---အမ.. ဒီစာအုပ်လေးယူမယ်..
---အေးမောင်လေး ခုနစ်ရာပါ..
…ဘာစာအုပ်လို့ထင်ပါသလဲ မိတ်ဆွေ။ .. ဘယ်သိမလဲဗျ.. နော.. ကျွန်တော်မှ ဘာမှမပြောရသေးတာ။
ဒါကတော့ တစ်ပတ်တစ်ခါ ကွမ်းခြံကုန်းက အမေ့ဆီမပြန်ခင် ၂၉-လမ်းထိပ်က စာအုပ်ဆိုင်မှာ ကျွန်တော် လုပ်နေကျ၊ ၀ယ်နေကျ လုပ်ငန်းစဉ်တစ်ခုပါ။ ဘာတွေ ၀ယ်သလဲဆိုတော့ ဆရာတော်တွေရေးတဲ့ တ ရားစာအုပ်တွေ။ အဲဒီအချိန်က အဓိက ၀ယ်ဖြစ်တာကတော့ ဆရာတော် အရှင်ဆန္ဒာဓိကနဲ့ ရဝေနွယ်တို့ရေးတဲ့ စာအုပ်တွေပါ။
…ဘာလုပ်ဖို့ ၀ယ်တာလဲလို့ မေးချင်နေပြီလား မိတ်ဆွေ.. မိတ်ဆွေမမေးချင်လည်း ကျွန်တော်ကတော့
ဖြေရမှာပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်က တအားပြောချင်နေတာကိုး။ တခြားမဟုတ်ပါဘူး။ ကျွန်တော့်လောက်တရားအသိ မသိရှာတဲ့ ကျွန်တော့်ရဲ့ မွေးသမိခင် ကျေးဇူးရှင် အတွက်ပါ။ ကျွန်တော် အ
လုပ်အားတဲ့ စနေနဲ့ တနင်္ဂနွေ နှစ်ရက် အိမ်ပြန်တိုင်း အဲဒီလိုမျိုး စာအုပ်လေးတွေ ၀ယ်ပြီး ကျွန်တော့်
အမေကို ဖတ်ပြနေကျပါ။ အမေ တရားအသိတွေ တိုးပွားပါစေ ဆိုပြီးတော့ပေါ့။
ဒီလိုမျိုးတရားနဲ့ကျေး ဇူးဆပ်နည်းကိုလည်း ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ စာအုပ်တစ်အုပ်ကနေ ကျွန်တော်သိခဲ့တာပါ။ တရားမသိသေးတဲ့ မိဘတရားသိအောင်၊ သီလမရှိသေးတဲ့ မိဘသီလရှိအောင်၊ ကုသိုလ်ကောင်းမှု မလုပ်တဲ့မိဘ ကုသိုလ်ကောင်းမှုလုပ်အောင်.. ဒီလိုမျိုးလေးတွေ ကိုယ့်မိဘအပေါ် လုပ်ပေးနိုင်ရင် သားသမီး တစ်ယောက်အနေနဲ့ ကျေးဇူးအကျေဆပ်ရာ ရောက်တယ်လို့ ဆိုထားတာကိုးဗျ။
အရင်ကတော့အမေဒီစာအုပ်လေးတွေ အမေအားရင် ဖတ်နော်လို့ ပြောပြီး ၀ယ်ပေးဘူးပါတယ်။ ဒါပေမယ့်လည်း ကျွန်တော့်အမေက အသက်က စကားပြောလာတော့ မျက်စိကမှုန်ပြီလေ။ ကောင်းကောင်း မဖတ်နိုင်တော့ဘူး။ နောက်တော့လည်း အော်..ငါဖတ်ပြမှပဲ ငါ့အမေ တရားသိနိုင်မှာပါလား ဆိုပြီး အားတဲ့အချိန်၊ အမေစိတ်ပါဝင်စားနိုင်မယ့် အချိန်လေးတွေရွေးပြီး ဖတ်ပြရတော့တယ်။ ဖတ်ပြနေတဲ့ အချိန်မှာလည်းအော်..ငါသည် ငါ့အမေကို တရားနဲ့ ကျေးဇူးဆပ်နေတာပါလားဆိုပြီး ကိုယ့်ကိုယ်ကို ပီတိဖြစ်ရပါတယ်။
…အဲဒီအချိန်မှာ ကျွန်တော် နောက်ထပ် စဉ်းစားမိတာ တစ်ခုရှိသေးတယ်ခင်ဗျ။ DVD စက်လေးတစ်လုံး
ဝယ်ပြီး တရားခွေလေးတွေဖွင့် အမေ့ကို ကျွန်တော်မရှိတဲ့ formal ရက်တွေမှာ တရားနာခိုင်းမယ်ပေါ့။
ဒါပေမယ့်လည်း ကျွန်တော့်မှာ ငွေကြေး အခက်အခဲကြောင့် ဖြစ်မြောက်အောင် မလုပ်ပေးနိုင်ခဲ့ပါဘူး။ ကျွန်တော်ရတဲ့လခက အမေ့ကိုတ၀က်ထောက်ပံ့၊ ကျွန်တော်က တ၀က်သုံးဆိုတော့ ပိုပိုလျှံလျှံ သိပ်မ
