောဘ၊ ဒေါသ၊ မောဟ စသည့် မိုးတိမ်တိုက် များသည် သဘာဝအလျောက် စိတ်မှ မေတ္တာ၊ ကရုဏာများ ဖြာထွက်မှုကို မှုန်မွှား စေတတ်ပါသည်။ ထို တိမ်သလာများ ဖြာထွက်မှုကို ကျွန်ုပ်တို့သည် ၀ိပဿနာ ဉာဏ်ဖြင့် ရှင်းလင်း သုတ်သင် နိုင်သည်နှင့် အမျှ မေတ္တာ၏ ဂုဏ်သတ္တိများသည် သဘာဝအလျောက် ထွန်းလင်း တောက်ပလာပါသည်။
ကျွန်ုပ်တို့ ဘ၀၀ယ် အစွမ်းထက်လှသော ဤ စိတ်အင်အားများ ပေါ်ထွက်လာအောင် ပြုလုပ်သော ၀ိသေသ ကျင့်နည်းကို မြတ်ဗုဒ္ဓက သွန်သင် ညွှန်ပြခဲ့ ပါသည်။ ထိုနည်းကို မေတ္တာဘာဝနာ သို့မဟုတ် မေတ္တာကို ပြုစု ပျိုးထောင်နေသော နည်းဟု ခေါ်ပါသည်။ ဤ မေတ္တာ ဘာဝနာကို ကျင့်ကြံ ပွားများခြင်း အားဖြင့် ၀ိပဿနာကို တိုးပွားစေပါသည်။ အဘယ်ကြောင့် ဆိုသော် မေတ္တာ ဘာဝနာသည် စိတ်၏ အပြောကျယ်မှုနှင့် စိတ်၏ ပေါ့ပါးမှုကို ဖြစ်စေနိုင်သောကြောင့် ဖြစ်၏။ ဤ မေတ္တာ ဘာဝနာသည် ဆင်ခြင်နေစရာ မလိုဘဲ အလိုအလျောက် ရုတ်တရက် ချက်ခြင်း သိမြင်နိုင်သော သတ္တိထူးကိုလည်း ဖြစ်ပေါ်စေပါသည်။
ကျင့်စဉ် တစ်လျှောက်တွင် နည်းလမ်းနှင့် ရည်မှန်းချက် ပန်းတိုင်သည် သဘောချင်း အတူတူပင် ဖြစ်ကြောင်းကိုလည်း သင် သိမြင်လာပါသည်။ ငြိမ်းချမ်းခြင်း အဆုံး ပန်းတိုင်နှင့် ညီညွတ် မျှတသော သိမြင် နားလည်မှုသို့ ဆိုက်ရောက်ရန် ကျွန်ုပ်တို့သည် ခဏတိုင်း ခဏတိုင်း၌ ထို အချက်အလက်များကို ပွားများနေကြ ရသည်။
အစဉ်သဖြင့် ကျွန်ုပ်တို့သည် မေတ္တာ ကမ္မဋ္ဌာန်းကို ငါးမိနစ် တန်သည်၊ ဆယ်မိနစ် တန်သည် ကမ္မဋ္ဌာန်း အစမှာသော် လည်းကောင်း၊ ကမ္မဋ္ဌာန်း အားထုတ်မှု အဆုံးမှာသော် လည်းကောင်း၊ တစ်ခါတစ်ရံ အစကော အဆုံးမှာသော် လည်းကောင်း ပွားများ ကြပါသည်။ အစမှာ အားထုတ်လျှင် ၀ိပဿနာ တရားကို အားထုတ်သော အခါ စိတ်သည် အသင့် လက်ခံခြင်း အဆင့်သို့ ရောက်နေသဖြင့် သတိကို မြဲမြံစွာ ဖြစ်ပေါ်စေ ပါသည်။ ၀ိပဿနာ အားထုတ်မှု အဆုံးမှာ မေတ္တာ ဘာဝနာကို ပွားများလျှင် မေတ္တာဓါတ်သည် ပို၍ အားကောင်းတတ် ပါသည်။ အဘယ်ကြောင့် ဆိုသော် ထိုအချိန်တွင် စိတ်သည် သမာဓိ အားကောင်း နေသောကြောင့် ဖြစ်ပါသည်။
