Latest News

*မြတ်စွာဘုရား၏ နောက်ဆုံး ပစ္ဆိမဘ၀တွင် ခံစားတော်မူခဲ့ရသော ၀ိပါက်တော် (၁၂)ပါး*

(၁) မြတ်ဗုဒ္ဓ ဒုက္ကရစရိယာအကျင့်ကို (၆) နှစ်တိတိ ကျင့်ရခြင်း၏ အကြောင်းရင်း

ဥရုဝေဠ တောဝမြိုင်ခွင်၊
ခြောက်နှစ်ပတ်လုံး ကျင့်သုံးအရှင်
အားကုန်ခမ်းလို့ ညှိုးးနွမ်းငြိုငြင်၊
ပင်ပန်းရေးဝဋ်ကျွေးဘယ့်ကြောင့်ထင်?

ကဿပဘုရား ထင်ရှားပွင့်သော်၊
ဇောတိပါလ နာမအကျော်၊
ပုဏ္ဏားမာန်တက် နှုတ်မြွက်အာဘော်၊
ဝစီပြင်း ရှေးရင်းဝိပါက်တော်။

(၂) ပရိသတ်အလယ် စိဉ္စမာဏအမျိုးသမီး၏ စွပ်စွဲခြင်းကို ခံရခြင်း၏ အကြောင်းရင်း

စိဉ္စမာဏ မိန်းမစေကျွန်၊
ကိုယ်ဝန်ရှိသော ဆိုပြောအလွန်၊
လက်သည်ထားလို့ ဘုရားကိုညွှန်၊
စွပ်စွဲခဲ့ အဘယ့်ဝိပါတ်ဝန်?

သောက်စားလွန်ကျူး ယစ်မူးပျော်ရွှင်၊
သေသောက်သမားဖြစ်ငြားယခင်၊
ရဟန္တာာမြတ် ဆွမ်းရပ်သည်မြင်
အကျင့်ယုတ် ဖွင့်ထုတ်စွပ်စွဲအင်။

(၃) သုန္ဒရီ ပရိဗိုဇ်မ (ပရိဗ္ဗာဇက)၏ ထင်ယောင် ထင်မှားဖြစ်အောင် စွပ်စွဲခြင်းကို ခံတော်မူရခြင်း၏ အကြောင်းရင်း

တိတ္ထိစေခိုင်း မိုက်ရှိုင်းဒုဿီ၊
ထင်ရောင်ထင်မှား ပြုငြားသုန္ဒရီ၊
လူရှင်အပေါင်း ယုံကြောင်းပွေလီ၊
ရှင်တော်ထွက် ဘယ်ဝဋ်ရှေးကမှီ?

မုနာဠိဟု မည်ရှိလောင်းတော်၊
သောက်စားမောက်ကြွား မှောက်မှားရွှင်ပျော်၊
ရှင်ပစ္စေက ဗုဒ္ဓမြင်သော်၊
ဒုဿီပဲ စွပ်စွဲဝဋ်ကြွေးပေါ်။

(၄) တိတ္ထိတို့၏ လူများသံသယ၀င်အောင် စွပ်စွဲခံရခြင်း၏ အကြောင်းရင်း

သုန္ဒရီမိုက် သတ်လိုက်သေရာ၊
တိတ္ထိအသင်း သတင်းလွှင့်ကာ၊
တပည့်များနှင့် ဘုရားကိုသာ၊
လူးအများ ယုံမှားဘယ်တွက်သာ?

လောင်းတော်ရသေ့ ပျော်မွေ့စံရာ၊
ရသေ့တစ်ဦး ဈာန်မြူးကွန့်လာ၊
ငြူစူစိတ်ထား ပွားများဣဿာ၊
အကျင့်ယုတ် ဖွင့်ထုတ်ခဲ့ပြစ်ပါ။

(၅) အရှင်ဒေ၀ဒတ္တ၏ ကျောက်မောင်းဆင် လုပ်ကြံခံရခြင်းကို ခံတော်မူရခြင်း၏ အကြောင်းရင်း

ဂိဇ္ဈတောင်စောင်း ကျောက်မောင်းဆင်ကာ၊
ဒေ၀ဒတ်ယုတ် ခလုတ်အသာ၊
သူဖြုတ်ချလို့ ဗုဒ္ဓခြေမှာ၊
ကျောက်လွှာငြိ ဒဏ်ထိ ဘယ်ဝိပါ?

