တစ်ခုသောမနက်ခင်းလေးမှာပေါ့…
… …လက်ကနာရီကြည့်လိုက်တော့ ဆယ်နာရီထိုးဖို့ ဆယ်မိနစ်လိုသေးတယ်။ ကျွန်တော်တို့နေတဲ့
အဆောင်နဲ့ စာသင်ဆောင်နဲ့က ကျောချင်းကပ်လျက်၊ သွားရင် အလွန်ဆုံးကြာမှ ငါးမိနစ်ပဲ။ ဒါပေ
မယ့် စာသင်ခန်းရောက်ရင် ငါးမိနစ်လောက်တော့ ၀င်လေ ထွက်လေ ရှုလို့ရသေးတာပဲဆိုတဲ့ ရည်
ရွယ်ချက်နဲ့ အခန်းထဲကထွက် ဓါတ်လှေကားစီးပြီး (ကျွန်တော်နေတာက ဆယ့်တစ်ထပ်မှာ) အောက်
ဆုံးထပ်ကိုဆင်း…
… …အဆောင်ကလဲထွက်လိုက်ရော ကောင်လေးတစ်ယောက်ဗျ၊ ကျွန်တော့်အထင် ကျွန်တော်တို့နဲ့
မတိမ်းမယိမ်းပဲ။ နှစ်ဆယ့်နှစ် နှစ်ဆယ့်သုံးလောက်ပဲ ရှိဦးမယ်။ ကျွန်တော့်ကိုလည်းတွေ့ရော သူက
ပျာပျာသလဲနဲ့
---အစ်ကို ကျွန်တော့်ကို ကူညီပါဦးဗျာ၊ ကျွန်တော်က တခြားကျောင်းကအစ်ကို၊ ဒီအဆောင်က ကျွန်တော့်
သူငယ်ချင်းတစ်ယောက်ကို လာတွေ့တာ၊ အဆောင်စောင့်က ပေးမ၀င်လို့။
---ဟေ..အဲဒီတော့ အစ်ကိုက
---မဟုတ်ဘူးအစ်ကို၊ သူကဒီအဆောင်မှာနေတဲ့သူ တစ်ယောက်ယောက်က ထောက်ခံပေးမှ ၀င်လို့
ရမယ်တဲ့။ ကျွန်တော်စောင့်နေတာကြာပြီ၊ ဗမာဆိုလို့တစ်ယောက်မှ ဆင်းမလာသေးလို့၊ (နိုင်ငံခြား
ကျောင်းသားတော်တော်များများလည်း ကျွန်တော်တို့အဆောင်မှာ နေကြတယ်ခင်ဗျ။)
ဒါနဲ့ ကျွန်တော်ကလည်း
...ဟာ..အတော်ပဲ၊ ငါဒီနေ့ဘယ်သူ့ကို အကူအညီပေးရမလဲလို့ တွေးနေတာ။ (ကျွန်တော့်စိတ်ထဲက
ပြောလိုက်တာနော်)
---ဟာ…ရပါတယ်ငါ့ညီရာ..လာလာ အစ်ကိုကူညီမယ်….ပေါ့။
…ဒီလိုနဲ့ အဆောင်စောင့်ဆီမှာ ကျွန်တော့် နာမည်တွေဘာတွေပေး၊ လက်မှတ်တွေ ဘာတွေထိုးပြီး
ထောက်ခံပေးလိုက်တော့ ဒီညီလေး ၀င်ခွင့်ရသွားတယ်ဆိုပါတော့ဗျာ။
… …ဒီနေရာမှာ ကျွန်တော်ဒီညီလေးကို ကူညီနေတဲ့အချိန်မှာ ဖြစ်ပေါ်နေတဲ့ ကျွန်တော်ရဲ့ စိတ်ဆန္ဒက
ဘယ်လိုလဲဆိုတော့…တကယ်ပါဗျာ သူ့ကိုကူညီချင်တဲ့ဆန္ဒရယ်၊ နောက်ပြီး ဒီညီလေး အဆင်ပြေ သွားပါစေ
ဆိုတဲ့ ဆန္ဒပဲရှိတယ်။ ဟာ..ဒီကောင်ကတော့ ဒုက္ခပါပဲ။ ငါတော့ ကျောင်းနောက်ကျတော့မှာပဲ ဆိုတဲ့ စိတ်ဆန္ဒ
