အမေ…စိတ်ရောကိုယ်ရော ကျန်းမာစေကြောင်း သားဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်အမေ။ သြော်…အမေလို့ခေါ်ရတဲ့အရသာဟာ ဘယ်အရသာနဲ့မှ အစားထိုးလို့မရပါလားအမေရယ်။ အမေ့ ကျေးဇူးတွေ တွေးကြည့်လိုက်တိုင်း သားကျေအောင်မဆပ်နိုင်သေးပါလားလို့ ခံစားရတယ်အမေ။ အမေက အသက်ကြီးမှ အိမ်ထောင်ကျခဲ့တယ်နော်။ ဒါပေမယ့်လည်း အမေသားကို အသက်နဲ့ရင်းပြီး
မွေးခဲ့ တယ်နော်အမေ။ ဗိုက်ခွဲပြီး သားသမီးကိုမွေးဖွားရတာ ဘယ်လောက်တောင်အသက် ဘေးနဲ့ နီးမှန်း သားသိပါတယ်အမေရယ်…။ ကိုယ့်သားသမီးကိုမမွေးခင် မိခင်တွေခံစားရတဲ့ နာကျင်မှု ဝေဒနာဟာ ဘယ်လောက်ထိအောင် ခံရခက်သလဲဆိုတာ သားကိုယ်တိုင် ၀င်မခံစားဘူးပေမယ့် သားစာတွေထဲမှာ ဖတ်ဘူးထားလို့ သားနားလည်တယ်အမေ။ အမေ့အသက်က အခုဆို ခြောက်ဆယ့် သုံးကျော် ပြီနော်။ သားကခုမှ နှစ်ဆယ့်သုံး။ အမေရယ်…သားဒါကိုတွေးမိတိုင်း တအားခံစားရပါတယ်။ အမေအိုကြီးကိုပစ်ထားခဲ့ပြီး ငါဘာဖြစ်လို့များ တစ်နယ်တစ်ကျေးကို ထွက်သွားရတာလဲဆိုပြီး တော့ ပေါ့။ တရားမသိသေးခင်ကတော့ သားတော်တော့်ကို ခံစားခဲ့ရတာပေါ့။ ခုတော့လည်း သားစိတ်ကို သား ဖြေတတ်နေပါပြီ။ အမေမှတ်မိသေးလား။ သားငယ်ငယ်က အဖေ့လစာနဲ့မလောက်လို့ အမေ အိမ်နောက်ဘေးက ကန်စွန်းရွက်တွေ ခူးရောင်းပြီး အိမ်စားစရိတ်ဖြည်းတင်းခဲ့တာကိုလေ။ ဈေးရောင်း ပြီးပြန်လာတိုင်း သားဖို့အမေ၀ယ်ဝယ်လာတဲ့ ညှပ်ခေါက်ဆွဲသုတ်လေးကို သားယနေ့တိုင် သတိရ
နေဆဲပါအမေရယ်…။ ဒါတင်မကသေးပါဘူးလေ။ အဖေကျန်းမာရေးမကောင်းတဲ့အချိန်ကစပြီး အမေ သားကျောင်းစရိတ်နဲ့ အိမ်စရိတ်အတွက်လောက်ငအောင် မိန်းမသားတန်မဲ့ နှစ်လုံး၊ သုံးလုံးရောင်း ကျွေးခဲ့သေးတယ်လေ။ ကိုယ်တိုင်က ခြောက်တန်းနဲ့ကျောင်းထွက်ခဲ့ရပေမယ့် တစ်ဦးတည်းသော သားကို ပညာတတ်ကြီးဖြစ်စေချင်တဲ့ အမေ့ရဲ့စေတနာ မေတ္တာတွေကို သားဘယ်လိုလုပ်မေ့လို့ ရ ပါ့မလဲအမေရယ်။ သားဆယ်တန်းအောင်တော့ ကိုယ့်သားကိုယ် ဂုဏ်ယူနေတဲ့ အမေ့ရဲ့အပြုံး၊ အမေ့ ရဲ့ မျက်လုံး တွေက …အော်..စာဖွဲ့လို့ မမှီနိုင်ပါဘူးလေ။ အောင်စာရင်းထွက်ပြီး မကြာပါဘူး အဖေဆုံးတော့ အဖမဲ့သား ထရံကြားမဖြစ်အောင် အမေသားကို အားပေးပြုံးပြုံးခဲ့သေးတယ်နော်။ အပြုံးမှာမျက်ရည်စတွေရှိနေခဲ့တာကိုတော့ သားသိခဲ့ပါတယ်အမေရယ်။ သားကျောင်းဆက်တက် နိုင် ရေးအတွက် စက်ဘီးတစ်စီးနဲ့ တစ်နေကုန်အလုပ်လုပ်နေခဲ့တဲ့အမေ့ရဲ့ ပုံရိပ်တွေက သားမျက်လုံး ထဲ က ခုချိန်ထိမထွက်သေးဘူးအမေ။
