Latest News

*အဇ္ဈတ္တ ဒိုင်ယာရီ*

အရှင်သာဓိန (ခေတ္တ - ဘုံဘေ) (သက်တော် ၄၁ - နှစ်)


B.A (Buddhism), သာသနတက္ကသီလဓမ္မာစရိယ M.A (Buddhism), သာသနတက္ကသီလမဟာဓမ္မာစရိယ M.A (Colombo), English Diploma (Colombo), Ph.D (Thesis) Bombay


အားလုံးသော ဓမ္မမိတ်ဆွေ အပေါင်းတို့အား မင်္ဂလာအပေါင်းနဲ့ ပြည့်စုံစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ခင်ဗျာ။ ခုရေးမယ့် အကြောင်းအရာများထဲမှာ အမှားများပါသွားခဲ့ရင် ကျွန်တော့်ကို ဝေဖန်ထောက်ပြ ဆုံးမ သွန်သင် ပေးကြပါခင်ဗျာ။ အကယ်၍ မှန်နေခဲ့ရင်လည်း လိုက်နာကျင့်သုံး ဆောင်ရွက်ကြဖို့ အလေးအနက်ထားပြီး တလေးတစားနဲ့ တိုက်တွန်း ပြောကြားပါရစေ။ ဒီတရားလေးကတော့ ကျွန်တော့်ကို ဆရာတော် အရှင် သာဓိနက လေလှိုင်းထဲကနေ ဟောကြားသွန်သင် သွားတာပါခင်ဗျာ။ ကျွန်တော်က စာနဲ့ပြန်ရေးတာဆိုတော့ ဆရာတော်ဟောတာလောက်တော့ မကောင်းနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော် ကြိုးစားပြီး ရေးသားထားပါတယ် ခင်ဗျာ။

ကျွန်တော် ဒီအကြောင်းကို မရေးမီ အရင်ဆုံး ဒိုင်ယာရီ ဆိုတာလေးကို နည်းနည်းလောက် ပြောကြည့်ချင်ပါတယ်။ ဆွေးနွေးတာပေါ့ဗျာ။ မိတ်ဆွေတို့ ဒိုင်ယာရီဆိုတာကိုတော့ ကောင်းကောင်း သဘောပေါက်လောက်မှာပါ။ ဒီအထဲမှာမှ ဒိုင်ယာရီကို နေ့စဉ်နဲ့အမျှ အချိန်ပေးပြီး ရေးနေတဲ့သူတွေ ရှိကြသလို တစ်ချို့လည်း အချိန်မရလို့ဘဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဒိုင်ယာရီ ရေးရတာကို စိတ်မ၀င်စားလို့ဘဲဖြစ်ဖြစ် မရေးကြတဲ့သူတွေလည်း ရှိကြမှာပါ။ ၀န်ခံလိုက်ဦးမယ်နော်။ ကျွန်တော်လည်း ဒိုင်ယာရီရေးလေ့မရှိဘူး။ စိတ်မ၀င်စားလို့။ နောက်ပြီး စာရေးရတာပျင်းတာလည်း ပါတယ်။ တခါတလေကျတော့လည်း အချိန်မပေးချင်ဘူး။

စာရေးရတာပျင်းတယ်ဆိုလို့ ခုကောဘာလို့ စာတွေရေးနေလဲလို့တော့ အဒွန့်မတက်ကြပါနဲ့ဦးနော်။ ဒါကစာရေးတာမဟုတ်ဘူး။ စာရိုက်တာ ဟဲ ဟဲ။ ထားပါဗျာ။ ဒါနဲ့ ဒိုင်ယာရီရေးတဲ့ သူများကိုမေးပါရစေဦး။ ဒိုင်ယာရီရေးဖို့ ဘာတွေ လိုအပ်သလဲလို့။ ကျွန်တော် ဘုကလန့် လုပ်တာမဟုတ်ဘူးနော်။ ဒါလေးကလည်း ဒီနေရာမှာ လိုအပ်လို့ပါ။ အားလုံးသိပြီးသားတွေပါပဲ။ ရေးဖို့ ခဲတံ၊ ဘောလ်ပင် ဒါမှမဟုတ် ရေးလို့ အဆင်ပြေနိုင်မယ့် အရာတစ်ခုခုနဲ့ ရေးစရာ စာအုပ်တော့ လိုမှာပေါ့။

