Latest News

ဆုံးမစကား မှတ်သားစေချင်

မင်္ဂလာပါညီလေး..
အကို ပုံမှန် အားထုတ်ဖြစ်တဲ့ အချိန်ကတော့ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပါတယ်။ အကို နေတဲ့နေရာရဲ့ ဆိတ်ငြိမ်တဲ့ အချိန်ကို ရွေးပြီး တရားထိုင် ပါတယ်။ တရားထိုင် တယ်ဆိုတော့ ပိုပြီး သမာဓိ အားကောင်း ပြီးတော့ ပညာအလင်း ထင်ရှားတာပေါ့။ အကိုက ဒီမှာဆို မနက်မှာ တရားထိုင် ဖြစ်ပါတယ်။ တရားထိုင် ပြီးတော့... လုပ်စရာရှိတာ လုပ်တာပေါ့၊ လုပ်စရာရှိတာ လုပ်တဲ့ အခါမှာလည်း သတိကို အသိနဲ့ တွန်းပို့ပြီးတော့ ပေါ်လာတဲ့ စိတ်ကလေး တွေရဲ့ ဖြစ်မှုပျက်မှုကို စောင့်ကြည့် ဆင်ခြင်မှုလည်း အဓိကထားပြီး နှလုံးသွင်း ဖြစ်ပါတယ်။ ဝိပဿနာ ဘာဝနာကံ အားကောင်း လာအောင်၊ ဉာဏ် ရင့်သန်လာအောင်ပေါ့။ ပြီးတော့ အိပ်တယ်ဆိုတာ သေတာပဲ၊ အိပ်ခါနီးဆိုတာ သေခါနီးပဲ၊ ဒီတော့ အိပ်ခါနီး ပေါ်တဲ့စိတ်ရဲ့ ပျက်သွားတဲ့ သဘောကို နှလုံးသွင်းဖြစ်ပါတယ်။ စိတ်ရဲ့ ဖြစ်မှု ပျက်မှုက အနိစ္စ၊ ရှုမြင်တာက မဂ္ဂ ဆိုတော့ မဂ်စိတ်နဲ့ အေးချမ်းစွာ အိပ်မော ကျသွားတာပေါ့။ နိုးလာ တော့လည်း မထချင်တဲ့စိတ်က ပေါ်ပြီး ပျက်သွားရတာ၊ ထတော့မယ်လို့ ပေါ်တဲ့စိတ်က ပျက်သွားရတာကို နှလုံးသွင်းမိပါတယ်။ အစတော့ မရဘူးပေါ့၊ သတိ အားကောင်းလာတော့ သတိအကူနဲ့ ပညာအလင်း ဖြစ်ခွင့်ရတာပေါ့။ ဒီတော့ အပေါ်က ပြောသွားတာသည် ဖြစ်နေတဲ့ အခြေအနေနဲ့ လုပ်နေရတဲ့ အနေထားလေးပါ။


စကား အဆုံးသတ်အနေနဲ့ မှာချင်တာကတော့-
အိမ်ကို ခန်းနားခိုင်ခံအောင် အသုံးပြုဖို့ ဆောက်ပြီးတော့ အဲဒီအိမ်မှာ မနေဘဲ လေလွင့်နေရင် အသုံးချသင့်တာကို အသုံးမချတတ်တဲ့ အသုံးမကျတဲ့သူ ဖြစ်သွားတယ်။

ရှုးဖိနပ်ကို ပြောင်နေအောင် တိုက်ချွတ်ပြီး မစီးဘဲ အလှထိုင်ကြည့်နေရင် အသုံးချသင့်တဲ့ အရာကို အသုံးမချတတ်တဲ့ အသုံးမကျတဲ့သူ ဖြစ်သွားတယ်။

