အရုဏ်တက်၍
ရှေ့ဘက်ကောင်းကင်၊ နီလာပြင်ဝယ်
ရောင်ရှင်ပေါ်ထွန်းလာလေပြီ။
ခန်းတွင်းရိပ်သာ၊ လျောင်းစက်ပါသော
သူဇာအလှ၊ ချစ်နှမငဲ့
ချမ်းမြကြည်သာ၊ မှေးပျော်ရာမှ
နိုးကာထလေ၊ ပန်းကောက်ချေလော့။
ညဘက်ဆီမှ၊ ကြွေလျောကျသည့်
အလှအဆန်း၊ ခရေပန်းတို့
တာလမ်းညီညီ၊ မြေနီနီဝယ်
စီရီပြန့်ကျင်း၊ မွေ့ယာခင်းသည်
ပျံ့သင်းထုံကြိုင် ရှိနေပြီ။
အိုဘဲ့အလှ၊ ချစ်နှမငဲ့
နိုးထပါလေ၊ ပန်းကောက်ချေလော့။
အချိန်လင့်၍၊
နေမြင့်ပါမူ၊ အရေဖြူတို့
ဖုန်မြူယှက်သန်း၊ နေလောင်ကျွမ်းကာ
ရော်နွမ်းရှာကြ လေတော့မည်။
အချိန်လင့်၍၊
နေမြင့်ပါမူ၊ ခရေဖြူတို့
လူသူကျွဲနွား၊ နင်းကျော်သွားကာ
လွင့်ပါးကြွေပျက် ရှာတော့မည်။
နှမဖြူပြာ၊ လှသူဇာငဲ့
ခါမလင့်မီ၊ ပန်းကောက်သီ၍
ဆံခြည်ကေရှင်၊ မယ့်ဆံယဉ်ဝယ်
ပန်ဆင်စိုက်ထူ၊ အလှကူ၍
မြင်သူရွှင်ပြ၊ ရှုမ၀အောင်
စွမ်းပြလိုက်စမ်း ပါလေတော့။ ။
ဒီကဗျာလေးက ဆရာမင်းယုဝေ ရေးစပ်ထားတာလေးပါ။ ကျွန်တော် ဒီကဗျာလေးကို ဖတ်မိတဲ့နေ့က 12.01.2007 စနေနေ့မှာပါ။ နေရာကတော့ ပြင်ဦးလွင် စာပေ (၂)။ ဒီကဗျာလေးကို ရေးဖို့စိတ်ကူးမရှိပါဘူး။ ဒါပေမယ့် ကျွန်တော့်ဆီကို ဒီနေ့(06.12.2008) မှ အသစ်တစ်ယောက် အင်ဗိုက်လာလုပ်တာရှိတယ်။ နာမည်က ပန်းခရေတဲ့။ စကားပြောမလို့ ကြည့်လိုက်တော့ *အိပ်ပြီ ရှိတော့ဝူး နှိုးနဲ့* တဲ့။ ဒါနဲ့ ဒီကဗျာလေးကို သတိရမိသွားတာပါ။
ခရေပန်းကို မြတ်နိုး တန်ဖိုးထားသူများအတွက် ခရေပန်းနဲ့ ပတ်သတ်တဲ့ ကျွန်တော့်ရဲ့ တတိယမြောက် ကဗျာလေးပါ။ ပထမဆုံး ရေးတဲ့ကဗျာလေးက *ခရေတစ်ပွင့် အကြောင်း* ပါ။ နောက် *မောင့်ဘ၀ ခရေပမာ*။
ဒီကဗျာလေးကို ဖတ်ပြီး တရားသဘောဘက်က တွေးကြည့်ရင်တော့ *အချိန်ရှိခိုက်မှာ သတိတရားတွေ အိပ်ပျော်ငိုက်မြည်း မနေဘဲ လူ့ဘ၀ရခိုက် ၀ိပဿနာဆိုတဲ့ ပန်းခရေလေးတွေကို အမြန်ဆုံးနိုးထလို့ ကောက်ခိုင်းနေသလိုပဲနော်*။
လေးစားစွာဖြင့်
ပြည့်စုံအောင်
06.12.2008, SAT:, 00:33:25 am

December 5, 2008 at 5:31 PM
နှမဖြူပြာ၊ လှသူဇာငဲ့
ခါမလင့်မီ၊ ပန်းကောက်သီ၍
ဆံခြည်ကေရှင်၊ မယ့်ဆံယဉ်ဝယ်
ပန်ဆင်စိုက်ထူ၊ အလှကူ၍
မြင်သူရွှင်ပြ၊ ရှုမ၀အောင်
စွမ်းပြလိုက်စမ်း ပါလေတော့။ ။
ဒီအပိုဒ်လေးက တော်တော်ကိုအားပါတယ် ပထမတော့ ကိုယ်နာမည်ပါလာတော့ လန့်သွားမိတယ် ပြီးတော့မှ ကဗျာကိုဖတ်မိပီးး.. စကားလုံးတိုင်းက အဓိပ္ပာယ်ပြည့်နေတယ်ဆိုတာ သတိထားမိသွားတယ်
ပထမဆုံးခင်မင်ကြတဲ့နေ့မှာ အမှတ်တရကဗျာလေးနဲ့
*အချိန်ရှိခိုက်မှာ သတိတရားတွေ အိပ်ပျော်ငိုက်မြည်း မနေဘဲ လူ့ဘ၀ရခိုက် ၀ိပဿနာဆိုတဲ့ ပန်းခရေလေးတွေကို အမြန်ဆုံးနိုးထလို့ ကောက်ခိုင်းနေသလိုပဲနော်*။