နောက်တစ်ခုက ဒိုင်ယာရီရေးရင် အဲဒီ့နေ့က ကိုယ်လုပ်ခဲ့တဲ့ မကောင်းတဲ့ လုပ်ရပ်တွေကို တကူးတကရေးတဲ့သူများရှိမလားလို့။ မရှိလောက်ပါဘူးနော်။ ဘယ်သူမှတော့ မဟုတ်တာတွေကို ရေးပါ့မလဲ။ တော်ကြာ ကိုယ်က အဲဒီနေ့ကလူသတ်ခဲ့တာကို ဒိုင်ယာရီထဲ ထည့်ရေးလိုက်ရင် ကံမကောင်းလို့ကတော့ ထောင်နန်းစံကိန်း ရောက်သွားနိုင်တာကိုး။ နောက်ပြီး ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်လုပ်ရပ်တွေကိုလည်း ဘယ်သူမှတော့ ရေးလိမ့်မယ်လို့ မထင်ပါဘူး။ ကောင်းတာတွေပဲ အရေးများကြမှာပါ။

ဒီနေရာမှာ ဆရာတော် ရဝေနွယ် (အင်းမ) မြွက်ကြားခဲ့တာလေး နည်းနည်းပြောကြည့်ရအောင်ပါ။ ဆရာတော်ကတော့ ဒိုင်ယာရီရေးရင် ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှုနဲ့ မကောင်းမှုကို ယှဉ်ပြီးရေးပါတယ်တဲ့။ ဒါမှ အဲဒီ ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ် အကုသိုလ် နှစ်ခုကို နှိုင်းယှဉ် သုံးသပ်ပြီး ကုသိုလ်ကို တိုးပွားအောင်လုပ်နိုင်သလို၊ အကုသိုလ်ကိုလည်း လျော့ပါးအောင် လုပ်ဆောင်နိုင်ပါတယ်တဲ့။ ဟုတ်မဟုတ်ကိုတော့ စဉ်းစားစရာလိုမယ် မထင်ပါဘူးနော်။ နေ့စဉ်ရေးဖို့နဲ့ ဆင်ခြင်နှလုံးသွင်းဖို့ပဲ လိုပါတယ်။

ဟုတ်ပြီ၊ ဒိုင်ယာရီ ဆိုတာလေးက သိပြီးသားဆိုတော့ နောက်တစ်ဆင့် ထပ်စဉ်းစားကြည့်ရအောင်။

အဇ္ဈတ္တ … ဒီအဓိပ္ပါယ်လေးက ဘာလဲဆိုတော့ ကျွန်တော်သိသလောက်နော်.. ကိုယ့်ရဲ့ အတွင်းပိုင်း စိတ်သန္တာန် ကို ဆိုလိုတာပါ။ ဒါလေးနဲ့ ဆန့်ကျင်ဘက် ပါဠိစကားလုံးလေး ရှိသေးတယ်ဗျ။ ဗဟိဒ္ဓ တဲ့။ ဆန့်ကျင်ဘက်ဆိုမှတော့ ဗဟိဒ္ဓ က အပြင်ပိုင်းပေါ့ နော..။ ဒီတော့ ကျွန်တော်ပေးထားတဲ့ ခေါင်းစဉ်လေးကို ပြန်သွားလိုက်ကြမယ်။

ကျွန်တော့်ရဲ့ **အဇ္ဈတ္တ ဒိုင်ယာရီ** က အဓိပ္ပါယ် နားလည်အောင် အရင်ရှင်းနေတာနဲ့ ခုမှပဲ အနှစ်သာရပိုင်းကို စရတော့မယ်။ ဟုတ်ကဲ့ ဒိုင်ယာရီ ရေးမယ်ဆိုတော့ အဓိကက အချိန်တော့ လိုမှာပေါ့နော်။ ဘယ်အချိန်မှာ ရေးမလဲပေါ့။ ဆရာတော်ဟောသွားတာတော့ ညအိပ်ရာဝင်ချိန်မှာ ရေးပါတဲ့။ ဒါကတော့ အကောင်းဆုံးပေါ့နော။ တကယ်လို့ အဲဒီအချိန် ကိုယ်က မတတ်နိုင်ဘူး ဆိုရင်လည်း မနက်စောစော အိပ်ရာကနိုးတဲ့ အခါဖြစ်ဖြစ် ကြိုက်တဲ့အချိန် ရွေးလို့ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါက ရေးရမယ့်အချိန်နဲ့ပတ်သတ်လို့ ပြောတာပါ။

