Latest News

ကျွန်တော်ကြိုက်သော သူ့စကားများ


ဆရာတော် ဦးကောသလ္လ ရဲ့တရားတော် တွေနဲ့ ကျွန်တော် စတင် ထိတွေ့ခွင့် ရခဲ့တာ ၂၀၀၇ နှစ်ဦးပိုင်း လောက်မှပါ။ တိတိ ကျကျ မမှတ်မိတော့ ပေမယ့် ဗိုလ်တစ်ထောင် ဘုရားပွဲမှာ စတင် ဆုံဆည်း ခဲ့တာပါ။တရား ခေါင်းစဉ်လေး ကိုတော့ ခုချိန်ထိ မှတ်မိနေပါ သေးတယ်။ *ဆူးကင်းသော နှင်းဆီပန်းများ* လို့အမည်ရတဲ့ တရားပါ။ နာဖြစ်သွားတဲ့ အခြေခံ အကြောင်းရင်း ကလည်း ဆရာတော်ရဲ့ ဥပဓိရုပ်ကို စတင် ကြည်ညို ရာက စခဲ့တာပါ။ နောက် အသံနေ အသံထား ကိုပါ ကြည်ညိုခွင့် ရလိုက် ပါတယ်။ အဲဒီတရားကို စတင် နားကြားခဲ့ ကတည်းက ဆရာတော်ရဲ့ တရားသိမ်းလေးကို အလွန် သဘောကျခဲ့ပါတယ်။ ဘယ်လောက်တောင် သဘောကျခဲ့ သလဲဆို အားတဲ့အချိန် တရားသိမ်း လေးပဲရွေးပြီး နာတဲ့အဆင့်အထိ ဖြစ်ခဲ့ပါတယ်။ အဲဒီအထဲမှာမှ မြတ်စွာ ဘုရားရှင်ရဲ့ ပရိနိဗ္ဗာန် စံဝင်ခါနီး သတ္တ၀ါတွေ အပေါ်မေတ္တာ ထားတာကို ဖော်ကျူးတဲ့ အခန်းကို ကျွန်တော်.. တော်တော်လေး နှစ်သက် ခဲ့လို့ အဲဒီ အခန်းရောက်တိုင်း ကျွန်တော် မျက်ရည်ဝဲ ခဲ့ရတာချည်းပါပဲ။ မြတ်စွာ ဘုရားရှင်ကို တအား ကြည်ညို လွန်းလို့ပါ။အဲဒီ တရား သိမ်းလေးကို ကြိုက်လွန်းလို့ အကြိမ်ကြိမ် နာဖြစ်ခဲ့တာ အလွတ် ရတဲ့အထိ ဖြစ်ခဲ့ ပါတယ်..။ကဲ.. ကျွန်တော် ကြိုက်တဲ့ အဲဒီ တရားသိမ်း လေးကို ဖတ်ရင်းနဲ့ ဆင်ခြင် ကြည့်လိုက်ရအောင် ..။ ဆရာတော် ကတော့ အသံနေ အသံထားနဲ့ ဟောတာဆိုတော့ ပိုပြီးတော့ နားထောင်လို့ ကောင်းပါတယ်။ ကျွန်တော် ကတော့ စာနဲ့ပူဇော်မှာ ဆိုတော့ အဲဒီလိုတော့ မကောင်း ဘူးပေါ့ဗျာ..။ဘာပဲ ပြောပြော သဘော လေးတော့ မိအောင် ယူလိုက် ကြပါလို့ တိုက်တွန်းပါရစေ…။

==အရှည်တွင် သံသရာ၊ အခြေ ကတော့..တဏှာ

==သံသရာကို တိုအောင်ဖြတ်၊ တဏှာကို သေအောင်သတ်

==တောင်တွင်လျှင် မြင့်မိုရ်၊ မြင်းတွင်လျှင် သတိုးဂုဏ်..ရှိရာဆိုခဲ့မည်

==မြင့်မိုရ်ကို ပုံပြုလို့ ကုသိုလ်ကို များအောင်စု ကောင်းမှုကို များအောင်ကြံ

==သတ္တ၀ါ ကောင်းမကောင်း အကြောင်းကံ.. ကသာ စီမံတော့သည်

==ကံသာလျှင် အမိ ကံသာလျှင် အဖဆိုတာကတော့ လောကစကား

==ဥာဏ်သာလျှင်.. အမိ ဥာဏ်သာလျှင် အဖဆိုတာ ကတော့..ဂေါတမ ဘုရားရှင်ရဲ့ တရား

==ဟောပြလို့ ထားခဲ့တာက

==*ဟန္ဒဒါနိ ဘိက္ခဝေ၊ အာမန္တရာမိဝေါ…၊ ၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ*။