ရှိဘူးလေ။ နောက်ပြီး အဲဒီအချိန်တုန်းက ကျွန်တော်တို့မြို့မှာ မီးကသိပ်မှန်၊ မီးလာပြန်တော့လည်း ကျွန်တော်ကို့အိမ်မှာက မီးအားမြှင့်စက်မရှိတော့ ဘေးအိမ်တွေက ဆွဲတာနဲ့ပဲ မီးအားကကုန်ရော။ ၀ယ်မယ်ဆိုရင်တောင်မှ နောက်ဆက်တွဲ ထပ်ဝယ်ရမယ့်ပြဿနာတွေက အများကြီးလေ။
…ဒါနဲ့ နောက်တစ်မျိုး ကျွန်တော်ကြံပြန်တယ်။ MP-3 လေးတစ်လုံးလောက် ၀ယ်ပြီး တရားနာခိုင်းရင်
ကောင်းမလားပေါ့။ အဲဒီအချိန်တုန်းက့ MP-3, 1-G တစ်လုံးကို သုံးသောင်းကျော်ရှိတယ်။ ကျွန်တော်
စဉ်းစားကြည့်တယ်။ ငါသုံးလလောက် စုလိုက်ရင်တော့ ရနိုင်ကောင်းပါရဲ့လို့။ ဒီလိုနဲ့ ကျွန်တော်ဝယ်
ဖြစ်သွားသလို အမေလည်း နေ့စဉ်ရက်ဆက်ဆိုသလို တရားနာခွင့်ရသွားတယ် ဆိုပါတော့ဗျာ။
…နောက်တစ်ချက် ကျွန်တော် ဘာလုပ်သေးသလဲ ဆိုတော့ အိမ်ပြန်ရင် ပန်းဆိုးတန်း ဆိပ်ကမ်းကနေ
အမေ့အတွက် စားစရာတစ်ခုမဟုတ် တစ်ခုဝယ်သွားပေးတယ်။ အဓိက ၀ယ်ဖြစ်တာကတော့ အမေ အရမ်းကြိုက်တဲ့ မြေပဲယိုပါပဲ။ ဒါပေမယ့် မိုးတွင်းဆိုရင်တော့ မြေပဲယိုက နည်းနည်း ရှာရခက်တယ်ခင်ဗျ။ ရေငွေ့များတဲ့ ရာသီဆိုတော့ ရောင်းတဲ့သူတွေက မြေပဲယိုကို သိပ်မလုပ်ရောင်းကြ တော့ဘူးလေ။ အဲဒီတော့လည်း နောက်တစ်မျိုး ပြောင်းဝယ်ရတာပေါ့ဗျာ။ ၀ယ်ရုံတင်ပဲလား ဆိုတော့ မဟုတ်သေးဘူး။ အိမ်ရောက်ရင် အမေ.. သားဒါကိုတော့ အမေ ဆွမ်တော်တင်ဖို့ ဖယ်ထားတယ်၊ ဒါကတော့ မနက် ဆွမ်းခံကြွမယ့် ဦးဇင်းလေးကိုလောင်းဖို့၊ ဒါကတော့ အမေစားဖို့ဆိုပြီး ကျွန်တော်တတ်နိုင်သလောက်
လုပ်ပေးပါသေးတယ်။
အလှူအတန်း ရာသီတွေဆိုရင်လည်း အမေရေ..ဒါကတော့ အမေသုံးဖို့ သားလခပါ၊ ဒါကတော့ လှူဖို့တန်းဖို့ပါအမေဆိုပြီး လစာတစ်ဝက်အပြင် နောက်ထပ်ကျွန်တော် သုံးမယ့် အထဲက သပ်သပ်.. ထပ်ပေးပါသေးတယ်။ ကျွန်တော်တို့ လမ်းထဲက ဘုန်းကြီးကျောင်း သိမ်ဆောက် တုန်းကလည်း အမေ့ကို ကျွန်တော် တတ်နိုင်တဲ့ ငွေကြေးပမာဏပေးပြီး သွားလှူခိုင်းဘူးတယ်၊ ကျွန်တော်တို့မြို့မှာ ဗုဒ္ဓသာသနာ့ ကောလိပ်ဖွင့်တုန်းကလည်း လှူခိုင်းဘူးသေးတယ်။ အလှူနဲ့ပတ်သတ်ပြီး အမေလုပ်ဖြစ်အောင် ကျွန်တော် တော်တော်များများ လုပ်ပေးခဲ့ဘူးပါတယ်။ နောက်ပြီး ကျွန်တော်တစ်ခုခုလှူဒါန်းခဲ့လို့ ရှိရင်လည်း အမေရေ.. သားတော့ ဒီ့အတွက် ဒီလို လှူဒါန်းခဲ့တယ် အမေ၊ အဲဒီအတွက် အမေသာဓုခေါ်နော် ဆိုပြီးတော့လည်း ကျွန်တော်ပြုခဲ့တဲ့ လှူဒါန်းမှုတွေပြောပြပြီး အမျှဝေခဲ့ပါတယ်။
