Latest News

*ခရေတစ်ပွင့် ကြွေလွင့်ချိန်ကား နီးလေပြီ*


အစ်ကို.. မင်္ဂလာပါ..

ဒီစကားလေးဟာ အစ်ကိုနဲ့ ညီ အွန်လိုင်းမှာ စသိစကစလို့ နောက်ပိုင်းရက်တွေ ဆက်တိုက် ဆိုသလို နှုတ်ဆက်ဖြစ်ခဲ့တဲ့ စကားလေး… ပြီးတာနဲ့ အစ်ကိုက အစ်ကိုသိထားတဲ့ တရားအသိတွေကို ညီ့ကို အိတ်သွန် ဖာမှောက် မရှင်းတာကို ရှင်းအောင်၊ မသိတာကို သိအောင်၊ နားမလည်တာကို နားလည်အောင် အကြိမ်ကြိမ် အစ်ကို့ အချိန်ထဲကပေးပြီး ရှင်းပြ၊ ပြောပြခဲ့တယ်နော်… ညီကလည်း အဲဒီအချိန်က တရားအရသာကို စတင် မြည်းခွင့်ရတဲ့ အချိန်ဆိုတော့ ငတ်မွတ် တောင့်တစွာနဲ့ နေ့စဉ်နီးပါး မသိတာတွေ မေးရင်း အစ်ကို့ရဲ့ တရားစကားတွေကို နှလုံး သွင်းဖြစ်ခဲ့တာပေါ့.. အဲဒီကမှ တစ်ဆင့် အစ်ကိုရဲ့ အကြံပေးမှု လမ်းညွှန်မှုနဲ့ အတူ မိုးကုတ်ဆရာတော် ဘုရားကြီးရဲ့ တရားတွေကို ညီနာဖြစ်ခဲ့တယ်.. ဆရာတော် ဘုရားရဲ့တရားတွေ နာလိုက်၊ နားမလည်တာတွေ အစ်ကို့ကို မေးလိုက်နဲ့ အော်.. အခုအချိန် ညီ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြည့်တော့ အရင်က ညီနဲ့ အခုညီဟာ တစ်နှစ်ကျော် အတွင်းမှာ တော်တော် ပြောင်းလဲ သွားတယ် အစ်ကို..

သေချာ စဉ်းစားကြည့်တော့ အစ်ကို့ကျေးဇူးတွေ ညီ့အပေါ် အတော် များခဲ့တာပါ… ကလျာဏ မိတ္တ အစ်ကိုနဲ့ ခုလို သိခဲ့လို့လည်း မိုးကုတ်ဆရာတော် ဘုရားကြီးရဲ့ တရားစကား၊ တရား အသားတွေဟာ ညီ့နားမှာ ယဉ်ပါးခဲ့တာပေါ့ အစ်ကို.. တစ်ခါ တစ်ခါ ညီ့စိတ်ဓါတ်တွေ မတည်မငြိမ်နဲ့ တောင်စဉ်မရ ဟိုရောက် ဒီရောက် ဖြစ်နေချိန်တွေမှာလည်း အစ်ကို ညီ့ကို တွဲခေါ်ခဲ့တယ်နော်.. ညီ့ကိုမှ မဟုတ်ပါဘူးလေ.. အစ်ကိုက အစ်ကိုနဲ့ နီးစပ်သူတွေကိုပါ အတတ်နိုင်ဆုံး ဆွဲခေါ်ခဲ့တာပါ… လေးစားပါတယ် အစ်ကိုရေ… ဒီ လေးစားပါတယ် ဆိုတဲ့ စကားကလည်း အစ်ကိုက ညီ့ကို အွန်လိုင်းကနေ တရားစကားတွေ မျှဝေပြီးတိုင်း အစ်ကိုနဲ့ညီ အပြန်အလှန် သုံးနေကျ စကားလုံးလေးပါပဲလေ… ခုနောက်ပိုင်းတောင် ဒီ မင်္ဂလာပါ ဆိုတဲ့ စကားနဲ့ လေးစားပါတယ် ဆိုတဲ့ စကားလုံးတွေကို ညီ မသုံးဖြစ်တာ တော်တော် ကြာရောပေါ့.. မလေးစားလို့ မဟုတ်ပါဘူး အစ်ကို… ညီ့စိတ်ထဲက အမှန်တကယ် လေးစားမှုကို စကားလုံးနဲ့ အဆုံး မသတ်ချင်တော့ လို့ပါ… စိတ်ထဲကနေပဲ လေးစားမိရင်း အစ်ကို့ကျေးဇူးတွေ ပုံဖော်မိတိုင်း အကြိမ်ကြိမ် ဦးညွတ်နေမိတော့ တာပါ…။

အစ်ကိုရေ.. တကယ်တော့ ကျေးဇူးတရား ဆိုတာ ဖော်ညွှန်းလို့ ကုန်နိုင်ကောင်းတဲ့ အရာ မဟုတ်ပါဘူး… ဒါပေမယ့်လည်း ဒီ ၂၀၀၉၊ ဒီဇင်ဘာ ၉-ရက်နေ့မှာ ကျရောက်မယ့် အစ်ကို့ရဲ့ ၂၈-နှစ် ပြည့် မွေးနေ့မှာ အစ်ကို့ကို ဆရာသမား တစ်ဦးအနေနဲ့ ပူဇော်ရင်း အမှတ်တရအနေနဲ့ အစ်ကို့ရဲ့ ကျေးဇူးတရားတွေကို ပြန်ပြောင်း ဆင်ခြင်မိတာပါ အစ်ကို…

မနှစ်က မွေးနေ့တုန်းက ညီ အစ်ကို့ကို ခရေတစ်ပွင့်နဲ့ တင်စား ရေးသားခဲ့ဖူးတယ်နော အစ်ကို.. အစ်ကိုနဲ့ ညီတို့ ပြောဖူးကြသလို မွေးနေ့တစ်ခု ရောက်တာဟာ အသေကို ချဉ်းကပ်လာတာပဲ ဆိုတဲ့ စကား အသုံးလေးကို သတိရမိတာနဲ့ ခရေတစ်ပွင့် အနေနဲ့ တင်စားထားတဲ့ အစ်ကို့ကို ကြွေလွင့်ချိန် နီးပြီ ဆိုပြီး ညီ ခေါင်းစဉ် ပေးလိုက်တာပါ… ဒါပေမယ့်လည်း ဒီ သေချိန်ဆိုတဲ့ အသုံးအနှုန်းဟာ အစ်ကိုတို့ ညီတို့ အတွက် ထူးဆန်းတဲ့ အသုံးအနှုန်းတော့ မဟုတ်ပါဘူးလေ… ညီတို့မှ မဟုတ်ပါဘူး.. ကိုယ့်အသေကိုယ် ဆင်ခြင်နေတဲ့ သက်ရှိ လူသားတိုင်း အတွက် ဘာမှကို မပြောပလောက်တဲ့ အသုံးအနှုန်းပါပဲ အစ်ကို… ဒီခေါင်းစဉ် အတွက်နဲ့တော့ အစ်ကို့အနေနဲ့ ဘာမှ မဖြစ်ဘူးဆိုတာ ညီ ယုံကြည်ပြီးသားပါ…

ညီ စဉ်းစားနေတာ.. အစ်ကို့မွေးနေ့ နီးလာပြီ ဆိုကတည်းက.. အစ်ကို့မွေးနေ့ အတွက် ဘယ်လို ရေးသားရရင် ကောင်းမလဲလို့.. ဒါပေမယ့်လည်း စိတ်ကူး ကောင်းကောင်းက ထွက်မလာဘူး အစ်ကို.. အဲဒါကြောင့် မနှစ်က အစ်ကို့မွေးနေ့မှာ ညီ ရေးသားခဲ့ဘူးတဲ့ *ခရေတစ်ပွင့်* ဆိုတဲ့ ကဗျာလေးကိုပဲ ညီ အမှတ်ရလို့ ပြန်လည် ရေးသား လိုက်တယ် အစ်ကို… အစ်ကို ကျန်းမာစွာနဲ့ မိမိအကျိုး၊ သာသနာ့အကျိုး၊ အများအကျိုးကို အစွမ်းနိုင်ဆုံး ဆောင်ရွက်နိုင်ပါစေ…။

*ခရေတစ်ပွင့်*

ခရေတစ်ပွင့်...
ပင်ယံမြင့်မှာ
အမှတ်မထင် တွေ့လိုက်တယ်။

ရောင်ဝါ ၀င်း တဲ့ခရေပွင့်ရေ
ပင် မြင့် မှာစံနေရင်း
လေညှင်းကဆော်သွေးတော့
မွှေးပျံ့လှချည်လား...
သင်းထုံလှချည်လား...
နမ်းရှိုက်သူအတွက်တော့
မွှေးလိုက်တဲ့ ခရေပွင့်ပါလား...။

အို...
ခရေပွင့်ရယ်
လေညှင်းမက
လေပြင်းကျရင်တော့
မြေလွှာပြင်ထက်
ဆင်းသက်ရဦးမှာပေါ့။

ဒါပေမယ့်လည်း
နမ်းရှိုက်သူသိပါတယ်လေ
ခရေပွင့်ဆိုတာ
ဝေလည်းမွှေးမြဲ ကြွေလည်းမွှေးဆဲ။
လန်းလည်းမွှေးဆဲ နွမ်းလည်းမွှေးမြဲ။ ။


ရိုသေလေးစားစွာ ဦးညွတ်လျက်
ညီ
ဖိုးသားတစ်ဖြစ်
ပြည့်စုံအောင်
12/9/2009, TUE:, 12:19:57 AM

Tags: ,

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

5 comments

  1. လူသားတစ်ဦးရဲ့ ဘ၀တန်ဖိုးကို သူ့ရဲ့အကျင့် သူရဲ့ လုပ်ဆောင်ချက်တွေနဲ့ တိုင်းတာရမယ်ဆိုရင် အခုမွေးနေ့ရှင်ဟာ ရလာတဲ့ဘ၀တစ်ခုရဲ့ တန်ဖိုးကို ပီပီပြင်ပြင် အသုံးချနေသူပါ၊ ရွေးချယ်မိတဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေပေမယ့် သူ့နှလုံးသားဟာ ဓမ္မစိတ်ဓာတ် ပရဟိတစိတ်ဓာတ်တွေနဲ့လွှမ်းခြုံထားနေသူပါ။ လူများတွေ ဘာဆိုတာကို ကြည့်ဖို့ထက် ကိုယ်ဟာဘာလဲဆိုတာကို အမြဲ စီစစ်ဝေဖန်ဖို့ ကြိုးစားနေသူပါ။ မွေးနေ့ရှင် ကိုဝင်းမြင့်ရေ အသက်ရှင်ခွင့် လက်ကျန်ချိန်တွေမှာ အကောင်းဆုံးမဖြစ်တောင် အဆိုးဆုံးထိ လျောကျမသွားဖို့ ပြင်ဆင်ကြိုးစားနိုင်ပါစေလို့ မွေးနေ့ဆုတောင်းပေးပါတယ်။ မွေးနေ့ရှင်ကို ဂုဏ်ပြုတဲ့ ဖိုးသားရဲ့ ခရေတစ်ပွင့်ကဗျာကလဲ ထိထိမိမိလေးရှိလွန်းလှပါတယ်၊ အပေး အယူ အချိတ် အဆက်ညီမျှတဲ့ ညီအကိုနှစ်ယောက် သို့မဟုတ် ဆရာ တပည့်နှစ်ယောက် ဓမ္မလမ်းကြောင်းမှာ လက်တွဲပြီး ညီညာစွာ ဆက်လျှောက်နိုင်ပါစေ။

  2. ဖိုးသားရေ နက်မကောင်းလို့ခုမှပဲရောက်တယ်။ မွေးနေ့ကစပြီး သာသနာအကျိုး၊ နိုင်ငံအကျိုး၊ ပရဟိတ အကျိုးများဆက်လက်ထမ်းဆောင်နိုင်ပါစေ။ သာသနာအကျိုးပြုစာပေများလည်း၊ သည်ထက်များများ
    ရေးနိုင်ပါစေ။

  3. မွေးနေ့ရှင်ရော မွေးနေ့ဆုတောင်းပေးသူပါ သာသနာ့အကျိုး လူ့လောကအကျိုးကို ကျန်းမာရွှင်လန်း ငြိမ်းချမ်းမှုကင်းစွာဖြင့် ဆထက်တပိုး သယ်ပိုးနိုင်ပါစေလို့ ဆုတောင်းပေးသွားပါတယ်။

  4. မွေးနေ့ ပိုစ့်လေးကို ဖတ်ရတာ ညီလေးရဲ့ လိမ္မာယဉ်ကျေးမှုကို အများကြီး နှလုံးသွင်းမိပါတယ်ညီလေး... ညီတို့ အကိုတို့ဟာ ရှေ့တွဲခဲ့လို့ အခုတွေ့တယ်.. အခုတွေ့တော့ မတွေဝေဖို့ တစ်ယောက်ကို တစ်ယောက် သတိဖော် အကျိုးဆော်ပြီး လက်တွဲရင်းဖြင့် လောကကို ကျေးဇူးပြုကြတာပေါ့နော ညီလေး... ပကတိမျက်စိကို ဖွင့်ခြင်းသည် အများအကျိုးကို ဆောင်ရွက်ဖို့... ဉာဏ်မျက်စိကို ဖွင့်ခြင်းသည် မိမိအကျိုးကို ဆောက်ရွက်ဖို့ ဖြစ်ပါစေ..ဖြစ်စေရမယ်နော ညီလေး...
    ညီလေး ကျန်းမာစွာဖြင့် ကိစ္စပြီးမြောက်အောင် ဆောင်ရွက်နိုင်ပါစေ...
    မွေးနေ့ ဆုတောင်းပေးကြသည့် ဆရာတော်ဘုရားနှင့် ဓမ္မမိတ်ဆွေများ ကိုယ်၏ကျန်းမာခြင်း၊ စိတ်နှလုံး အေးမြခြင်းနှင့် ပြည့်စုံကြပါစေ..
    လေးစားစွာဖြင့်
    အကို ဝင်းမြင့်

  5. ညီလေးရဲ့မွေးနေ့မှသည်နောင်နှစ်ပေါင်းရာထောင်ချီထာဝရတည်တံ့နေပါစေဗျာ။
    ဆရာတော်ဘုရားများ၏တရားတော်များကိုဝေငှပေးသည့်အတွက်ကျေးဇူးပါခင်ဗျာ။
    တရားဓမ်မနဲ့ထာဝရပျော်မွေ့ပါစေ။

Leave a Reply