ဒါတော့ဟုတ်သွားပြီ၊ အိပ်ရာဝင်ရင်ရေးရမယ်လို့ ကျွန်တော်ကပြောတော့ နည်းနည်းတော့ ကြောင်တောင်တောင် နိုင်သွားမလားပဲ။ ဘာလို့လဲဆိုတော့ အိပ်ရာထဲမှာ တင်ရေးစရာစားပွဲ ဒါမှမဟုတ် တင်ရေးစရာတစ်ခုခု အဲဒီ နှစ်ခုထဲက ဘာတစ်ခုမှမှ မရှိပဲလေ။ ဟုတ်ပါတယ် ကျွန်တော်တို့ရေးမှာက ဒိုင်ယာရီ။ အဇ္ဈတ္တ ဒိုင်ယာရီလေ။ အတွင်းမှာရေးမှာ၊ အပြင်ပိုင်း ဗဟိဒ္ဓ မှာ ရေးမှာမှမဟုတ်ဘဲ။ တင်ရေးစရာ အပြင်ပိုင်း ရုပ်ဝတ္ထု ပစ္စည်းမှ မလိုတာ။

ဒီတော့ကာ ရေးတာတော့ဟုတ်ပါပြီ။ အတွင်းဆိုတော့ အပြင်မှာလို မှတ်စရာစာအုပ်နဲ့ ရေးစရာ ခဲတံ၊ ဒါမှမဟုတ် ဘောလ်ပင် အဲဒါတွေအတွက် ဘယ်လိုစီစဉ်ထားလဲလို့ မေးဖို့လိုမလာပြန်ဘူးလားဗျာ။ သိပ်ကို လိုတာပေါ့ဗျာ။ ဆရာတော်က ရေးစရာစာရွက်အနေနဲ့တော့ ***မိမိရဲနှလုံးသား*** ကို စာပေလွှာအဖြစ် သတ်မှတ်ပါတဲ့။ အဲ ရေးစရာအနေနဲ့ကတော့ ***သတိ*** ဆိုတဲ့ ကလောင်တံကို သုံးရပါ့မယ်တဲ့။

နောက် ဘာကိုရေးမလဲ။
ဒီနေရာမှာတော့ တရားသဘောဆန်ဆန်ပဲ ရေးလိုက်ရအောင်။ ဘာလို့လည်းဆိုတော့ ကျွန်တော့်ကို ဆရာတော်ဟောခဲ့တာလည်း တရားသဘောသက်သက်မို့လို့ပါ။ ဘာကိုရေးမလဲဆိုတော့ ဒိုင်ယာရီပဲလေ။ ကိုယ်တစ်နေ့ ဖြစ်ပျက်ခဲ့တာလေးတွေ ရေးရမှာပေါ့ နော။ အဲဒီအဖြစ်အပျက်တွေထဲကမှ ကိုယ်ဒီနေ့ ဘာကောင်းတာတွေ လုပ်ခဲ့သလဲ၊ နောက်ပြီး မကောင်းတာတွေကော ဘာတွေလုပ်ခဲ့သလဲ ဒါတွေကို ညအိပ်ယာဝင်ချိန်မှာ နဖူးပေါ် လက်ကလေးတင်ပြီး အရင်ဆုံးစဉ်းစားရပါမယ်။ အော် ငါတော့ဒီနေ့ ဘယ်သူ့ကိုတော့ဖြင့် ဆဲလိုက်မိတယ်။ ငါကတော့ သူငယ်ချင်းတွေနဲ့တွေ့လို့ အရက်လေးတော့ နှစ်ခွက်လောက် မော့လိုက်မိတယ်။ ငါကတော့ ဈေးရောင်းတာ ဟိုကောင်မကိုတော့ ကြည့်မရတာနဲ့ အလေးခိုးလိုက်မိတယ်။ ငါကတော စပယ်ယာလုပ်နေပြီး ခရီးသည်တွေကို ကောင်းကောင်း မဆက်ဆံဘဲ အော်လိုက်မိတယ်။ အော် ငါကတော့ ဒရိုင်ဘာလုပ်နေပြီး ငါ့ဆရာကားထဲက ဓါတ်ဆီတွေ ခိုးရောင်းလိုက်မိပါလား။ ငါကတော့ ဟိုကောင်မလေးကို စိတ်နဲ့ပြစ်မှားလိုက်မိတယ်။ အော် ငါကတော့ အမေ့ကို မုန့်ဖိုးမပေးတာနဲ့ပဲ စိတ်ခုပြီး ပြန်ပြောလိုက်မိတယ်။ စသဖြင့်ပေါ့လေ။ ဒါကတော့ သိပ်မကောင်းတဲ့အရာလေးတွေပါ။ ဒါတွေကို နဖူးပေါ်လက်တင်စဉ်းစားရင်း နောက်မဖြစ်အောင် ငါထိန်းတော့မယ်ဆိုတဲ့ စိတ်မျိုးနဲ့ ဆင်ခြင်ရပါမယ်။ နှလုံးသားပေလွှာပေါ်မှာ ရေးရင်းဆင်ခြင်ရမှာနော်။ တော်ကြာ ဖတ်နေရင်း ခေါင်းစဉ်မေ့သွားမှာ စိုးလို့ပါ။