ရှိလည်းမရှိဘူး၊ ပေါ်လည်းမပေါ်ခဲ့ပါဘူး။ (ကျွန်တော်တို့ကို သင်တဲ့ဆရာမက ဆယ် နာရီ စာစသင်တယ်ဆိုရင်
ဆယ်နာရီအတိမှာ ရောက်ချင်ရောက်၊ မရောက်လို့ကတော့ တစ်မိနစ် ပဲ နောက်ကျကျ မရဘူး၊ ဖြေရှင်းချက်ရေးတင်
ဆိုတာပဲ။ ဖြေရှင်းချက်က သုံးဆောင်မြောက် ဆိုရင် ဌာန မှုးရုံးတက်ရတယ်။) ဒါပေမယ့် သူ့ကိုကူညီလိုက်ရလို့
ကျွန်တော့်စိတ်ထဲမှာ တော်တော်လေးကို ၀မ်း သာ နေတာတော့ အမှန်ပဲခင်ဗျ။ ဒီလိုနဲ့ အဆောင်ကနေထွက်၊
စာသင်ခန်းသွားတဲ့လမ်းတောက် လျောက်မှာ ဒီသုခဝေဒနာကိုခံစားရင်း ကျွန်တော်လျှောက်လာလိုက်တာ.....
စာသင်ခန်းကို တက်တဲ့ လှေကား တစ်ဆင့်နင်းတယ်၊ နောက်ပြီး နောက်တစ်ဆင့်…အဲ..အဲဒီ့နှစ်ဆင့်မြောက်လဲရောက်ရော
ကျွန်တော့်ရဲ့နောက်စိတ်(နောက်ချင်ပြောင်ချင်တဲ့စိတ်ကို ပြောလိုခြင်းမဟုတ်ပါ၊ သတ္တ၀ါတွေမှာ ဖြစ် ပေါ် ခံစားနေတဲ့
ရှေ့စိတ်နဲ့ နောက်စိတ် အဲဒီနှစ်ခုထဲက နောက်စိတ်ကို ပြောလိုခြင်းပါ။) လေးက လှစ်ခနဲဆို စောစောကသုခဝေဒနာခံစားနေတဲ့
ရှေ့စိတ်လေးကိုသွားမြင်လိုက်တယ်၊ သြော်… ငါသည် အခုသုခဝေဒနာ ခံစားနေတာပါလားလို့။ နောက်ပြီး တဆက်တည်းမှာပဲ
ငါအခု ဒီသုခဝေဒနာ ခံစား မှုကိုသိနေတဲ့ ဒီစိတ်လေးသည်လည်း ဖြစ်ပြီး ပျက်သွားတာပါလားလို့ ထပ်ဆင့်သိလိုက်ပြန်တယ်။
ဒီနေရာမှာ ဘာဝနာနှစ်မျိုးအကြောင်း နည်းနည်းလေး သိထားမှ အဆင်ပြေမယ်။ ဆွေးနွေးလိုက်ရအောင်ဗျာ…နော်။ သိပ်မများပါဘူး။
ဘာဝနာမှာ သမထဘာဝနာနဲ့ ၀ိပဿနာဘာဝနာဆိုပြီး နှစ်မျိုးရှိ တယ်ခင်ဗျ။ သိပြီးသားတွေဆိုရင်လည်း နည်းနည်းလောက်သည်းခံပြီး
ဖတ်ပေးဖို့ မေတ္တာရပ်ခံပါရစေ။ ဆရာတော် အရှင်ဆန္ဒာဓိကရဲ့စကားနဲ့ နားလည်လွယ်အောင်ပြောရရင်တော့ သမထဘာဝနာသည်
စိတ်ကိုငြိမ်အောင် လုပ်တာ၊ အဲ…၀ိပဿနာဘာဝနာကျတော့ စိတ်ကို ငြိမ်းအောင်လုပ်တာပါတဲ့။ တကယ့်ကို တိုတိုနဲ့ ထိထိမိမိရှိပြီး
သိပ်ကောင်းတဲ့ စကားလုံးလေးပါ။ ငြိမ်အောင်နဲ့ ငြိမ်းအောင်တဲ့၊ သေသေချာချာလေးလည်း မှတ်ထားဦး။ သေသေချာချာဆိုလို့
သိပ် မလေးနက်သလို ဖြစ်နေဦးမယ်။ မှတ်ကိုမှတ်ရမှတ်ရမှာဗျာ..လို့ ဆိုရင်ကော… ဆရာလုပ်တယ်လို့ မထင်လောက်ပါဘူးနော်။
ဗုဒ္ဓဘာ သာဝင်တိုင်း သိသင့်တယ်ထင်လို့ ပြောရတာပါ။ ကဲ..ကဲ..ခုန စကားလေး ပြန်ဆက်ရအောင်။ သမထ နဲ့ ၀ိပဿနာ အကြောင်းလေး၊
ငြိမ်အောင်လုပ်တာနဲ့ ငြိမ်းအောင်လုပ်တာကောသဘောပေါက်ရဲ့လား မသိဘူး။ နည်းနည်းလေး ထပ်ရှင်းပြမယ်။ ငြိမ်တယ်ဆိုတာ
သမထလုပ်နေတဲ့အချိန် (ဥပမာ..တရား ထိုင်တာ၊ ကသိုင်းရှုတာမျိုး) ခဏလေးမှာပဲ မိမိစိတ်သည် ငြိမ်နေတယ်၊ အေးချမ်းနေတယ်၊
တည်ကြည် နေတယ်။ ကိလေသာ အညစ်အကြေးတွေ မိမိရဲ့ သန္တာန်မှာ တခဏတာစင်ကြယ်နေတယ်၊ ဒါပေမယ့် တကယ့်ကို ခဏလေးပါ။
အဲ..ဒါပေမယ့် ငြိမ်းအောင်လုပ်တာကျတော့ မတူတော့ဘူး။ ငြိမ်းသွားတဲ့မီး ပြန်မတောက်တော့သလိုပဲ။ လုံးဝကို ငြိမ်းသွားတာ။ ဘာဖြစ်လို့
ငြိမ်းရသလဲဆိုတော့ သူ့မှာ ကိလေ သာဆိုတဲ့လောင်စာ လုံးဝမရှိတော့လို့၊ မရှိရခြင်းအကြောင်းကလည်း လုံးဝပယ်သတ်ပြီးလို့။
တောင် တစ်တောင်ကို တက်နေသလိုပါပဲ။ တောင်ထိပ်ကိုမရောက်ဘူးသေးတဲ့သူတွေကျတော့ ဒီတောင် ထိပ်ရောက်ရင် ခံစားရမယ့်
ဝိမုတ္တိအရသာကို သေသေချာချာ ဂဃနဏ မသိဘူး။ အထင်အမြင် ကြား ဖူးနားဝနဲ့သာ ရမ်းသမ်းမှန်းဆပြီး ပြောနေကြတာ။
ကျွန်တော်လည်း အခုရမ်းသမ်ပြီး ရေးနေတာနော် ဟဲ..ဟဲ။ တောင်ထိပ်ကို ရောက်ဘူးပြီးတဲ့သူ၊ ဆိုလို တာက ..မိမိစိတ်ကို ငြိမ်းအောင်
လုပ်ပြီးတဲ့သူမျိုး ကျတော့ ဒီအရသာကို လုံးဝခံစား စံစားဘူးသွားပြီ။ ဒါကြောင့် ဒီနေရာမှာ ကျွန်တော်ကြားဖြတ်ပြီး တိုက်တွန်းလိုတာက
တောင်ထိပ်ကိုရောက်အောင် တက်ကြည့်ပါ၊ တက်နိုင်ဖို့ ကြိုးစားပါ။ တိုက်ရိုက် ပြောရရင် ၀ိပဿနာတရား အားထုတ်ပါ၊ ရမ်းသမ်းမှန်းဆတဲ့
သမထဘာဝနာနဲ့ပဲ ရောင့်ရဲတင်း တိမ် မနေပါနဲ့လို့။ သံသရာရှည်မှာ စိုးလွန်းလို့ပါဗျာ။ ကောင်းပြီ။ တောင်ထိပ်ကို ဘယ်လိုတက်ရမလဲ။