…….သားပညာဆက်သင်တဲ့ ငါးနှစ်တာကာလမှာ အမေတော်တော်လေးကို အိုစာသွားခဲ့တာပဲနော်။ ပညာရေးကြောင့်သာ ကိုယ့်သားကိုယ် အဝေးတစ်နေရာစေလွှတ်ခဲ့ပေမယ့် မုဆိုးမပူပူနွေးနွေး အမေ့ ရဲ့ရင်ထဲမှာ ဘယ်လောက်ထိခံစားနေရမှန်း သားသိပါတယ်လေ။ လင်နဲ့ကသေကွဲ၊ သားနဲ့ကျပြန် တော့ ရှင်ကွဲ…အော် မိန်းမသားတစ်ယောက်အနေနဲ့ ဘယ်လိုများ ဖြေသိမ့်နိုင်ပါ့မလဲလေ။ တစ်နှစ် တစ်ခါမှ ခွင့်ပြန်လာမယ့် တစ်ဦးတည်းသောသားကို စောင့်မျှော်နေရှာတဲ့ အမေ၊ တစ်လတစ်ခါသားဆီ ကို ပိုက်ဆံမှန်မှန်ပို့ နိုင်ရေး ရုန်းကန်ခဲ့ရတဲ့အမေ၊ အော်…သတိရတယ်အမေရယ်…။
…….ကြမ္မာဆိုးတွေက အမေ့ဆီကိုမှရွေးပြီး တမင်လာလေရော့သလား အမေရယ်…အထီးကျန်တစ် ကောင်ကြွက် အမေ့ရဲ့ဘ၀ထဲကိုမှ ဒီ နာဂစ် က၀င်မွှေခဲ့ရတယ်လို့အမေရယ်။ အဲဒီတုန်းကလည်း အဝေးက ကိုယ့်သားကို စိတ်ပူမှာစိုးတာနဲ့ပဲ ဘာမှမဖြစ်ဘူးရယ်လို့ ဘာကြောင့်များပြောခဲ့ရတာလည်း အမေရယ်။ မုန်တိုင်းကကြမ်း၊ လေကရမ်းနဲ့ မှောင်မှောင်မည်းမည်း အိမ်အိုလေးအတွင်းမှာ အမေ တစ်ယောက်တည်း ဘယ်လောက်များ အားငယ်နေရှာမလဲလို့ သားပြန်တွေးမိတိုင်း သားတော် တော်လေးခံစားရပါတယ် အမေ။ တကယ့်ကို ခံစားခဲ့ရတာပါ။ မိုးသံလေသံတွေကြားမှာ အမေ့ခမျာ ဘာလုပ်လို့လုပ်ရမှန်းမသိ၊ ဘယ်ပြေးလို့ပြေးရမှန်းမသိ၊ ဒီရေကတဝေါဝေါ၊ မိုးသံလေ သံက တ၀ုန်းဝုန်းနဲ့ အမေတော်တော်လေးကို အားငယ်ခဲ့ရှာမှာပဲနော်။ ကံကောင်းလို့ အသက်မသေ ပေမယ့် အိမ်ဟောင်းကပြို၊ အော်ငါဘယ်လိုများလုပ်ရပါ့၊ သားသိရင်လည်းစာသင်ရတာ စိတ်မဖြောင့် ဖြစ်နေ ပါ့ မယ်လေ…ဆိုပြီး သားကိုအသိမပေး၊ အဝေးကသားကို ဘာမှမဖြစ်ပါဘူး သားရယ်၊ စိတ်မပူပါ နဲ့တဲ့ လေ။ ဒီလောက်ကြမ်းတမ်းတဲ့လောကဓံကို အမေတစ်ယောက်တည်း ခါးခါးသီးသီး ခါးစည်းပြီး ခံခဲ့ရ တယ်လို့… အမေရယ်။ အော် သားအပေါ် အဲဒီလောက်တောင် မေတ္တာတွေထားပြီး
ချစ်သဒ္ဓါတွေပွားနေရသလား အမေရယ်။
…….အော်…ဘယ်လိုပဲပြောပြော အမေ့ရဲ့ကျေးဇူး၊ အမေ့ရဲ့မေတ္တာတွေက စာဖွဲ့လို့ မကုန်နိုင်ပါဘူး လေ။ အဝေးကနေပဲ အမေ့ကို အကြိမ်ကြိမ်အခါခါ ရှိခိုးရင်း အမေ့ကျေးဇူးတွေကို အကျေဆပ်နိုင် အောင် ကြိုးစားနေပါတယ်အမေရယ်။
အမေကျန်းမာစေကြောင်း မေတ္တာပို့သလျက်
အမေ့ရဲ့ ချစ်သားကြီး
ပြည့်စုံအောင်
…ရောင်းရင်းညီငယ်နောင်တော်တို့ အမိအဖတို့ရဲ့ကျေးဇူးတွေ ပြန်လည်ဆပ်နိုင်ရေး မျှော်တွေးပြီး ဒီစာ လေးကို ကျွန်တော်ရေးလိုက်ရခြင်းပါ။ မမေ့မလျော့ မပေါ့မဆ မြဲမြံသောသတိတရားတို့ဖြင့် နေနိုင်ကြပါစေလို့…

လေးစားစွာဖြင့်
ပြည့်စုံအောင်
08.11.2008, SAT:, 10:37 pm
pyaesoneaung2007@gmail.com
0 comments