==ဘိက္ခဝေ.. စစ်ပါးနပ်တဲ့ ချစ်သားမြတ်တို့

==ဟန္ဒာ.. သက်တော်ရှစ်ဆယ် ၀ါလေးဆယ့်ငါး မရပ်မနားဘဲ

==တရာရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော် မူခဲ့ရသဖြင့်

==ခန္ဓာတော် ရိနွမ်း၍ ငါကိုယ်တော် အရှင်မြတ် တကယ်ပင် ပင်ပန်းခဲ့ရ လေပြီ (တကယ်ကို ပင်ပန်း ပါတယ်.. ဒါကြောင့် ဘုန်းကြီးတို့လေ မနေ့ကလည်း မော်လမြိုင်၊ ဒီနေ့လည်း ပုသိမ် တရားနှစ်ပွဲ ဆက်ဟောတယ်၊ သက်သာခြင်း မရှိပါဘူးလေ.. ဒါပေမယ့်လည်း မြတ်စွာ ဘုရားရှင်ရဲ့ အမေ ဒေါ်တင်လှက ဟိုး ငယ်ငယ် ကတည်းက သင်ပေးခဲ့တဲ့ ဒီလင်္ကာလေးကို ရွတ်ဆိုလိုက်ရလို့ ဘုရား ကျေှးဇူးနဲ့ မိဘကျေးဇူးကို တပြိုင်နက်တည်း ဆပ်တယ်လို့ ယူဆ လိုက်တာ ဖြစ်ခြင်းကြောင့် နွမ်းသမျှတွေ မောသမျှတွေ ပြေခဲ့ရပါတယ်..)

==ဒါနီ.. ဒါနီ ယခုအခါ ကာလ၌(၀ါ)

==ကုသိနာရုံ ပင်မျိုးစုံသည့် ရဂုံသာမော အင်ကြင်းတောဝယ် မြောက်သို့ ဦးခေါင်းပြုကာ

==ထေရ်ပေါင်းခြံရံ.. နန်းနိဗ္ဗာန်သို့.. ၀င်ဆံမည့်ဆဲဆဲ ချိန်ခါထဲ၌

==သြော်… ရင်သွေးရတနာ သားသက်လျာဟု ကရုဏာသက်ထား သင်ချစ်သားတို့အား

==အာမန္တရာမိ ..သတိတရား၊ အသိ မမှားရအောင်လို့ ထင်ထင် ရှားရှားကြီး မိန့်ကြားတော် မူခဲ့ပါအံ့

==သင်္ခါရာ.. အစဉ်ထာဝရ ဘင်မှာကျပြန်တော့

==ခင်မင်စရာ တစ်စက်ကယ်မျှ မရှိပါတဲ့

==ဒီဓမ္မာရုံ အဘိသင်္ခါရ တရားတို့သည်

==၀ယဓမ္မာ... ပျက်စီးခြင်းသဘော ရှိကြပါပေကုန်၏

==၀ယဓမ္မာ… လှစ်ခနဲ လှစ်ခနဲ လှစ်ခနဲ လှစ်ခနဲနဲ့ အဖြစ်ကလည်း မစဲ.. အပျက်ကလည်း မစဲနိုင်တာမို့

==ထိတ်စရာတမျှ အ၀ိဇ္ဇာက စတာကြောင့်..

==ဟေ.. ယောဂီတို့ရေ.. စိတ်သာ ချကြပေတော့

==အနိစ္စ ၀တတို့ပါတကား၊ ဒုက္ခ၀တ တို့ပါတကား… အနတ္တ.. ၀တတို့ပါတကား

==အပ္ပမာဒေန.. မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရား တို့ဖြင့်..

==သမ္ပာဒေထ.. ကိုယ်စီကိုယ်ငှ ပြည့်စုံကြပါ ကုန်လော့

==သမ္ပာဒေထ.. မြင်ရာမှာလည်းမမေ့နဲ့၊ ကြားရာမှာလည်း မမေ့နဲ့၊ စားရာမှာလည်း မမေ့နဲ့၊ သွားရာမှာလည်း မမေ့နဲ့၊ နံရာမှာ လည်းမမေ့နဲ့..

==ထိရာ တွေ့ရာ သိရာတို့မှာလည်း မမေ့လိုက်ကြပါနဲ့

==မေ့တတ်တဲ့ ၀ါသနာတွေကို.. မေ့တတ်တဲ့ ၀ါသနာတွေကို...>>

==တစ်နေ့မကြာ.. မကြာ သတိသွင်းကြ လေကုန်လော့

==သြော်.. ဒီကနေ့ တရားတော်နာ ကြွရောက် လာကြကုန်သော.. တရားနာပရိသတ်အပေါင်း သင် သူတော်ကောင်းတို့သည်

==အပ္ပမာဒခေါ် သူတော်ကောင်း တရားတို့ကို ကျင့်ကြံနိုင်ကြပါစေ ကုန်ရာသတည်း…။

(သာဓု၊ သာဓု၊ သာဓုပါ အရှင်ဘုရား)

စာဖတ်သူလည်း မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် အချိန်တိုင်း ပြည့်စုံနိုင်ပါစေ။ တော်ကြာ ဖတ်နေတုန်းတော့ သတိရတာပဲ၊ အိမ်လည်း ပြန်ရောက်ရော မေ့ရောလို့ လုပ်မှာ စိုးလို့ သတိ ပေးရတာပါ။ ဘုရားရှင်ရဲ့ နောက်ဆုံး စကား.. ဘယ်လောက် အရေးပါသလဲ… မသိ တုန်းကတော့ ထားလိုက်ပေါ့ဗျာ၊ ခုသိသွားပြီလေ။ အဲဒီတော့ကာ သိသိကြီးနဲ့တော့ မမိုက်စေချင်ပါဘူး ကိုယ့်လူတို့ရေ..။

လေးစားစွာဖြင့်

ပြည့်စုံအောင်

14.11.2008, FRI:, 08:22 pm

pyaesoneaung2007@gmail.com

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply