ရေချမ်းသစ်သီး၊ ပန်းဆီမီးကို
ခိုင်ဖြီးသဒ္ဓါ၊ လှူပြီးကာမျှ
ငါ့မှာကောင်းကျိုး၊ အလွန်တိုးဟု
ယုံကိုးစိတ်ထဲ၊ အရောင့်ရဲနှင့်။
မစဲညနေ့၊ ဘုရားရှေ့တွင်
ပျော်မွေ့မြတ်နိုး၊ မြဲရှိခိုး၍
ကောင်းကျိုးပွားစည်၊ ကြီးလှပြီဟု
ယုံကြည်အားရ၊ စိတ်မချနှင့်။
ဓာရဏနှင့်၊ ဓမ္မစကြာ
မေတ္တာပဋ္ဌာန်း၊ ရွတ်နိုင်စွမ်းကြောင့်
ရွှင်လန်းပီတိ၊ ဂွမ်းဆီထိကာ
ကြီးမည့်တေဇော်၊ မစောင့်မျှော်နှင့်။
ဂုဏ်တော်ပုတီး၊ သက်စေ့ပြီးအောင်
ဇွဲကြီးခိုင်မာ၊ ငြိမ်သက်စွာဖြင့်
သဒ္ဓါကြည်ယုံ၊ စိတ်ပြီးရုံဖြင့်
လုံလောက်လှပြီ၊ မရပ်တည်နှင့်။
ရေကြည်သစ်သီး၊ ဆီမီးလှူမျိုး
ရှိခိုးဝတ်ရွတ်၊ စေလွှတ်မေတ္တာ
တစ်ရာ့ရှစ်သီး၊ စိပ်ပုတီးကို
မငြီးဆင့်ကဲ၊ စိပ်မြဲစိပ်ပါ
မဖြတ်ပါနှင့်။
ဆက်ကာတစ်မျိုး၊ ရှေ့သို့တိုး၍
အကျိုးနိဗ္ဗာန်၊ မျှော်ရိုးမှန်က
ရုပ်နာမ်ခွဲခြား၊ ကျင့်တရားသာ
သံသရာဝဋ်၊ ထွက်လွတ်စေကြောင်း
လမ်းမှန်ကောင်းဟု၊ ညွတ်ပြောင်းစိတ်ထဲ
ယုံကြည်စွဲလျက်၊ အမြဲနေ့ည
ဝိပဿနာ၊ ဘာဝနာကို
ခိုင်မာဆန္ဒ၊ ကြိုးလုံ့လမှ
ဗုဒ္ဓခေတ်မြတ်၊ တွေ့ကျိုးနပ်မည်
ကြပ်ကြပ်သတိရှိပါစေ။ ။
မဟာသဒ္ဓမ္မဇောတိကဓဇ ဦးအောင်သိမ်း
(ဥက္ကဋ္ဌ၊ မင်္ဂလာဗျူဟာအသင်း)
မိတ်ဆွေတို့…နိဗ္ဗာန်အကျိုးမျှော်၍ ထပ်လောင်းနှိုးဆော်လိုက်ပါတယ်ခင်ဗျာ။ မမေ့မလျော့ မပေါ့မဆ
မြဲမြံသောသတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြပါစေ။
လေးစားစွာဖြင့်
ပြည့်စုံအောင်
11.11.2008, TUE:, 02:13 pm
pyaesoneaung2007@gmail.com
Latest News
0 comments