ကဲ… ပရိက္ခရာ ရှစ်ပါး ကို မဖော်ပြခင် ကျွန်တော်မေးကြည့်မယ်။ စာရှုသူ ပရိက္ခရာ ရှစ်ပါး ကို သိပါသလားလို့။ ယောင်ဝါးဝါး ဖြစ်မယ့်သူတွေ တော်တော်များမှာပါ။ ပရိက္ခရာ ရှစ်ပါး ဆိုတော့စာရှုသူက အမျိုးသမီးတစ်ဦး ဖြစ်နေခဲ့ရင် ငါနဲ့မဆိုင်ဘူးဆိုပြီး ရှောင်ထွက်မသွားစေချင်ပါဘူး။ကိုယ့်မှာသာ သားယောက်ျားလေးရှိခဲ့လို့၊ ဒါမှမဟုတ် မောင်တွေ အစ်ကိုတွေ ရှိခဲ့လို့ သာသနာ့
ဘောင်သွတ်သွင်းချင်တယ်ဆိုရင် သြော်…ငါသိထားသင့်ပါလားဆိုတဲ့ စိတ်ဓါတ်လေးနဲ့ ဖတ်စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီခောတ်ကြီးက အဓိကနဲ့ သာမည မခွဲခြား၊ မယောင်ရာ ဆီလူး၊ခေါင်းတောင်းကျိုက်တလွဲ ဖင်တလွဲ ဖြစ်တတ်လွန်းလို့ပါ။ ရိုင်းသလိုဖြစ်သွားရင် တောင်းပန်ပါတယ်။ရေလိုက်လွဲနေတာလေးတွေကို ပြင်စေချင်လွန်းလို့ပါဗျာ။ ကိုယ့်သားကိုယ် ပဉ္ဇင်းတော့ခံစေချင်တယ်၊သုံးလေးထောင်လောက်ပဲကျမယ့် ပရိက္ခရာကျတော့ ရှစ်မျိုးပြည့်အောင်မသိဘူး၊ ရှစ်မျိုးစုံအောင်မ၀ယ်
တတ်ဘူး၊ ဆိုင်ကပေးတဲ့အတိုင်း ယူလာတယ်။ ဟော…အရေးမပါတဲ့ဇာတ်တို့၊ ဆိုင်းတို့ကျတော့ငှားလိုက်တာ..လေးသိန်း ငါးသိန်းဖိုး။ တိုက်ဆိုင်သွားရင် ခွင့်လွှတ်ပါဗျာ၊ သိစေချင်တဲ့ စေတနာဗရပွ ကြောင့်ပါ။ သဘောပေါက် နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ကောင်းပြီ.. ပရိက္ခရာ ရှစ်ပါး ကဘာတွေလဲ..ကြည့်ကြည့်ရအောင်။ ဒီလင်္ကာလေးကို အရင်ကျက်လိုက်..ဟုတ်ပြီးလား။
သင်္ကန်းသုံးရပ်၊ သပိတ်၊ အပ်
ပဲခွပ်၊ ရေစစ်၊ ခါးပန်းတစ်။
လွယ်ပါတယ်ဗျာ…နော၊ မသိသေးခင်ကသာ ခက်နေတာ။
နည်းနည်းလေး အကျယ်ချဲ့ ကြည့်ရအောင်။
ဒီနေရာမှာ သင်္ကန်းသုံးရပ် ဆိုတာက ဧကသီ၊ သင်းပိုင်နဲ့ ဒုကုဋ်လို့ခေါ်တဲ့ နှစ်ထပ်သင်္ကန်းကြီး။ ဧကသီဆိုတာ
အပေါ်ကရုံတာ၊ သင်းပိုင်ကတော့ အောက်ကရုံတာပေါ့ဗျာ။ သပိတ်၊ အပ်၊ ပဲခွပ်(သင်တုန်းဓား)၊ ရေစစ်နဲ့ပေါင်းလိုက်
တော့ ခုနစ်မျိုး၊ ဟော..နောက်ဆုံး ခါးပန်းကြိုးလေးပါထည့်ပေါင်းလိုက်တော့ ရှစ်မျိုးပြည့်ရော။
ကဲ… ပရိက္ခရာ ရှစ်မျိုး သိသွားပြီနော်၊ ကျွန်တော်လည်း စာရိုက်ရတာ ခါးကော လက်ကော တော်တော်
ညောင်းသွားပြီ။
အပေါ်က လင်္ကာလေးကိုတော့ ဆရာတော် ဦးကောသလ္လရဲ့ တရားတစ်ပုဒ်ကနေ ထုတ်နုတ်ထားခြင်း
ဖြစ်ပါကြောင်း…

လေးစားစွာဖြင့်
ပြည့်စုံအောင်
29.10.2008, WED:, 08:08 am
pyaesoneaung2007@gmail.com
October 7, 2009 at 10:22 PM
ကျွန်တော် ပရိက္ခရာရှစ်ပါးဆိုတာကို သိချင်လို့ လိုက်ရှာနေတာ ဒီပို့စ်လေးနဲ့ သွားတိုးတယ်.
ကျေးဇူးတင်ပါတယ် ကိုပြည့်စုံအောင်. ကျွန်တော့်ရဲ့ ကထိန်အလှူပို့စ်လေးမှာ ထည့်သွင်းဖော်ပြခွင့် ပြုပါခင်ဗျာ.
ခင်မင်လေးစားလျက်
ရန်အောင်
www.yanaung.net