Latest News

*ဆန်ရေစီးကြောင်း၊ အားသစ်လောင်းစေ*

ဒီကနေ့ (ဒုတိယ ၀ါဆိုလဆန်း ၃-ရက်နေ့) ဟာ ကျွန်တော့် မွေးသမိခင်ရဲ့ ၆၅-နှစ်ပြည့် မွေးနေ့ အခါသမယပါ။ အင်္ဂလိပ်လို ဆိုရင်တော့ မနေ့က (ဇူလိုင်-၁၂) ၆၅-နှစ် ပြည့်ပါတယ်.. အမေ့မွေးနေ့မှာ ကျွန်တော်က တီလေးလို့ ခေါ်တဲ့ အန်တီ သစ္စာအလင်း (သစ္စာအလင်း http://www.thitsaralin.org/) ဆီကနေ မွေးနေ့လက်ဆောင် ကဗျာလေးကို လက်ခံ ရရှိလိုက်ပါတယ်.. ကဗျာ ခေါင်းစဉ်က…

ဆန်ရေစီးကြောင်း၊ အားသစ်လောင်းစေ...

အမေနဲ့သား
သားနဲ့အမေ
ကမ္ဘာမြေတစ်ခု
တစ်ခုသောကောင်းကင်
ပြာလွင်စိမ်းလန်း
စိတ်ငြိမ်းချမ်းစေ... အေးမြစေခဲ့။
အမေ့ဘဝ… သားဘဝပေါ့
အမေ့နောင်ရေး… သားနောင်ရေးပေါ့။
အမေ့ ဆန္ဒ… သားဆန္ဒပေါ့
ဘဝ နဲ့ ဆန္ဒ ထပ်တူကျအောင်
ပြည့်စုံအောင်လို့ အမေ ခေါ်ခဲ့ဘူးပါတယ်။

ငယ်သော်ကားသား
ကြီးသော် အား တဲ့
တည်မြဲတဲ့ ခွန်အား၊ နီရဲတဲ့ ခွန်အား
အကြင်နာ အင်အား၊ ရင်မှာ အင်အား
ဒေသနာ ဉာဏ်အား၊ စေတနာ ဉာဏ်အား
အားမျိုးစုံလင်၊ ပြည့်စုံချင်ကြောင်း သားဆုတောင်းခဲ့ပါတယ်...အမေ။

လစာထုတ်ရက်..
မနေ့ကထက် ခြေလှမ်းသွက်ပေါ့
အမေ့အတွက်လေ..
မြေပဲယို တစ်ထုပ်.. လက်ထဲဆုပ်ထား
တရားစာအုပ်နဲ့ စီဒီ...သားဝယ်ခဲ့ပြီအမေ..။
ပန်းဆိုးတန်းဆိပ်ကမ်း
ဖြတ်သန်းသွားမယ့်ရေစီးကြောင်းဟာ
ပြောင်းပြန်ဖြစ်နေသတဲ့..
လှိုင်မြစ်ရဲ့ ရယ်မောသံ..
သားနာခံရင်းကြည်နူးခြင်းတွေဟာ..
ပန်းခင်းလမ်းတမျှ.. ဒလ မှ ကွမ်းခြံကုန်း
ဖုံးလွှမ်းနိုင်ခဲ့.. အိမ်ပြန်ရက်တွေ
သားသတိရနေမိတယ် အမေ..။

အိမ်ပြန်ရောက်ချိန်..နေညိုချိန်မှာ..
ဖန်မီးအိမ်လေး၊ မှေးမှိန်ဖျော့တော့
ဘယ်တော့မှ မလျော့တဲ့အလင်း..
ထာဝရထွန်းလင်းနေမှာ အသေအချာပေါ့။
မေတ္တာ လှိုင်းများ ရိုက်ပုတ်သွားတာ
ခံစားသိရှိနေတယ်အမေ..။

အမေရေ
ရေခြား၊ မြေခြား ၊ဒေသခြား၊ လူမျိုးခြား..နိုင်ငံခြားတဲ့
(ခြား)ပေါင်းစုံက သားကို ပိုင်းခြား၊ မစေစားနိုင်.။
သားကိုပြောင်းလွဲ ၊ မယိုင်လဲနိုင်။
သားကိုအားလျော့၊ မဖျော့တော့နိုင်။
ဒီတစ်ခါ အိမ်အပြန်မှာ
အမှန်ကန်ဆုံး
အမြင့်မားဆုံး
အပြည့်စုံဆုံး
အဆုံးအစွန်.. အမွန်အမြတ်ဆုံးဓမ္မ
မြတ်ဗုဒ္ဓရဲ့ တရားစစ်အမွေ.. မျှဝေ ညွှတ်နူး
ကျေးဇူးဆပ်ဖို့..
သားပြန်လာခဲ့ပါမယ်အမေ..။

အရွယ်နှင့်မမျှအောင် လောကတာဝန်၊ ဘဝတာဝန်၊ ဓမ္မတာဝန် ပြည့်စုံအောင် အားထုတ်နေတဲ့ ကိုဖိုးသား ခေါ် ပြည့်စုံအောင် (အဖြူရောင်မေတ္တာ) နှင့် မိခင် ဒေါ်မြင့်အုန်းတို့ရဲ့ ချစ်ခြင်းမေတ္တာကို ချီးကျူး ဂုဏ်တင်ရင်း ဒီကနေ့မှာ ကျရောက်တဲ့ မိခင် ဒေါ်မြင့်အုန်းရဲ့ ၆၅-နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် ဒီကဗျာကို ရေးဖွဲ့ပါတယ်။

သားကို ချစ်ခင်လေးစားတဲ့
တီလေး (သစ္စာအလင်း)
၁၃. ၇.၂၀၁၀

****************************

အမေရေ.. သားလေ အဝေးရောက်နေပေမယ့်.. တစ်ပတ်တစ်ခါ ဖုန်းပြောဖြစ်တိုင်း အမေ့ဆီက တရားသံတွေ ကြားနေရပြီဖြစ်လို့ သားစိတ်ထဲမှာ ကြည်နူးနေရပါပြီ.. အမေ့ ကျေးဇူးတွေကို ပုံဖော်ရင်း သား ဒီနေရာကပဲ ခြေစုံဦးတိုက် ဦးခိုက်လိုက်ပါတယ် အမေ..

လေးစားစွာဖြင့်
ဖိုးသား
Tags: ,

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. ဒကာလေးတို့ မိသားစုအားလုံး ကျန်းမာရွှင်လန်းစွာဖြင့်
    မျှော်မှန်းထားသမျှ ကောင်းမှုများကို ဆည်းပူးရယူနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

Leave a Reply