Latest News

*တကယ်ပျော်နိုင်လို့လား*


ရဟန်းတော်များအား ဒကာ၊ ဒကာမများ လှူဒါန်းသော လှူဖွယ် ၀တ္ထုတို့ကို သုံးဆောင်၍ စည်းစိမ် ခံနေကြသည်ဟု ပြောသော ညီတော် တိဿမင်းသားအား ဆုံးမရန်အတွက် အသောက မင်းကြီးသည် ညီတော် တိဿ မင်းသားအား ထီးနန်းစည်းစိမ်ကို (၇)ရက် လွှဲအပ်၏။ သို့သော် ညီတော် တိဿ မင်းသားသည် ထီးနန်း စည်းစိမ်၌ သာယာနိုင်ခြင်း မရှိပေ။ အဘယ်ကြောင့် ဆိုသော် ထီးနန်းစည်းစိမ် (၇)ရက် ပြည့်မြောက်သည့် နေ့ရက်၌ သေဒဏ် ကျခံရမည်ဟု နောင်တော် အသောက မင်းတရားကြီးမှ အမိန့် ချမှတ်ထားသောကြောင့် ဖြစ်၏။

အထက်ပါ အကြောင်းအရာကို ကြည့်လျှင် သေခြင်းတရားကို ဆင်ခြင် ကြည့်ပါက ထီးနန်း စည်းစိမ်၌ပင် သာယာနိုင်ခြင်း မရှိသည်ကို တွေ့မြင်ကြရ၏။

ကျွန်ုပ်တို့သည်လည်း နေ့စဉ်နှင့် အမျှ သားရေး၊ သမီးရေး၊ စီးပွားရေး ကာမဂုဏ် အာရုံ များစွာနှင့်သာ အချိန် ကုန်နေကြ ပေသည်။ “ဘ၀ဆိုတာ ပုခက်နှင့် ခေါင်းကြားပဲ ရှိတယ်” ဟုသာ မြင်နေကြ၍လား၊ ဒါမှမဟုတ် သေခြင်းတရားကို မသိချင်ယောင် ဆောင်နေကြ ၍လား...။ သံသရာတွင် ဆင်းရဲဒုက္ခ မျိုးစုံ ခံစားရမည်ကို မမြင်နိုင်၍သာ တစ်ဘ၀တာ ကာမဂုဏ် စည်းစိမ်များကို မေ့လျော့ ပျော်ရွှင်စွာ ခံစားနေကြခြင်း ဖြစ်ပေသည်။ (ရှေ့နား၌ ချောက်ထဲ ကျမည်ကို မသိသော မျက်ကန်း ခရီးသွားများ ပျော်ရွှင်စွာ သွားလာနေကြ သည်နှင့် တူလှ၏။) လောကီ ကာမဂုဏ် ခံစားရင်းနှင့်သာ သေလွန်ပါက အပါယ်လေးပါး ချောက်ထဲ ကျရောက်မည်မှာ မလွဲဧကန် ဖြစ်ပေသည်။

သန္တိသုခ အေးငြိမ်းတဲ့ နိဗ္ဗာန်ကြီးကို မျက်မှောက် မပြုနိုင်သမျှ ကာလပတ်လုံး ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ (မွေးဖွား၊ အို၊ နာ၊ သေ) စူသော ဒုက္ခ သစ္စာများနှင့် သံသရာ ရေလျှင်ကြောဝယ် မြုပ်လိုက်၊ မျောလိုက်နှင့် အစုန်အဆန် ကူးခတ်နေကြရ ဦးပေမည်။ အနိမ့်ဆုံးအဆင့် သောတာပန် အရိယာ ပုဂ္ဂိုလ်ဖြစ်မှ အပါယ်လေးပါးမှ လွတ်ကင်းနိုင်မည် ဖြစ်ပေသည်။

ဒါကြောင့် ကျွန်ုပ်တို့သည်လည်း လောကီ ကာမဂုဏ် အာရုံများ၌သာ အချိန် ကုန်မနေဘဲ သေခြင်းတရားကြီး ရောက်မလာမီ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊ ဩတ္တပ္ပ ဟူသော သူတော်ကောင်း ဥစ္စာ (၇)ပါးကို သံသရာ ရိက္ခာအဖြစ် တတ်နိုင်သမျှ ကြိုးစား စုဆောင်း ထားသင့်ကြ ပေသည်။ အဆုံးစွန် ပြောရသော် ၀ိပဿနာ ဘာဝနာ အလုပ်ကို ကြိုးစား၍ ကိလေသာ မှန်သမျှကို အရိယာမဂ်ဖြင့် ပယ်သတ်ပြီးမှသာ စစ်မှန်သော ပျော်ရွှင် ချမ်းသာမှုမျိုးကို ရနိုင်ကြပေမည်။

ကံချွန်(ပွင့်ဖြူ)Justify Full
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply