
ဤပို့အား mail မှရရှိပါသည်။ မူရင်း ရေးသားသူ၏ အမည်မသိ၍ ဖော်ပြခြင်း မရှိသည်ကို မူရင်း ရေးသားသူ အနေနှင့် နားလည်ပေး နိုင်မည်ဟု မျှော်လင့်ပါသည်။ mail ပို့ပေးသူနှင့် ရေးသားသူ ကိုလည်း ကျေးဇူးတင်ရှိကြောင်း ဤနေရာမှ ပြောကြားပါရစေ။
*********************************
ဂါရဝေါစ နိဝါတောစ- ရိုသေထိုက်သူအား ရိုသေခြင်း၊ မိမိကိုယ်အား နှိမ့်ချခြင်း သည်လည်း မင်္ဂလာတစ်ပါး ဖြစ်သည်ဟု မြတ်စွာဘုရားရှင် ဟောကြားခဲ့ပါသည်။ ကျွန်တော်တို့ အားလုံးဟာ ဗုဒ္ဓဘာသာဝင်များ ဖြစ်သည်နှင့် အညီ ဘုရားရှင်၏ အဆုံးအမကို နာခံသူ များပီသအောင် နေထိုင် ကျင့်ကြံသင့်ပေသည်။ ထိုကဲ့သို့ နေထိုင်ကျင့်ကြံ သူများသည်လည်း တစ်နည်းအားဖြင့် သာသနာအကျိုး သယ်ပိုးနေခြင်းပင် ဖြစ်ပါတယ်။ ထိုကဲ့သို့ ကျင့်ကြံသူ ပုဂ္ဂိုလ်အား ကိုးကွယ် ဆည်းကပ်ခြင်း သည်လည်း မြတ်သော ကိုးကွယ်ခြင်း ပင်ဖြစ်ပါသည်။ ထို့ထက်ပို၍ လောကီကို စွန့်ကာ သာသနာ့ဘောင်သို့ ၀င်၍ ကိလေသာ ကင်းအောင် အားထုတ်နေသည့် ရဟန်း၊ သံဃာများကို ကိုးကွယ် ဆည်းကပ်ခြင်းသည် ပို၍ မြင့်မြတ်ပေသည်။
မြတ်ဘုရား၏ သာသနာတွင် တစ်စုံတစ်ဦး၏ မြင့်မြတ်မူအား သီလ၊ သမာဓိ၊ ပညာဖြင့်သာ တိုင်းတာပေသည်။ ရဟန်း သံဃာများသည် သိက္ခာပုဒ် ၂၂၇ ခု အကျယ်အားဖြင့် ကုဋေကိုးထောင်ရှိသော ၀ိနည်းတော်များအား စောင့်ထိန်းကြ ရပေသည်။ ထိုကဲ့သို့ သီလအရာ၊ သမာဓိအရာ၊ ပညာအရာတွင် စောင့်ထိန်း ထားသည့် ရဟန်း၊ သံဃာများအား ငါးပါးသီလအား မနည်းလုံအောင် ထိန်းနေရသည့် မိမိတို့ ပုထုဇဉ်များ အနေဖြင့် စိတ်ဖြင့်ပင် မပြစ်မှားသင့်ပါ။
ကျွန်တော် သိတတ်စ အရွယ်က သံဃာတော် အရှင်သူမြတ်များ ကြွလာလျှင် အရှင်သူမြတ်၏ ခြေအစုံအား ဦးတိုက်၍ သပိတ်ယူ၍ ဆွမ်းလောင်းသည်များ ရှိပါသေးသည်။ ယခုအခါ ထိုအလေ့များ ပျောက်ကွယ်လု နီးပါးဖြစ်၍ လက်အုပ်ချီ၍ ရှိခိုးရသည်ကိုပင် ရှက်ကြောက် နေသူများအား ၀မ်းနည်းဖွယ် တွေ့မြင်ခဲ့ ရပါသည်။ ရဟန်း၊ သံဃာများ မဆိုထားနှင့် ကိုရင်ငယ်လေးပင် ဖြစ်ပါစေ မရိုမသေဖြင့် ဆွမ်း မလောင်းသင့်ပါ။ အဘယ့်ကြောင့် ဆိုသော် ကိုရင်၏ သီလသည် (၁၁၉)ပါး ရှိပါသည်။ ထိုကဲ့သို့ သီလ ဆင်းမြန်းထားသည့် ရဟန်းသံဃာ၊ ကိုရင်များသည် သာသနာကြီး အဓွန့်ရှည်ကြာ တည်တံ့စေရေးနှင့် သံသရာမှ လွတ်မြောက်ကြောင်း တရားများကို ဟောကြား ပြသပေးမည့် မိမိတို့၏ ဆရာကောင်း၊ ဆရာမြတ်များ ဖြစ်သောကြောင့်ပင်။ သူတော်ကောင်း သူမြတ်လောင်း များအား လက်အုပ် ချီမိုးရခြင်းကို မိမိတို့အနေဖြင့် ၀မ်းမြောက်ဝမ်းသာ ဖြစ်သင့်လှပေသည်။ ၀မ်းမြောက်ဝမ်းသာ ဖြစ်သည်နှင့်အညီ အကျိုး ကျေးဇူးလည်း ကြီးမားလှပါသည်။
ထို့အတူ သာသနာ့ ၀န်အား ထမ်းဆောင်နေကြသည့် ဆရာတော်၊ သံဃာတော်များ နည်းတူ ဆရာလေး (မယ်သီလရှင်) များသည်လည်း ကိုးကွယ် ဆည်းကပ်ရမည့် သူတော်ကောင်းများ ဖြစ်ပါသည်။ ဆရာလေး (မယ်သီလရှင်) အား လူအများစုက ရှိမခိုးသည်ကို တွေ့ရပါသည်။ ကျွန်တော်သည် လည်း ယခင်ကရှိခိုးရ၊ မရှိခိုးရအား ဇဝေဇ၀ါ ဖြစ်ခဲ့ဖူး၍ ထိုအကြောင်းအား မေးမြန်းမှ သိခဲ့ရပါသည်။ ဆရာလေးများ၏ စောင့်ထိန်းရ သောသီလ(၉၃)ပါး ရှိပါသည်။ အချို့က ဆရာလေး များအား မိမိ သူငယ်ချင်းကဲ့သို့ ဆက်ဆံနေကြ သည်ကိုလည်း တွေ့နေရပါသည်။ မိမိကိုယ် မိမိ အကုသိုလ် ဖြစ်နေမှန်းပင် မသိကြတော့ပေ။ အကျင့် သီလနှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား ရှိခိုးခြင်းသည် မြတ်သော ရှိခိုးခြင်းပင်။ ဆွမ်း လောင်းလှူရာ၌ လောင်းစရာဆွမ်း မရှိလျှင်ပင် ကန်တော့ ဆွမ်းအား အရိုအသေ လက်အုပ်ချီမိုး၍ ရှိခိုးသင့်ပေသည်။
လူပုဂ္ဂိုလ်များသည် မိမိထက် အသက်ငယ်သော သီလရှင်များကို ရှိခိုးဦးချနိုင်သည်။ သီလရှင်များသည် မိမိထက် အသက် ကြီးသော လူပုဂ္ဂိုလ်တို့အား ရှိခိုးဦးချခြင်း မပြုရပါ။ အကြောင်းမှာ သီလရှင်များသည် သာသနာ အနွယ်ဝင် (ဘိက္ခုနီနွယ်ဝင်) ဘိက္ခုနီအသွင်ကို ဆောင်သော ပုဂ္ဂိုလ်များ ဖြစ်ပါသည်။ သီလရှိသည် ဖြစ်စေ၊ သီလမရှိသည် ဖြစ်စေ၊ အသက်ငယ်သည် ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ ဘိက္ခုနီ အသွင်ကို ဆောင်ထားခြင်း သည်ပင် သာသနာ တည်ခြင်း၏ အကြောင်းရင်း ဖြစ်၍ ရှိခိုးဦးချထိုက် လှပါသည်။
လူပုဂ္ဂိုလ်သည် အသက်ကြီးရုံတင် မက အနာဂါမ်ကြီး ဖြစ်စေကာမူ ယနေ့ ပြုသစ်စ ကိုရင်လေးကို ရှိခိုးထိုက်၏။
ထို့ကြောင့် ထင်ရှားသော အသွင်များကို မဆိုထားနှင့် သာသနာ ကွယ်ကာနီးတွင် နားရွက်၊ လည်ပင်း၌ သင်္ကန်းအစလေး ချည်ထားသော ပုဂ္ဂိုလ်ကိုပင် ရဟန်းသံဃာ အမှတ်ဖြင့် လှူဒါန်းလျှင် သံဃိက အကျိုးကျေးဇူးများ ရနိုင်ပါသေးသည် ဟူ၍ (ပူဇာစ ပူဇနေယျာနံ) ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် ကောင်းမြတ်သော မင်္ဂလာတစ်ပါး ဖြစ်ကြောင်း ဖော်ပြလို၍ ဤပို့စ်အား ရေးသား အပ်ပါသည်။
လေးစားစွာဖြင့်
ဖိုးသား
12/21/2009, MON:, 6:59:27 PM
December 23, 2009 at 9:10 AM
ဟုတ်ပါတယ်ဖိုးသားရေ။ အခုဆိုရင် ရဟန်းသံဃာများကို ကန်တော့ဖို့ ရှက်ရွံ့နေကြသလို၊ ကိုရင်လေးတွေနဲ့ သီလရှင် တွေကိုဆိုကန်တော့မယ့်သူတောင် မရှိကြပါဘူး။ စိတ်မကောင်းစရာပါပဲ။ ရိုသေထိုက်သူတွေကိုရိုသေရမှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ယဉ်ကျေးမှုပဲမဟုတ်လား။ ဖိုးသားရေ ပိုစ့်လေးအတွက်ကျေးဇူးပါ။ အဆင်ပြေပျော်ရွှင်ပါစေ။