…ဒါပေမယ့်..ကျွန်တော်မလုပ်နိုင်တာ တစ်ခုရှိပါသေးတယ်။ နတ်ကိုးကွယ်မှုနဲ့ပတ်သတ်ပြီးတော့ပေါ့။
ဒါတွေက မကိုးကွယ်ထိုက်ဘူး အမေလို့ ကျွန်တော်က ရှင်းပြရင် အမေကဘာလုပ်တယ် မှတ်သလဲ။ ဟက်ဟက်ပက်ပက် ရယ်တာခင်ဗျ။ သားရယ်.. အမေတို့ အဘိုးအဘွား လက်ထက် ကတည်းက ကိုးကွယ်လာတာ၊ အမေတော့ မစွန့်နိုင်သေးဘူးတဲ့လေ။ အဲဒီတော့ ကျွန်တော်လည်း ဘာမှမတတ်နိုင်ဘူး။
နတ်ကိုးကွယ်မှုနဲ့ပတ်သတ်ပြီး ဆရာတော်တွေ ဟောတဲ့ တရားတွေဖွင့်ပြရင်လည်း.. သူတို့က ဘုန်းကြီးတွေဆိုတော့ ပြောမှာပေါ့တဲ့လေ။ အဲဒီအတွက်တော့ ကျွန်တော်ကြိုးစားရဦးမှာပါ။ ဆရာတော်
ဦးကောသလ္လ ဟောသလို အသက်လေးဆယ် ကျော်သွားလို့ ခိုင်များနေသလား မသိပါဘူးဗျာ။
…ဒါနဲ့ DVD စက်အကြောင်း ကျွန်တော်ဆက်ပြောရဦးမယ်။ ကျွန်တော် ၀ယ်ပေးဖြစ်သွားတယ် ခင်ဗျ။
ချေးငွေရတာနဲ့ ၀ယ်ဖြစ်သွားတာ၊ ကြွားတာ မဟုတ်ဘူးနော်.. ၀ူဖာ တောင် အဆစ်ပါလိုက် သေးတယ်။ အမေ့ရဲ့ ကုသိုလ်ကံနဲ့ ကျွန်တော့်ရဲ့ စိတ်ဆန္ဒ တိုက်ဆိုင်သွားလို့နဲ့ တူပါတယ်ဗျာ။ ဘာပြောကောင်း
မလဲ.. လျှပ်စစ်မီးကလည်း နာဂစ်ဖြစ်ပြီးမှ အားကောင်းသလား မမေးနဲ့။ မီးအားမြှင့်စက်တောင် မလိုတော့ဘူး။ ကျွန်တော်လည်း အဲဒီတော့မှပဲ နည်းနည်း နေသာထိုင်သာ ရှိသွားတော့တယ်။
…ကျွန်တော် စိတ်မကောင်းတာ တစ်ခုက အဖေ့ကိုတော့ ကောင်းကောင်း ကျေးဇူးမဆပ်ခဲ့ရဘူးဗျာ။ အဖေဆုံးတုန်းက ကျွန်တော်က ၁၆-နှစ်။ အခုလိုမျိုး ကျေးဇူးဆပ်ရကောင်းမှန်း အဖေရှိစဉ်က ကျွန်တော် တကယ့်ကို ဘာဆိုဘာမှ မသိခဲ့တာ။ အဖေ နေမကောင်းတုန်းက ပြုစုခဲ့တာ လောက်ပဲရှိတယ်။ အခုတော့လည်း အဖေ့အတွက် ကျွန်တော်လုပ်ပေးနိုင်တာက လှူမျှဝေ၍ ဆိုတဲ့ သားသမီးဝတ္တရား တစ်ခုပဲရှိတော့တယ်။ ကျွန်တော် ကုသိုလ်ကောင်းမှု လုပ်ပြီးတိုင်း အဖေ့အတွက် ရည်စူးပြီး အမျှ ပေးဝေတာလောက်နဲ့ပဲ ကျေနပ်နေရတော့တယ်ဗျာ။ ။
---အခုစာဖတ်သူဟာ ကျွန်တော့်ထက် အများကြီး မိဘကျေးဇူး ဆပ်နိုင်သူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒါပေမယ့်လည်း ဒီစာက ကျွန်တော့်လိုမျိုး မိဘကျေးဇူး မဆပ်နိုင်သေးသူများအတွက် ရည်ရွယ်ပြီး ရေး
သားလိုက်ရခြင်းပါ။ တဆက်တည်းမှာပဲ ဒီစာရေးတာ ကျွန်တော့်ကိုယ်ကျွန်တော် ကိုယ်ရည်သွေးလို စိတ် လုံးဝမရှိပါဘူးဆိုတာ ထပ်ဆင့်ပြောကြားပါရစေ။ အားလုံးပဲ မမေ့မလျော့ မပေါ့မဆ မြဲမြံသော
သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြပါစေလို့ ဆန္ဒပြုလျက်..
လေးစားစွာဖြင့်
ပြည့်စုံအောင်
10.11.2008, MON:, 06:50 pm
pyaesoneaung2007@gmail.com
0 comments