မိတ်ဆွေတို့မှာတက်ချင်တဲ့ စိတ်ဆန္ဒသာ ပြင်းပြပါ စေ။ တောင်တက်လမ်းမြေပုံ ကျွန်တော့်ဆီမှာရှိ ပါတယ်၊ ဒီမြေပုံကိုပြလိုက်ရင်
မိတ်ဆွေတို့လည်း မြင်ဘူးပြီးသားဖြစ်မှာပါ။ ဒါနဲ့ ဒီမြေပုံဘယ်ကရ သလဲလို့ သိချင်ကြမှာပဲ။ လွယ်လွယ်လေးပါဗျာ။ ရှေ့က တောင်ထိပ်ကို
ရောက်ဘူးတဲ့ သူဆီက ယူ ထားလိုက်တာပေါ့။ ကျွန်တော်တို့ရဲ့ သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရား ပေးထားခဲ့ တာ။ အံ့သြသွားပြီလား။
မဂ္ဂင်ရှစ်ပါး ဆိုတဲ့ မြေပုံလမ်းညွှန်လေ။ ဒီမြေပုံကိုကြည့်ပြီး ကျွန်တော်တို့တတွေ တောင်ထိပ်အရောက် ချီတက်လို့ရပါတယ်။ နိဗ္ဗာန်ကို
မျက်မှောက်ပြုလို့ရပါတယ်။
… …ကျွန်တော့်ရဲ့ ခေါင်းစဉ်နဲ့ကိုက်အေင် ပြန်ဆွဲယူရရင် တောင်ထိပ်အရောက် ချီတက်ပြီးသူများ သည်သုခဝေဒနာကိုမြင်နိုင်တယ်၊
ဖြစ်ပျက်ရှုနိုင်တယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။ အလွန်တရာမှ သိမ်မွေ့နက်နဲတဲ့ ဥပေက္ခာ ဝေဒနာကိုပါ မြင်နိုင်၊ ဖြစ်ပျက်ရှုနိုင်ပါတယ်။
… …၀ိပဿနာဘာဝနာ စတင်အားထုတ်သူများသည် (ကျွန်တော်တို့ မိတ်ဆွေတို့လိုပေါ့) ဒုက္ခဝေဒနာ ကိုတော့ မြင်လွယ်ပါတယ်။
ဘာလို့လဲဆိုတော့ ခံစားရသမျှဝေဒနာတွေထဲမှာ ဒီဒုက္ခဝေဒနာက အပေါ် လွင်ဆုံးဖြစ်နေတာကိုး။ အဲ..သုခဝေဒနာကို မြင်ဖို့ကျတော့
ခုနထက်ပိုခက်သွားပြီ။ စဉ်းစားကြည့်လေ။ ကိုယ်က သိန်းသုံးရာထီပေါက်လို့ဝမ်းသာနေပါတယ်ဆိုမှ ဘယ်လိုလုပ်ပြီး ဒီဝေဒနာကို
ဖြစ်ပျက်ရှုနိုင်မှာ လဲ။ ဒါ..လူပီသစွာ တွေးလိုက်ခြင်းပါ။ ဒါပေမယ့် သင်ဟာ တောင်ထိပ်အရောက် တက်လှမ်းချင်သူဆို ရင်တော့
ဒီသုခဝေဒနာကိုပါ ဖြစ်ပျက်ရှုနိုင်အောင် ကြိုးစားသင့်ပါတယ်၊ ကြိုးစားရပါမယ်။ ဒါမှနောက်ဆုံး အဆင့် အသင်္ခတနိဗ္ဗာန်ကိုမျက်မှောက်
ပြုနိုင်မှာ ဖြစ်ပါတယ်။
… …ကဲ အားလုံးပဲ အသင်္ခတနိဗ္ဗာန်အရောက် ချီတက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း…

လေးစားစွာဖြင့်
ပြည့်စုံအောင်
01.11.2008, SAT:, 05:11 am
pyaesoneaung2007@gmail.com
0 comments