နောက်ပြီး ကောင်းမယောင်ယောင်နဲ့ မကောင်းတဲ့အရာတွေ ရှိပါသေးတယ်။ ဘာတွေလဲဆိုတော့ နေ့တိုင်းတော့ ငါဘုရားရှိခိုးပြီး ဒီနေ့တော့ ဘုရားမရှိခိုးလိုက်မိဘူး။ ဘုရားသောက်တော်ရေ အလုပ်တွေများတာနဲ့ မကပ်လိုက်မိဘူး။ ဖြစ်ပျက်လေး နာရီဝက်လောက် မှတ်နေကျဟာ ဒီနေ့တော့ စာမေးပွဲဖြေရမှာမို့လို့ မမှတ်လိုက်မိဘူး။ သတ္တ၀ါတွေကို မေတ္တာပို့နေကျဟာ ဒီနေ့မနက်တော့ မပို့လိုက်မိဘူး။ စသဖြင့်ပေါ့လေ။ ဒါလေးတွေလည်း ဆင်ခြင်နှလုံးသွင်းပြီး နောင်ကို မပြတ်လုပ်နိုင်အောင် သတိလေးထားရပါမယ်။ အော် ငါဘုရားမှမမေ့ဘဲ။ ဒီအလုပ်တွေမေ့လည်း ပြဿနာမရှိပါဘူးလေ လို့တော့ အတွေးမ၀င်သင့်ပါဘူး။ ကျွန်တော်ပြောတဲ့ ကောင်းမယောင်ယောင်ဆိုတာ ဒါကိုပြောတာ။ ကိုယ့်ကိုယ်ကို ဘုရားတော့မမေ့ဘူးဆိုပြီး ဖြေသိမ့်နေမှာစိုးလို့။ ဟုတ်ကဲ့ ထပ်ဆက်လိုက်ရအောင်။

အကုသိုလ်တွေကို ဆင်ခြင်ပြီးရင် ကိုယ်တစ်နေ့တာ ပြုခဲ့တဲ့ ကုသိုလ်တရားတွေကိုလည်း ပြန်လည်ဆင်ခြင်ရပါမယ်။ ငါတော့ အလှူခံလာလို့ သဒ္ဓါတရားထက်ထက်နဲ့ မနက်က လှူလိုက်ပါလား။ အိမ်ကိုကြွနေကျ ဦးဇင်းလေးကို ငါမနေ့က ၀ယ်လာတဲ့ ပန်းသီးလေး လှူလိုက်မိပါလား။ ငါ့ကို လာပြီး မကောင်းပြောတဲ့သူကို ငါမေတ္တာစိတ်နဲ့ ဒီနေ့တော့ ခွင့်လွှတ်နိုင်ခဲ့ပါလား။ ငါဒီနေ့တော့ဖြင့် ငါးပါးသီလ လုံအောင်ထိန်းနိုင်ခဲ့ပါလား။ ငါ ဘုရားမှာ ငှက်ကလေးတွေကို အစာကျွေးခဲ့ပါလား။ ငါအမေ့ကိုတော့ဖြင့် တရားနာနိုင်အောင် တရားခွေလေး ၀ယ်ပေးခဲ့ပါလား။ သီလရှင်လေးတွေကိုတော့ဖြင့် ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ပါလား။ စသဖြင့်လည်း ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်တရားတွေကိုလည်း ပြန်လည်နှလုံးသွင်းပြီး နောက်နေ့တွေမှာ ဒီ့ထက်တိုးပြီး ဆောင်ရွက်နိုင်အောင် ဆင်ခြင်ရပါမယ်။

