Latest News

*အမြတ်များများ ကျန်ချင်သလား*

ဒီနေ့ သူငယ်ချင်းတစ်ယောက် အလုပ်မှာ အဆင်မပြေလို့တဲ့ဗျာ.. လုပ်ဖော်ကိုင်ဖက် တစ်ယောက် နေမကောင်းလို့ သတင်း သွားမေးတာကို သူ့အောက်က အငယ် လုပ်ဖော် ကိုင်ဖက်တွေပါ ခေါ်သွားလို့တဲ့.. ဆိုတော့ကာ အပေါ်နဲ့ အဆင်မပြေဘူးပေါ့.. ဘာတွေ မှန်းတော့ မသိပါဘူး.. အဲဒါ စိတ်ညစ်နေတာနဲ့ ကျွန်တော့်ဆီ စာရေးပြီး စာရရင် စာပြန်ပါဦးဆိုလို့.. ကျွန်တော်လည်း စိတ်ကူးထဲ ပေါ်ရာ ရေးလိုက်မိတယ်.. ရေးလိုက်တဲ့ စာကို မူရင်းအတိုင်းပဲ ဖော်ပြလိုက်ပါတယ်.. အမြင်လေး တစ်ချက်လောက်တော့ ရကောင်းပါရဲ့..

***********************************

အေး သူငယ်ချင်းရေ..

ဒီလိုပါပဲ ဖြစ်တတ်ပါတယ်.. ရလာတဲ့ ဘ၀ကိုက ဒုက္ခတောထဲမှာဆိုတော့ စိတ်ညစ်ရတာ မဆန်းပါဘူး..

နင့်ကို ဆရာဦးဆန်းလွင် အကြောင်း ပြောပြဦးမယ်.. ဆရာက တစ်နေ့ သူ့သမီးငယ်နဲ့ အတူ စာကြည့်တိုက်ကို သွားတယ်တဲ့.. စာကြည့်တိုက်ထဲ ၀င်တော့ ဖိနပ်က ချွတ်ခဲ့ရတာပေါ့.. ဆရာကလည်း အဲဒီ့နေ့က စီးလာတဲ့ ဖိနပ်က အကောင်းကြီး ရှိသေးတယ်.. စစီးတာ မကြာသေးဘူး..

အဲ.. အဲလိုနဲ့ စာကြည့်တိုက်က ပြန်ထွက်တော့ ဖိနပ်က မရှိတော့ဘူး.. တစ်ယောက်ယောက်က ယူစီးသွားတာပေါ့ဟာ.. ပြောရရင်တော့ အခိုးခံရတာပေါ့.. အဲလို ဆရာ ဖိနပ်ပျောက်တာ ကိုလည်း မြင်ကော... ပါလာတဲ့ သမီးငယ်က ဘာပြောသလဲ ဆိုတော့..

"ဟ ဟ ဖေကြီး အရင်ဘ၀က သူများဖိနပ် ခိုးခဲ့လို့ ခု ဖေကြီးဖိနပ် ပျောက်သွားပြီ ဟဲ ဟဲ" တဲ့..

အဲတော့ဟာ ငါပြောချင်တာ နင် သဘောပေါက်မှာပါ.. လောကမှာ ကြုံတွေ့နေရသမျှဟာ ကိုယ်လုပ်ခဲ့တာ ကိုယ်ပြန် ခံစားနေကြတာလေ.. ကိုယ်စိုက်တဲ့ အသီး ကိုယ် ပြန်စားရတာပေါ့.. ကိုယ်က သရက်ပင်စိုက်ရင် သရက်သီးစားရမယ်.. ကိုယ်က လိမ္မော်ပင် စိုက်ရင်တော့ လိမ္မော်သီးပေါ့.. ဒါက ရှောင်လွှဲလို့ မရတဲ့ အရာတွေပဲလေ..

လူတော်တော်များများက ကောင်းတဲ့ လောကဓံကျတော့ ပျော်ရွှင် ကြည်နူးနိုင်ကြပြီး အဆိုး လောကဓံလည်း လာရော.. မခံစားနိုင်ကြတော့ ဘူးဟ.. အဲဒီမှာတင် ဟိုလူ့ အပြစ်တင်၊ ဒီလူ့ အပြစ်တင် ဖြစ်ကြကော..

ဆရာတော် တစ်ပါး ဆုံးမရာမှာ အမှန်က အဲလို မဖြစ်သင့်ဘူးတဲ့.. အကောင်းလောကဓံ လာလို့လည်း မာန တက်စရာ မလိုသလို၊ အဆိုး လောကဓံ လာရင်လည်း စိတ်ညစ်စရာ မလို ဘူးတဲ့.. ဘာလို့လည်း ဆိုတော့ မာနတက်တာတို့ စိတ်ညစ်တာတို့က အကုသိုလ် တရားတွေပဲ ဖြစ်လို့ သေသေချာချာ စဉ်းစားကြည့်ရင် ကိုယ့်အတွက် အရှုံးချည်းပဲတဲ့.. ဒီမှာတင် ဘယ်လို ဖြစ်ရမလဲဆိုတော့ ဆရာတော် ဆုံးမတာက..

အကောင်း လောကဓံ လာခဲ့ရင် "အော် ငါ.. အရင်က ကောင်းခဲ့လို့ ခုကောင်းနေတာပဲ.. အခု ဆက်ပြီး ကောင်းတာတွေ လုပ်ရင်တော့ နောင် ကောင်းမှာပဲ" လို့ နှလုံးသွင်း ဆင်ခြင် လုပ်ဆောင်ရမယ်.. အဆိုးလောကဓံနဲ့ တွေ့ရင်လည်း "ငါ အခု အဆိုး လောကဓံ ကြုံနေရတာဟာ အရင်က မကောင်းခဲ့လို့.. ဒါကို ဘေးချိတ်ပြီး အခုလက်ရှိမှာ ကောင်းတာတွေ လုပ်ဆောင်မယ် ဆိုရင်တော့ နောင်ကောင်းမှာပဲ" ဆိုပြီး ဆင်ခြင် နှလုံးသွင်းပါတဲ့.. ဒါဆိုရင်တော့ ကိုယ့်အတွက် မရှုံးတဲ့ အပြင် အမြတ်ကြီးပဲ ပေါ့ဟာ..

ငါ့သူငယ်ချင်းတစ်ယောက် အမြတ် ရိက္ခာထုတ်တွေ များများ ထုတ်နိုင်ပါစေ။

++++++++++++++++++++++

အကိုး.. ပိုင်းလော့ ဆရာတော်ဘုရား ဟောကြားတော်မူသော တရားတော်မှ

လေးစားစွာဖြင့်
ဖိုးသား
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. တရားတော်နဲ့အညီ နေထိုင်ကျင့်ကြံပြောဆိုနိုင်တဲ့သူတွေကို တကယ်ကိုလေးစားမိပါတယ်။
    သာယာချမ်းမြေ့ပါစေနော်
    မိုး

Leave a Reply