အဲဒီလိုသဘောအားဖြင့် ခန္ဓာကို အစာ အာဟာရတွေ၊ ဆေးဝါးတို့၊ အဝတ်အစားတို့ဖြင့် ပြုပြင် မွမ်းမံပြီးတော့ ဝိပဿနာရှုဖို့ အရှုခံအဖြစ် အသုံးချသင့်တဲ့ အရာကို အသုံးမချရင်တော့ဖြင့် အသုံးမကျတဲ့သူ ဖြစ်သွားမယ်။

မဂ္ဂင် လှေထိုးသားလေးက ဒီခန္ဓာလှေကို အသုံးချပြီး နိဗ္ဗာန်ဆိုတဲ့ ကမ်းကို ဆိုက်ရောက်အောင် လှော်ခတ်ရမှာ ဖြစ်ပါတယ်။

ဒီခန္ဓာလှေကို မပေါက် မပြဲအောင် ဆေးဝါး၊ အစာ အာဟာရတွေနဲ့ သင့်တင့်ရုံမျှသာ ဖာထီးပြုပြင် မွမ်းမံပြီးတော့ ခန္ဓာက ပြတဲ့ အနိစ္စတရား၊ ဒုက္ခတရား၊ အနတ္တတရား၊ ဒုက္ခသစ္စာ တရားကို သတိထား၊ ဝီရိယစိုက်၊ ဉာဏ်ပညာနားနဲ့ နာယူပြီး သကာလ ဒုက္ခအဆုံးကို မျက်မှောက် ပြုနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

ဒါမှ အသုံးချသင့် တာကို အသုံးချတတ်တဲ့ အသုံးကျတဲ့သူ ဖြစ်သွားမှာပေါ့။ တစ်နည်း အရည်အချင်း ရှိတဲ့သူ၊ နောက်တစ်နည်း လူလိမ္မာပေါ့။

ဒီတော့ လူလိမ္မာတို့ လုပ်တဲ့အလုပ်ကို လုပ်ပါ၊ လူလိမ္မာတို့ လုပ်တဲ့အလုပ်ကို လုပ်ရင် လူလိမ္မာတို့ တွေ့ကြုံရတဲ့ အကျိုးကို ရရှိမှာဖြစ်ပါတယ်။
အကို ပြောတဲ့အထဲက ရတဲ့ အသိတရား မီးခြစ်နဲ့ ညီလေးရဲ့ သတိ ဖယောင်းတိုင်ကို ထွန်းညှိလိုက်ရင်ဖြင့် ပညာအလင်း ဖြစ်လာတော့မယ်။ ဒီပညာအလင်း ဖြစ်လာရင် ကိုယ်ပိုင် အသိတရား မီးခြစ်ရသွားတာပဲ။ ဒီမီးခြစ်ရသွားရင် သတိ ဖယောင်းတိုင်ကို မကြာမကြာ၊ အဖန်ဖန်အခါခါ ထွန်းညှိပြီးတော့ ပညာအလင်း ဖြစ်အောင် ကြိုးစားပါလို့ အကိုက လေးစားစွာဖြင့် အလေးအနက်ထားပြီး တိုက်တွန်း နှိုးဆော်ပါရစေ..
လေးစားစွာဖြင့်
ဝင်းမြင့်

ရောင်းရင်း နောင်တော် ညီငယ် အပေါင်းတို့လည်း အဆုံးအမ ကြိုက်သူတွေ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်...။ဒီစာကတော့ ကျွန်တော့်ကို ဆရာလိုတစ်မျိုး၊ အစ်ကိုလိုတစ်နည်း၊ မိတ်ဆွေလိုတစ်ဖုံ နည်းစုံအောင် ဆုံးမသွန်သင်ပေးတဲ့ ကိုဝင်းမြင့်က ကျွန်တော့်ဆီကို ရေးသား ဆုံးမထားတာပါ...။

လေးစားစွာဖြင့်
ပြည့်စုံအောင်

14.11.2008, FRI, 05:44 pm
pyaesoneaung2007@gmail.com
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply