Latest News

*ပညတ်နှင့် ပရမတ်- ဂိုလ်းစတိန်း (အပိုင်း-၁)*

ပလေတိုး၏ “သမ္မတနိုင်ငံကျမ်း” တွင် လိုဏ်ခေါင်း တစ်ခုနှင့် ပတ်သတ်သော ထင်ရှားသည့် ဥပမာ တင်စားချက် တစ်ခု ရှိပါသည်။ ဥမင် လိုဏ်ကြီးထဲတွင် လူတန်းရှည်ကြီး တစ်ခု ရှိ၏။ ထိုလူများ အားလုံးကို ကျောဘက် နံရံကို မျက်နှာ မူစေရန် ကြိုးဖြင့် တုတ်နှောင်ထား လေသည်။ လူတန်းရှည်ကြီး၏ ကျောဘက်တွင် မီးရောင် တစ်ခုလည်း ရှိသည်။ ပုံပန်းသဏ္ဌာန် အမျိုးမျိုးသည် အမျိုးမျိုးသော ဘ၀ ကိစ္စများကို ဆောင်ရွက်ရေး အတွက် လူလားခေါက်ပြန် သွားလာ နေကြဟန် များကို ပြသနေသည့် သဏ္ဌာန် အတန်းရှည်ကြီး တစ်ခုလည်း ရှိ၏။ ပုံသဏ္ဌာန် အမျိုးမျိုး အတန်းရှည် ကြီး၏ အရိပ်များက ဥမင် လိုဏ်ခေါင်းကြီး၏ ကျောဘက်က နံရံပေါ်မှာ ကျရောက်နေကြ လေသည်။ ကြိုးဖြင့် တုတ်နှောင်ထားသော လူများသည် အမျိုးမျိုး ပြောင်းလဲ ဖြစ်ပေါ်လျက် ရှိသော နံရံပေါ်က အရိပ် မြင်ကွင်းကိုသာ မြင်ကြရပြီး ထို အရိပ်များကိုပင် အစစ်အမှန် ပရမတ် တရားများဟု ထင်မှတ် နေကြလေသည်။

တစ်ခါမှာတော့ ဤသို့ နှောင်ကြိုးငင်ခြင်း ခံထားရသော လူတစ်ယောက်သည် ကြီးစွာသော လုံ့လကို ပြုသဖြင့် တင်းထားသော နှောင်ကြိုးမှ ပြေလျော့သွား ရကား နောက်ဘက်သို့ လှည့်ကြည့်ခွင့်ကို ရသွား လေတော့၏။ သူ သို့မဟုတ် သူမသည် မီးကိုလည်း မြင်ရ၏။ စီတန်း လှည့်လည် နေသူတွေ ကိုလည်း မြင်ရ၏။ ထိုအခါ မှသာ သူမြင်ခဲ့ရသော အရိပ် သဏ္ဌာန် များသည် အစစ်အမှန် ပရမတ် တရားများ မဟုတ်ကြောင်း၊ နံရံပေါ်မှာ မီးရောင် ဟပ်၍ ထင်နေသော အရိပ်များသာ ဖြစ်ကြောင်း စတင် သိမြင်သွား လေတော့၏။ နောက်ထပ် လုံ့လကို ပြုပြန်သော အခါ ထိုပုဂ္ဂိုလ်သည် နှောင်ကြိုးများမှ လုံးဝ လွတ်မြောက်ခြင်းသို့ ရောက်သွား ပြန်၏။ ထိုအခါ သူသည် နေ၏ အလင်းရောင် ရှိရာသို့ ထွက်မြောက်ကာ လွတ်လပ်ခွင့်ကို ရသွားလေ တော့၏။

ကျွန်ုပ်တို့၏ ဘ၀ အကျပ်အတည်းများ သည်လည်း လိုဏ်ဂူတွင်းက နှောင်ကြိုး ဖွဲ့တုပ်ခြင်း ခံရသူများ၏ အဖြစ်နှင့် တူလှပါသည်။ အရိပ်များ ဆိုသည်မှာ ကျွန်ုပ်တို့ အသက်ရှင် နေထိုင်လျက် ရှိသော ပညတ် လောကပင် ဖြစ်၏။ တဏှာ၊ ဒိဋ္ဌိ၊ ဥပါဒါန်၊ သံယောဇဉ်များ နှောင်ဖွဲ့ခြင်းကို ကျွန်ုပ်တို့ ခံစားနေရ ပါသည်။ ကျွန်ုပ်တို့သည် လောကကို ရှုမြင်ကြ ရာ၌ ကျွန်ုပ်တို့၏ အယူအဆများ၊ ကျွန်ုပ်တို့၏ အတွေး အခေါ်များ၊ ကျွန်ုပ်တို့၏ စိတ်အလို ဆန္ဒများ အရ ပညတ်များကို ပရမတ် အထင်ဖြင့် ရှုမြင် နားလည်နေကြ လေသည်။

ကျွန်ုပ်တို့ကို အကြီးအကျယ် ပြုပြင် စီမံနေသော ပညတ် တရားများကား အမြောက် အမြား ရှိလေသည်။ ထို ပညတ်များသည် ကျွန်ုပ်တို့၏ စိတ်ထဲတွင် နက်ရှိုင်းစွာ အလေ့အကျင့် ဖြစ်အောင် အတိုင်အဖောက် လုပ်လျက် အကွက် ဆင်နေကြ လေသည်။ ဥပမာ လူအများ၏ ဘ၀သည် အရပ်ဒေသ ပညတ်ကို အစွဲအလမ်း ဥပါဒါန် အစွဲကြီး စွဲလျက် ရှိတတ်ကြ ပါသည်။ နိုင်ငံစွဲ၊ လူမျိုးစွဲ ကြီးခြင်းမျိုး ဖြစ်ပါသည်။ ဤကမ္ဘာဂြိုဟ် ပေါ်တွင် နိုင်ငံ တစ်နိုင်ငံနှင့် တစ်နိုင်ငံကို ပိုင်းခြားထားသော အကန့်အသတ် အပိုင်း အခြားလည်း မရှိပါ။ ထို အပိုင်းအခြား များကို ကျွန်ုပ်တို့ စိတ်က တမင်တကာ ဖန်တီး လိုက်ကြခြင်းသာ ဖြစ်၏။ သင် နယ်ခြားဒေသကို ဖြတ်ပြီး ခရီးသွားသော အခါတိုင်း နယ်ခြားဟု သတ်မှတ်ထားသော နေရာသည် အမှန်တရား အဖြစ် ထင်ရှား ရှိမရှိကို သိနိုင်သည်။ နယ်ခြားဟု လူတွေက ပိုင်းခြား၍ ပညတ်ထားသော နေရာသည် ဘာမျှ အကွဲအပြား အပိုင်းအခြား မရှိ၊ ရေကြော မြေကြော ဆက်လျက်ပင် ရှိသည်ကို တွေ့ရမည် ဖြစ်၏။

ထို့ကြောင့် ကမ္ဘာ့ ပြဿနာများ၊ နိုင်ငံရေး၊ စီးပွားရေး ပြဿနာများ အားလုံးသည် အတွေးအခေါ် အယူအဆနှင့် ပတ်သတ်သော ပြဿနာများသာ ဖြစ်နေကြောင်း တွေ့နိုင်သည်။ “ဒါ ငါ့လူမျိုး၊ ဒါ ငါ့တိုင်းပြည်” ဆိုသော အယူအစွဲ များကြောင့် ကမ္ဘာ့ ပြဿနာများ ပေါ်ပေါက် နေရကြောင်း သိသာ ထင်ရှားသည်။ ပညတ်ဟူသည် ကျွန်ုပ်တို့၏ အတွေးအခေါ် ဖြစ်စဉ်မှ ဖန်တီးလိုက်သော အရာမျိုးသာ ဖြစ်သည်ဟု နားလည်လိုက်ပြီ ဆိုပါက ကျွန်ုပ်တို့သည် ထို ဥပါဒါန် အစွဲ အလမ်းများမှ စတင်၍ လွတ်မြောက် လာပါတော့သည်။

ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာ မှ…

ဆက်ပါဦးမည်။

လေးစားစွာဖြင့်
ဖိုးသား

1/31/2010, SUN:, 2:54:42 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply