သင်ကား အ၀ိဇ္ဇာ၊ ဖုံးလွှမ်းကာ၍
လောကီအာရုံ၊ ကာမဂုဏ်ကို
အကုန်မမြင်၊ အကောင်းထင်လျက်
ခင်မင်တပ်မက်၊ တွယ်ကာဖက်လျက်
အောက်ထက်သံသရာ၊ စုန်ဆန်ကာဖြင့်
တဏှာလက်သည်၊ ထင်တိုင်းခြယ်၍
ချမ်းသာမရှိ၊ ဆင်းရဲဘိသည်
ဝဋ်၏သားကောင် လုံးလုံးတည်း။
ဝဋ်၏သားကောင်၊ ဒုက္ခဘောင်မှ
လွတ်အောင်ရုန်း၍၊ ချမ်းသာတွေ့ဖို့
မမေ့ရုပ်နာမ်၊ ဖြစ်ပျက်ဟန်ကို
အမှန်ဉာဏ်ညှိ၊ ဖြစ်တိုင်းသိလော့။
ဝီရိယရံ၊ ချိုးမြိုက်တန်ဖြင့်
ဆယ်တန်ကိလေ၊ လောင်ကျွမ်းကျေအောင်
မအိုမနာ၊ မသေပါခင်
တက်သုတ်နှင်လျက်
စောလျင်မြန်စွာ၊ ချိုးမြှိုက်ပါလော့။
နောင်ခါကာလ၊ ချိန်လွန်ကျမှ
နောင်တ, တပြီး၊ သင်မညည်းနဲ့။
ဇနီးမယား၊ သမီးသားနဲ့
လင်သားအိမ်ယာ၊ အဖြာဖြာကို
ငဲ့ကာဖက်နှေး၊ အချိန်ရွေးက
သေဘေးသင့်ကို ဦးလိမ့်မယ်။
မြောက်ဦးဆရာတော် ဘုရား ဟောကြားတော် မူသော “ချမ်းသာတာ နိဗ္ဗာန်လား၊ နိဗ္ဗာန်သည် ချမ်းသာတာလား” တရားတော်မှ ကောက်နုတ်ဖော်ပြ ရေးသား ပူဇော်ပါသည်။
----------********----------
လေးစားစွာဖြင့်
ဖိုးသား
13/03/2010, SAT:, 11:09:54 AM
0 comments