ဘုန်းဘုန်းရေ...
မင်္ဂလာပါ... နေကောင်းကျန်းမာပါရဲ့လား ဘုန်းဘုန်း... ဖိုးသားကတော့ ကျန်းမာပါတယ်... ဘုန်းဘုန်းတို့ ပို့သတဲ့ မေတ္တာတွေကြောင့် ထင်ပါတယ်...
ဖိုးသားခုနက မင်းကွန်းဆရာတော် ဘုရားကြီးရဲ့ မေတ္တာပို့လေး နားထောင်နေတာ ဘုန်းဘုန်းရ... အဲလိုနားထောင်ရင်း မေတ္တာဆိုတဲ့ စကားလုံးလေး ဖိုးသား နားထောင်မိတော့ ဘုန်းဘုန်းကို ပြေးသတိရမိတယ်... ဖိုးသားလည်း ခုတစ်လော ဆရာတော်တွေနဲ့ပဲ စကားတွေပြော၊ ချက်တင်တွေထိုင်၊ မေးစရာလေးတွေရှိရင်လည်း မေး၊ ဒီလိုတွေလုပ်နေလို့လား မပြောတတ်ပါဘူး... သတိရရင် ဘုန်းဘုန်းတို့ကိုပဲ သတိရမိတယ်... အိမ်တောင် ဖိုးသားသတိမရဘူး... ကောင်းတာလား မကောင်းတာလားတော့ ဖိုးသားလည်း မသိဘူး... ကောင်းတယ်လို့တော့ ထင်တာပါပဲ ဘုန်းဘုန်းရာ...
ဘုန်းဘုန်းတို့ကတော့ အလုပ်တွေများနေမှာပဲနော်... စာတွေတအားကျက်နေရလား ဘုန်းဘုန်း... ဖိုးသားတို့လည်း စာတွေတအားကျက်နေရတယ်... ခုတစ်လောမှ...။ ခုတစ်လော ဘုန်းဘုန်းတို့နဲ့ စကားသိပ်မပြောဖြစ်တာလည်း အဲဒါကြောင့်ပါ... ဒါပေမယ့် စိတ်ကတော့ အမြဲမဟုတ်တောင် နေ့တိုင်းနီးပါး ရောက်ပါတယ် ဘုန်းဘုန်းရာ... ဘုန်းဘုန်းတို့ ကျန်းမာစေကြောင်း မေတ္တာပို့ရင်းနဲ့လေ...
အော် စာတွေရိုက်နေတာနဲ့ ဖိုးသားပြောချင်တာတောင် ဘယ်နားရောက်သွားမှန်း မသိတော့ဘူး... ဘုန်းဘုန်းကို ကဗျာလေးတစ်ပုဒ် ပေးဖတ်မလို့ ဘုန်းဘုန်းရ... ဖိုးသားရေးထားတာ... ဖိုးသားသိတာလေးနဲ့ ရေးထားတာပေါ့ ဘုန်းဘုန်းရာ... သိပ်တော့မကောင်းဘူး... ဘုန်းဘုန်းဘွဲ့တော်လေးကို ပူဇော်ချင်တာနဲ့ ရေးလိုက်တာ ဘုန်းဘုန်း... ဖတ်ကြည့်ပေးပါနော်...
ဖိုးသားလေ ဒီလို ဘုန်းဘုန်းတို့ဘွဲ့တော်လေးတွေကို ကဗျာလေးတွေစပ်ပြီး ပူဇော်တာ တော်တော်များသွားပြီ ဘုန်းဘုန်းရ။ ဘုန်းဘုန်းတို့ကို ကြည်ညိုတာနဲ့ အခုလိုရေးစပ် ပူဇော်မိတာပါ ဘုန်းဘုန်း။ နောက် ဖိုသားကလည်း ကဗျာလေးတွေ ရေးစပ်သီကုံးရတာလည်း ၀ါသနာပါတာနဲ့ ရေးဖြစ်တာပါ။ မှားတာလေးတွေ ပါခဲ့ရင်လည်း ဖိုးသားကို ခွင့်လွှတ်ပါနော် ဘုန်းဘုန်း... သိတာလေးနဲ့ ရေးစပ်ပူဇော်ရတာ ဆိုတော့ အမှားတွေ၊ လိုအပ်ချက်တွေကတော့ ခပ်များများလေ...
ကျေးဇူးတင်ပါတယ် ဘုန်းဘုန်း...။ ဘုန်းဘုန်းတို့တတွေ ဒီသာသနာကို ထိန်းသိမ်း စောင့်ရှောက်နေကြလို့လေ... အဲဒီအတွက် ကျေးဇူးတင်ရခြင်းပါ။ ဘုန်းဘုန်းတို့ ဘာပဲဖြစ်နေဖြစ်နေ သံဃာ့ဂုဏ်နဲ့ သင်္ကန်းဂုဏ်တွေကို ရည်မှန်းပြီး ဖိုးသား အကြည်ညိုမပြတ် နေတတ်၊ ပူဇော်တတ်အောင် ကြိုးစားလျက်ပါ ဘုန်းဘုန်း။
ဘုန်းဘုန်းကျန်းမာပါစေ။
လေးစားရိုသေစွာ ဦးချကန်တော့လျက်
ချစ်တပည့်လေး
ဖိုးသား
>>> ဘုန်းဘုန်းမေတ္တာစာရ ဘွဲ့တော်လေးကို အာရုံပြု၍ ရေးစပ် ပူဇော်လိုက်ရခြင်းပါ…။
လေးစားစွာဖြင့်
ဖိုးသား
31/01/2009, SAT:, 01:49:34 AM

*မေတ္တာဖျန်း၍ လန်းချင်ပါဘိ*
“မေတ္တာ” ဖျန်းရင် လန်းတယ်တဲ့
ကျွန်ုပ်လည်း လန်းချင်ပါဘိ
သင့်ရဲ့ဖြူစင်သန့်ရှင်း
ရနံ့သင်းတဲ့
မေတ္တာပန်းခင်းထက်မှာပေါ့...။
ကဗျာမပီ ကာရံမညီတဲ့
ဒီ “စာ” ကိုစီရင်း
မပီကလာအတွေးနဲ့
ရေးတေးတေးစဉ်းစားမိ
မေတ္တာဆိုတဲ့ ပန်းနုလွှာ
ဘာရယ်ကြောင့်များ ရှားပါလိမ့်
ဤကမ္ဘာမြေမှာလေ...။
ဒါပေမယ့်လည်း
ရှားချင်သလောက်ရှား
ပါးချင်သလောက်ပါး
မေတ္တာငတ်နေတဲ့ကျွန်ုပ်
မေတ္တာရချင်တဲ့ ကျွန်ုပ်
“ရ” ကြပါစေ
မေတ္တာတွေခြွေနေမိ
ကောက်ကာသီလို့
ပန်ဆင်နိုင်ကြစေ...။

January 31, 2009 at 1:04 AM
ကိုဖိုးသားကတော့တကယ်..ဘုရားတရားကြည်ညိုလှပါ
ပေတယ်...အားပေးတယ်ဗျာ..ကျွန်တော်တို့ကိုလဲ
အမြင်မတော်ရှိပြောပါဗျ....