20 Jun 10, 12:27 PM
ဖိုးသား
ဘုန်းဘုန်း မင်္ဂလာပါ။ တပည့်တော် ကောင်းကောင်း သဘောမပေါက်တာလေး မေးလျှောက်ပါရစေ ဘုရား..။ အရှိကို အရှိအတိုင်း စိတ်ကျက်စားနေတဲ့ အချိန် ကာလသုံးပါး လွတ်နေတယ်လို့ ကြားနာဖူးပါတယ် ဘုန်းဘုန်း..။ အတိတ်ကာလနဲ့ အနာဂတ်ကာလ လွတ်နေတယ်ဆိုတဲ့ သဘောကို နည်းနည်း သဘောပေါက်သလို ရှိပေမယ့် ပစ္စုပ္ပန်ကာလပါ လွတ်တယ် ဆိုတာကို ခေါင်းရှုပ်နေတယ် ဘုရား။ မရှင်းလို့ တရားပြန်နာရင် ရှင်းသလိုလို ရှိသွားပေမယ့် ပြန်ရှုပ်သွားပြန်တယ် ဘုရား..။ ဘုန်းဘုန်း အနေနဲ့ နားလည် သဘောပေါက်သလောက် တပည့်တော်ကို ရှင်းပြပေးပါဦး ဘုရား..။ ဘုန်းဘုန်း ကျန်းမာပါစေ။
ရိုရိုသေသေ ဦးတင်လျက်..
ဖိုးသား။
21 Jun 10, 03:36 PM
မနာပဒါယီ>>> ဖိုးသား
ဖိုးသားရေ... ဒကာလေးပြောသလို အရှိကို အရှိအတိုင်း စိတ်အစဉ် ကျက်စားနေတဲ့ အခိုက်မှာ အတိတ်ကာလလည်း မဟုတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလလည်း မဟုတ်ဘဲ ကာလက လွတ်နေတယ် ဆိုတဲ့သဘောက စိတ္တာနုပဿနာကို သတိမပြတ် မလွတ်တမ်း ရှုမှတ်နေတဲ့ ယောဂီဟာ စိတ်အစဉ် အားလုံးကို တစ်ခုပြီးတစ်ခု မလွတ်တမ်း သိနေတဲ့ သဘော ရှိတဲ့အတွက် တသမှတ်တည်း မရှိဘဲ ကာလ၀ိမုတ္တိ ဖြစ်နေတဲ့ သဘော ဖြစ်နိုင်ပါတယ်။ သိတဲ့အတိုင်း စိတ်ဆိုတာကလည်း အဖြစ်မြန် အပျက်မြန်တဲ့ သဘောရှိတဲ့အတွက် တစ်ခါတည်း ထိန်းချုပ်ထားလို့ ရတဲ့အရာ မဟုတ်ပါဘူး။ ဒါကြောင့် စိတ်အစဉ်ကို အရှိအတိုင်း လိုက်သိနေတဲ့ ဆိုတာကလည်း ရှေ့စိတ်ကို နောက်စိတ်က လိုက်လိုက်ပြီး သိနေတာကိုပဲ ဆိုလိုတာ ဖြစ်ပါတယ်။
စိတ်တစ်ခုနဲ့ တစ်ခုကြား ပြောင်းလဲမှုက အရမ်း မြန်လွန်းလှတဲ့ အတွက် ရှေ့စိတ်ကို သိလိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီစိတ်ပျောက်ပြီး နောက်သိစိတ် ပေါ်လာတာ ဖြစ်ပါတယ်။ အဲဒီ နောက်သိစိတ်ကိုလည်း နောက်နောက် စိတ်တွေက ဆက်ကာဆက်ကာ ဖြစ်ဖြစ်နေ၊ အဲဒီလို ဖြစ်ဖြစ်နေတာကို လိုက်လိုက် သိနေတာ ဖြစ်တဲ့အတွက် စိတ်အစဉ်ကို တစ်ခုပြီး တစ်ခု သတိမပြတ် လိုက်သိနေတဲ့ ယောဂီပုဂ္ဂိုလ် အတွက် ကာလဆိုတာ ရှိတယ်လို့ မထင်ရလောက်အောင် လွတ်နေတဲ့ သဘောရှိပါတယ်။ ဆိုကြပါစို့။ ကိုယ့်စိတ်မှာ ရာဂဖြစ်တဲ့အခါ အဲဒီရာဂစိတ် ဖြစ်တာကို သိတာနဲ့ ရာဂစိတ်က ပျောက်သွားပြီး သိစိတ်က ရောက်သွားတဲ့အထိ စိတ်အစဉ် အဖြစ်မြန်သလို အဲဒီသိစိတ်ကိုလည်း နောက်စိတ်တစ်ခုက အရှိအတိုင်း သိသိသွားနေတဲ့ သဘောရှိလို့ ဒီလို စိတ်အစဉ်ကို တစ်ခုပြီးတစ်ခု လိုက်လိုက် သိနေမှုမှာ အတိတ်လား၊ ပစ္စုပ္ပန်လား၊ အနာဂတ်လားလို့ ပြောရခက်လောက်အောင် ဖြစ်နေတဲ့အတွက် ကာလက လွတ်နေတယ်လို့ ဆိုခြင်း ဖြစ်နိုင်ပါတယ်။
လေးစားရိုသေစွာဖြင့်
ဖိုးသား
6/25/2010, THUR:, 11:46:55 AM

0 comments