မေတ္တာ ဘာဝနာ စီးဖြန်းပုံနည်းမှာ အလွန် လွယ်ကူပါသည်။ သက်သာသလို ထိုင်ပါ။ စိတ်ကို အမျိုးမျိုးသော ရန်ငြှိုး ရန်ဖွဲ့များ တင်းမာမှု များမှ ကင်းလွတ်စေရန် အရိယာ သူတော်ကောင်းများ အပေါ်၌ ကျူးလွန်ခဲ့သော အပြစ် ဒေါသများ ရှိခဲ့ပါလျှင် ခွင့်လွှတ်ကြပါရန် တောင်းပန် ၀န်ချခြင်းကို ပြုပါ။
“အကယ်၍ တစ်စုံ တစ်ယောက်သော ပုဂ္ဂိုလ် သတ္တ၀ါတို့ အပေါ်၌ မိမိသည် ကာယကံ မြောက်သော် လည်းကောင်း၊ ၀စီကံ မြောက်သော် လည်းကောင်း၊ မနောကံ မြောက်သော် လည်းကောင်း ပြစ်မှား ကျူးလွန်ခဲ့သည် ရှိပါလျှင် အကျွန်ုပ်အား ခွင့်လွှတ်တော် မူကြပါရန် အလေးအနက် တောင်းပန်ပါသည်။ အကယ်၍ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ် သတ္တ၀ါက မိမိအပေါ် ပြစ်မှားကျူးလွန် ရှိခဲ့ပါလျှင်လည်း ထိုပုဂ္ဂိုလ် သတ္တ၀ါတို့ အပေါ်၌ အကျွန်ုပ် အနူးအညွတ် ခွင့်လွှတ်ပါသည်။”
ဤ စကားကို တိတ်ဆိတ်စွာ စိတ်ဖြင့် နှစ်ကြိမ် သုံးကြိမ် ရွတ်ဆို တောင်းပန်ခြင်း၊ ခွင့်လွှတ်ခြင်း အားဖြင့် စိတ်ထဲတွင် ရှိနေသေးသော မလိုမုန်းထားသော အညစ်အကြေး များကို ထိရောက်စွာ ဆေးကြော သုတ်သင်နိုင် ပါသည်။
ထို့နောက် မိနစ် အနည်းငယ် ကြာအောင် မိမိကိုယ်ကို မိမိ မေတ္တာ ပွားများပါ။ “အကျွန်ုပ်သည် ချမ်းသာပါစေ၊ အကျွန်ုပ်သည် ငြိမ်းချမ်းပါစေ၊ အကျွန်ုပ်သည် ဆင်းရဲခပ်သိမ်း ကင်းငြိမ်းပါစေ” ဟု ဤ စကားလုံးများ၏ အပေါ် စိတ်ကို စူးစူးစိုက်စိုက် ထား၍ အကြိမ်ကြိမ် ရွတ်ပါ။ ကိုယ့်ကိုယ်ကို မေတ္တာဓါတ်ကို ခံယူရရှိခြင်း မရှိဘဲနှင့် အခြားသူများ အပေါ် မေတ္တာပွားများရန် အလွန် ခက်ခဲပါသည်။
မိမိတို့ သုံးနှုန်းသော စကားလုံးမှာ အဓိက မကျပါ။ သင့်ရင်ထဲမှာ အထပ်ထပ် အသံ မြည်စေနိုင်သော စကားလုံး စကားစုများကို အသုံးပြုပြီး ရွတ်ဆိုပါ။ ထိုစကားသည် မေတ္တာ မန္တာန် ဖြစ်လာပါလိမ့်မည်။
ထို့နောက် ဤမေတ္တာ ဘာဝနာကို အခြားသူများသို့ ဆက်လက် ပွားများရန် အားထုတ်ပါ။ “အကျွန်ုပ် ချမ်းသာလို သကဲ့သို့ သတ္တ၀ါ အားလုံးတို့လည်း ချမ်းသာကြ ပါစေ။ အကျွန်ုပ် ငြိမ်းချမ်းလို သကဲ့သို့ သတ္တ၀ါ အားလုံးတို့လည်း ငြိမ်းချမ်းကြ ပါစေ။ အကျွန်ုပ် ဆင်းရဲခြင်း အပေါင်းမှ ကင်းဝေးစေလို သကဲ့သို့ သတ္တ၀ါ အပေါင်းတို့ သည်လည်း ဆင်းရဲခြင်း အပေါင်းမှ ကင်းဝေးကြ ပါစေ။”
ဤစကားများကို စိတ်ထဲတွင် မိနစ် အတန်ကြာအောင် အထပ်ထပ် ရွတ်ဆိုလျှင် အခြားသူများသို့ ပို့လွှတ်သော မေတ္တာသည် စတင် ဖြာထွက် လာပါသည်။ မေတ္တာပို့သော စကားကို ရွတ်ဆို၍ ကောင်းအောင် သံစဉ် ပြေပြစ်အောင် စီစဉ်၍ ရွတ်ဆိုပါ။ မြန်မာတို့ သဗ္ဗေသတ္တာ အဝေရာ ဟောန္တု၊ အဗျာဘဇ္ဇ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခိ အတ္တာနံ ပရိဟာရန္တု ဟူ၍ ပါဠိဘာသာဖြင့် ရွတ်ဆိုနိုင် ပါသည်။ “သတ္တ၀ါအားလုံး ချမ်းသာကြပါစေ၊ ငြိမ်းချမ်းကြ ပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြ ပါစေ” ဟုလည်း ရွတ်ဆိုနိုင် ပါသည်။
တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်ကို ရည်စူး၍လည်း မေတ္တာပို့နိုင် ပါသည်။ ထိုပုဂ္ဂိုလ်သည် သင်နှင့် အလွန်အမင်း ရင်းနှီးမှု ရှိပြီး သူ့အပေါ် သင်က အသင့် မေတ္တာ ရှိနှင့်ပြီးသူလည်း ဖြစ်နိုင်သည်၊ သို့မဟုတ် သင်က သူ့အပေါ်မှာ အမုန်း ရန်ငြှိုး ရှိနေသူလည်း ဖြစ်နိုင်သည်။ မေတ္တာ ပို့သောအခါ မိမိ မေတ္တာ ပို့လိုသော သူကို စိတ်မျက်စိမှာ ထင်မြင်လာအောင် လုပ်ပြီး မေတ္တာပို့သော စကားများကို အထပ်ထပ် ရွတ်ဆိုပါ။ အဆုံး၌ အရပ် ဆယ်မျက်နှာရှိ သတ္တ၀ါ အားလုံးအပေါ် ခြုံ၍ပို့သော မေတ္တာကို ပို့ပါ။
အစပိုင်းတွင် ဤသို့ မေတ္တာ ပို့ခြင်းသည် ယန္တယား ဆန်ဆန် ဖြစ်နေနိုင်သည်။ အလေ့အကျင့် ရသောအခါ စကားလုံးများ အပေါ် အာရုံ စူးစိုက်မှု ပြုခြင်းဖြင့် သတ္တ၀ါတို့ အပေါ်တွင် သင် ဖြစ်စေလိုသော ဆန္ဒသည် မေတ္တာ ကရုဏာ ခံစားချက် အဖြစ်ဖြင့် တဖြည်းဖြည်း ရှင်သန် ကြီးထွား လာပေလိမ့်မည်။
>>> ဆရာဦးဆန်းလွင်နှင့် ဆရာဦးဟန်ဌေးတို့ ဘာသာ ပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေအပ် ပါတယ် ခင်ဗျာ...။
လေးစားစွာဖြင့်
ဖိုးသား
11/26/2009, THU:, 7:00:50 PM

0 comments