“ခန္ဓာကိုယ်” ဆိုသည်မှာလည်း ပညတ် (အမည်) တစ်ခုသာ ဖြစ်၏။ ကျွန်ုပ်တို့ တရားထိုင် နေကြသောအခါ ပညတ် “ကိုယ်” သည် ပျောက်သွားပါသည်။ တကယ် အာရုံမှာ ထိတွေ့ခံစား နေရသည်ကား ပူသော အာရုံ၊ အေးသော အာရုံ၊ နာကျင်သော အာရုံ၊ တောင့်တင်းသော အာရုံ စသည့် ဓါတ်များ၏ ပြုပြင် ဖန်တီးမှု၊ လှုပ်ရှား ပြောင်းလဲမှု (အလုပ် လုပ်နေကြပုံ) များသာ ဖြစ်၏။ ထိုအရာ အားလုံးမှာလည်း အမြဲမရှိကြကုန်။ အစဉ်သာလျှင် ပြောင်းလဲ ဖောက်ပြန် နေကြသည့် အရာများသာ ဖြစ်ကြလေသည်။ ကမ္မဋ္ဌာန်း အတွေ့အကြုံက ကျွန်ုပ်တို့ကို လက်တွေ့ စမ်းသပ်၍ ရသော၊ ပညတ် မဟုတ်သော ကျွန်ုပ်တို့၏ အတွေးနှင့် လွတ်လွတ်ကင်းကင်း ဖြစ်ပျက်နေကြသော အရာဝတ္ထုတို့၏ သဘောကို စတင် သိနားလည်စေ ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အရာဝတ္ထု တစ်ခုကို မြင်သည့်အခါ ကျွန်ုပ်တို့သည် အရောင်အဆင်း (၀ဏ္ဏ) သဘောကိုသာ သိရခြင်း ဖြစ်ပါသည်။
တစ်စုံတစ်ခုကို ထိတွေ့သော အခါမှာလည်း ကျွန်ုပ်တို့သည် ပညတ်ကို မစွဲလမ်းဘဲ သိပါက ထို အရာဝတ္ထု၏ အာရုံ၌ထင်သော ဂုဏ်သတ္တိများကို သိရ၏။ ဤကား အရာဝတ္ထုတို့ကို သိမှုတွင် စိတ်က အယူအစွဲ ပညတ်များကို အပို ထပ်ဆောင်း မထည့်ဘဲ သိသောအခါ ၀တ္ထုပစ္စည်း များကို သိရပုံ ဖြစ်၏။
စိတ်ဝင်စားဖွယ် ကောင်းသော အချက်မှာ ၀ိပဿနာဉာဏ် ပေါ်လာသောအခါ ပညတ်တို့သည် ပြောင်းလဲခြင်း မရှိဘဲ ပရမတ် တရားများကား အစဉ် ပြုပြင်ပြောင်းလဲခြင်း သဘောကို သိရခြင်း ဖြစ်၏။ စကားလုံး (ပညတ်) ဖြစ်သော ခန္ဓာဆိုသော ပုဒ်ကား ပြောင်းလဲခြင်း မရှိပါ။ သို့သော် ခန္ဓာ၏ ပင်ကိုယ် သဘောကတော့ အစဉ် ပြုပြင် ပြောင်းလဲလျက်သာ ရှိ၏။ ပညတ်သည် အသေသဘော၊ ရပ်တန့် ငြိမ်သက်နေသည့် သဘော ရှိ၏။ သို့သော် ကျွန်ုပ်တို့က ပညတ်ထားသော ရုပ်နာမ် ခန္ဓာများကို ကိုယ်တွေ့ ဉာဏ်တွေ့ တွေ့ရသော အတွေ့အကြုံအရ မူကား ၎င်းတို့သည် အနိစ္စ ဓမ္မများသာ ဖြစ်ကြကုန်၏။ ဖြစ်ပေါ်လာလိုက် ပျက်စီး ပျောက်ကွယ်သွားလိုက် ဖြစ်နေသော၊ အမြဲ မတည်ရှိ နိုင်သော ဓါတ်များ၏ အာရုံ၌ ထင်လာ မြင်လာမှုများ ကိုသာ ကိုယ်တွေ့ ဉာဏ်တွေ့ တွေ့ရပါသည်။
သတိပဋ္ဌာန် တရားကို အားထုတ်သော အခါ အရာဝတ္ထုတို့သည် ၎င်းတို့၏ အမြဲ မတည်ရှိသော အနိစ္စ လက္ခဏာ အနိစ္စ သဘာဝကို ထင်ရှားစွာ ဖော်ပြလျက် ရှိကြသည်။ ပညတ်နယ် ပညတ် လောကမှာ ကျက်စားစဉ် အခါမှာသာ ကျွန်ုပ်တို့သည် အမြဲ မရှိသည်ကို အမြဲရှိသည်ဟု လွဲမှားစွာ ယူဆနေကြ လေသည်။ ထို ၀ိပလ္လာ တရားသည် ကျွန်ုပ်တို့အား ရှင်လိုက် သေလိုက် တပြောင်းပြန်ပြန် ဖြစ်နေရသော သံသရာမှာ မရုန်းသာဘဲ ကျင်လည်နေစေ ပါတော့သည်။
ဝိပဿနာ ဉာဏ်နှင့် ပညာ ဖြစ်ပေါ် တိုးတက်ရေးတွင် အရိပ်အယောင် ပညတ်များကို ဖယ်ခွာပြီး ပရမတ်တရားများကို စတင်၍ ကိုယ်တွေ့ဉာဏ်တွေ့ တွေ့ဖို့ လိုပါသည်။ ထိုအခါ အရာဝတ္ထုတို့၏ သဘာဝ အစစ်အမှန် သည်လည်း ရှင်းလင်းစွာ ပေါ်လွင် ထင်ရှားလာပေ တော့သည်။
ပရမတ်တရား လေးပါးအနက် ဒုတိယမြောက် ပရမတ် တရားသည် စိတ်ဖြစ်သည်။ စိတ်သည် သိတတ်သော အစွမ်း သတ္တိမျိုး ဖြစ်၏။ သိခြင်း လက္ခဏာရှိသည်။ စိတ်က အာရုံများကို သိတတ်ပါသည်။ တစ်ခါတစ်ရံ လူတို့မှာ အယူအဆ တစ်ခု ရှိတတ်ပါသည်။ ၎င်းမှာ ရုပ်နာမ် ခန္ဓာထဲတွင် သိတတ်သော ၀ိဉာဏ်ကြီး တစ်ခု မွေးကတည်းက ပါလာပြီး သေသည့်တိုင် ရှိနေသည်။ ထို ၀ိဉာဏ်ကြီးမှာ အရာရာကို ရှုမှတ်နေသော အရာဖြစ်၍ ၎င်းသည် အရာရာကို သိနေသည်ဟု အယူရှိခြင်း ဖြစ်ပါသည်။ ဤ အယူအဆသည် အမြဲရှိသော အတ္တပညတ် ရှိသည်ဆိုသော အယူဝါဒကို ဖြစ်ပေါ်စေခဲ့၏။ ထို အတ္တ၀ါဒသည် သိခြင်း၏ စီးဆင်းနေသော အလျဉ်ကို မှီအောင် သိနိုင်သော ငြိမ်သက်သော စိတ်မျိုးကို ဖြစ်ပေါ်အောင် လုပ်မထားသော သူတို့မှာ ဖြစ်ပေါ်လာတတ် ပါသည်။ ဖြစ်ပျက်နေသော အခြင်းအရာ အားလုံးကို ရှုမှတ်နေသော စိတ်သည် တစ်ခုတည်း မဟုတ်ပါ။ စိတ်သည် ခဏတိုင်း ခဏတိုင်းမှာ အသစ်အသစ် ဖန်တီး ဖြစ်ပေါ်လာပြီး ခဏတိုင်း ခဏတိုင်း မှာပင် ပျက်စီး ချုပ်ဆုံးသွား ပါသည်။ ကြားသိစိတ် (သောတ ၀ိဉာဏ်) သည် မြင်သိစိတ် (စက္ခု ၀ိဉာဏ်) နှင့် ကွဲပြား ခြားနားပါသည်။ ကြံသိစိတ် သည်လည်း အခြားစိတ်များနှင့် မတူဘဲ ကွဲပြား ခြားနားပါသည်။ နံသိစိတ် သည်လည်း စားသိစိတ် ထိသိစိတ်တို့နှင့် မတူ ကွဲပြား ခြားနားပါသည်။ ပေါ်လာပြီးနောက် တစ်ပြိုင်နက် ချက်ချင်း ချုပ်ဆုံးသွားသော စိတ္တ လက္ခဏာတို့သည် အမျိုးမျိုး ဖြစ်လျက် ရှိ၏။ စိတ်သည် တိတ်ဆိတ် ငြိမ်သက် သွားသောအခါ ဤစိတ်၏ ဖြစ်ပျက်အစဉ် စိတ် အလျဉ်ကို ကောင်းစွာ ရှုမှတ် နိုင်ပါတော့သည်။ သိမှုအစဉ်၏ အလျဉ်နှင့် တကွ ထိုစိတ် အစဉ်၏ မမြဲခြင်း အနိစ္စ လက္ခဏာကို ၀ိပဿနာဉာဏ် ပေါက်သွားသော အခါ သိမှု အစဉ်အပြင် တခြား တစ်ပါးသော သိသူ ပုဂ္ဂိုလ်ဟူ၍ မရှိသည်ကို သိမြင် နားလည်သွား ပါသည်။
ရှုမှတ်မှုအပြင် ရှုမှတ်နေသူ ပုဂ္ဂိုလ် တစ်စုံ တစ်ယောက်လည်း မရှိကြောင်း၊ အမှန်တကယ် ရှိနေသည် မှာကား ခဏတိုင်းဝယ် ဖြစ်ချုပ်လျက် ရှိသော စိတ္တ လက္ခဏာတို့၏ အစဉ်အလျဉ်သာ ရှိကြောင်းကိုလည်း သိပြီ။ အတ္တ ငါဆိုသော သဘောသည် မရှိသည်ကို အရှိထင်နေသော အမြင်မှားမှု အထင်မှားမှု ၀ိပလ္လာ တရား တစ်ခုသာ ဖြစ်ကြောင်းလည်း ပေါ်လွင် ထင်ရှားသွား ပါတော့သည်။
*ပညတ်နှင့် ပရမတ်- ဂိုလ်းစတိန်း (အပိုင်း-၁)*
*ပညတ်နှင့် ပရမတ်- ဂိုးလ်စတိန်း (အပိုင်း-၂)*
*ပညတ်နှင့် ပရမတ်- ဂိုးလ်စတိန်း (အပိုင်း-၃)*
*ပညတ်နှင့် ပရမတ်- ဂိုးလ်စတိန်း (အပိုင်း-၄)*
ဆက်ပါဦးမည်။
ဆရာဦး ဆန်းလွင်နှင့် ဆရာ ဦးဟန်ဌေးတို့ ဘာသာ ပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာမှ...
လေးစားရိုသေစွာဖြင့်
ဖိုးသား
4/22/2010, THUR: 6:33:53 PM

April 22, 2010 at 1:02 PM
ပညတ်နှင့်ပရမတ် ဆောင်းပါးကိုဖတ်ရသည့်အတွက် ထေရ၀ါဒဗုဒ္ဓဘာသာနှင့်တရားပြမည့်ဆရာတော်မရှိတဲ့ နိုင်ငံမှာတရားအားထုတ်သောသူများအဖို့ ၀ိပသနာ တရားအားထုတ်ရာတွင် များစွာအထောက်အကူဖြစ်စေ ပါတယ်ဖိုးသားရေ ။ ကျေးဇူးအများကြီးတင်ပါတယ်။ ကျန်တဲ့အပိုင်းများကို စောင့်မျှော်ဖတ်ရှုနေပါမယ်။
ZKK