ဟုတ်ကဲ့ ဒီလောက်ဆို **အဇ္ဈတ္တ ဒိုင်ယာရီ** ကိုရေးနည်းလည်းသိ၊ ရေးလည်းရေးတတ် လောက်ပြီလို့ ကျွန်တော်ထင်ပါတယ်။ တစ်ခုသတိထားရမှာက နေ့စဉ်မှန်မှန်ရေးဖို့ပါပဲ။ ဒါမှနေ့တိုင်း ဆင်ခြင်ဖြစ်ပြီး ကောင်းမှုတွေပဲ တစ်နေ့ထက်တစ်နေ့ တိုးပွားလာတော့မပေါ့။ **ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း** ဆိုသလိုပေါ့ဗျာ။ အဲလိုဖြစ်အောင် နေ့စဉ်မှန်မှန် ကြိုးစားရေးသား အားထုတ်စေချင်ပါတယ်။

နောက်တစ်ခု မှတ်သားသင့်တာက ဒီ **အဇ္ဈတ္တ ဒိုင်ယာရီ** ကိုရေးသားရာမှာ ဥပေဒေစည်းမျဉ်း (၄)
ရပ်ကို လိုက်နာဖို့တော့ လိုအပ်ပါလိမ့်မယ်။ အဲဒါက ဘာတွေလည်းဆိုတော့ ----

(၁) ဖြစ်ပေါ် ဖူးခဲ့တဲ့ အကုသိုလ် တရားများကို နောက် မဖြစ်အောင် ကြိုးစား အားထုတ်ရခြင်း။
(၂) မဖြစ်ပေါ် သေးသော အကုသိုလ် တရားများကို မဖြစ်ရအောင် တားမြစ်ခြင်း။
(၃) မဖြစ်ဖူးသေးသော၊ မလုပ်ဖူးသေးသော ကုသိုလ် တရားများကို ကြိုးစား အားထုတ်ခြင်း။
(၄) ပြုခဲ့ပြီးသော ကုသိုလ် ကောင်းမှုများကို တိုးပွားအောင် ပြုလုပ်ခြင်း။

ဆိုတဲ့ ဥပဒေ (၄) ရပ်ပါ။

ဟုတ်ကဲ့ ကျွန်တော့်ရဲ့ **အဇ္ဈတ္တ ဒိုင်ယာရီ** ကို အပြုံးမပျက် အဆုံးသတ်ပါတော့မယ်။ မြတ်စွာဘုရားရှင် ဟောကြားခဲ့တဲ့ တရားလေးနဲ့ အဆုံးသတ်ပါရစေ။ ဒီတရားလေးဟာ လူတိုင်းနှီးပါး သိကြပေမယ့် လူတိုင်းနီးပါး လိုက်နာကျင့်ကြံဖို့ ပျက်ကွက်နေကြတဲ့ တရားလေးပါ။ အားလုံးပဲ ဖတ်ရှုဆင်ခြင်ပြီး လိုက်နာကျင့်ကြံနိုင်ကြပါစေ။

(၁) မကောင်းမှုရှောင်
(၂) ကောင်းမှုဆောင်
(၃) ဖြူအောင်စိတ်ကိုထား။

ပေါက်ပါတယ်နော် မိတ်ဆွေတို့။ အားလုံးပဲ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြပါစေဗျာ။

လေးစားထိုက်သူများကို လေးစားလျက်
အဖြူရောင်မေတ္တာများဖြင့်
ဖိုးသား

24.12.2008, Wed:, 09:26:55 pm
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. ညီရေ ဖတ်ပြီး မှတ်သားသွားပါတယ် ။ လက်တွေ့ကျင့်သုံးဖို့ကြိုးစားကြည့်ပါမယ် ။ ညီလေးက ပီစီကတုန်းနဲ့ တော်တော် မတူတော့ဘူး ။ တော်တော် ပြောင်းလည်းသွားတယ်နော် ။

Leave a Reply