သူကြွယ်မျိုးဇာတ် ဖြစ်လတ်ခါလေ၊
ညီကိုလှည့်ဖျား ခေါ်သွားခဲ့ပေ၊
ကျောက်ခဲနှင့်ညှပ် ထုသတ်ကြိတ်ချေ၊
ရှေးဝိပါက် အဆက်ပါခဲ့ပေ။

(၆) အရှင်ဒေ၀ဒတ် လုပ်ကြံသော ကျောက်တုံးမှ ဖြာထွက်လာသော ကျောက်လွှာဖြင့် ထိပါးခြင်းကြောင့် မြတ်စွာဘုရား၏ ခြေမတော် သွေးစိမ်းတည်ကာ ကိုက်ခဲသော ဝေဒနာကို ခံစားရတော် မူခဲ့ခြင်း၏ အကြောင်းရင်း

ကျောက်လွှာထိပါး မြတ်ဖျားထွက်တင်၊
တည်နေ၀ပ်ကိန်း သွေးစိမ်းအရှင်၊
ခြေမတော်ထဲ ကိုက်ခဲနာကျင်၊
ဝိပါက်ဟောင်း အကြောင်းဖော်စေချင်?

သူငယ်ဖြစ်ခိုက် လမ်း၌မြူးရွှင်၊
ရှင်ပစ္စေက ဝေးမှမြင်လျှင်၊
ခဲနှင့်ပစ်လိုက် ထိခိုက်ခြေတွင်၊
သွေးယိုဆင်း ရှေးရင်းဝိပါက်ပင်။

(၇) နာဠာဂိရိဆင်ဖြင့် လုပ်ကြံခံတော်မူရခြင်း၏ အကြောင်းရင်း

ဆွမ်းခံကြွမြန်း ထိပ်ပန်းဘုန်းကြွယ်၊
မုန်ကျဆင်ကြီး ခရီးအလယ်၊
ဒေ၀ဒတ်မိုက် လွှတ်လိုက်ပြန်တယ်၊
ရင်ဆိုင်တွေ့ ဆင်ဝှေ့ဘယ်ဝဋ်နွယ်?

ဆင်ထိန်းဆင်ကျောင်း အလောင်းဖြစ်တုံ၊
ရှင်ပစ္စေက လမ်းဝအဆုံ။
ဒေါသထားလို့ ပြစ်မှားသုံမှုန်၊
ဆင်နှင့်တိုက် ၀ဋ်လိုက်စေဖို့ကြုံ။

(၈) ကျောက်လွှာထိခိုက်ခြင်းကြောင့် ခံစားရသော ဝေဒနာကို ဇီဝကဆေးသမား၏ ဓားခွဲမှုကို ခံတော်မူရခြင်း အကြောင်းရင်း

ကျောက်လွှာထိချက် သွေးထွက်ဆူပူ၊
ခြေမတော်ဦး ထွတ်ဖူးတစ်ဆူ၊
သွေးညိုကိန်းလို့ ကျိန်းစပ်တော်မူ၊
ဇီဝက ခွဲရ ဘယ်ဝဋ်ဟူ?

ပဒေသရာဇ် မင်းဖြစ်စဉ်ဝယ်၊
မူးယစ်သောက်စား ဖောက်ပြားမဖွယ်၊
လူရှင်လတ်လတ်သတ်ဖြတ်ပြန်တယ်၊
ဓားဝိပါက် အဆက်သူကနွယ်။

(၉) ခေါင်းကိုက်ဝေဒနာ ခံစားတော်မူရခြင်း၏ အကြောင်းရင်း

သုံးလူ့ထွတ်ထား မြိုက်မှူးသျှောင်ကေ၊
ရံဖန်ခေါင်းထဲ ကိုက်ခဲရပေ၊
ဝေဒနာဝဋ် မလွတ်ကုန်ချေ၊
ဘယ်ဝိပါက် အဆက်ဖော်ပါလေ?

ရှေးခါထပ်လောင်း မကောင်းကံဆော်၊
တံငါမျိုးဇာတ် ဖြစ်လတ်သနော်၊
ငါးများ ဦးခေါင်း ထုထောင်းလေသော်၊
ဝမ်းမြောက်မိ လိုက်ဘိဝါပါက်တော်။

(၁၀) ခါကိုက်ဝေဒနာ ခံစားတော်မူရခြင်း၏ အကြောင်းရင်း

အထွတ်ဆုံးဟု သုံးလူ့ထိပ်ပန်၊
ခါးတော်ကိုက်ခဲ အသည်းအသန်၊
ဝေဒနာများ ခံစားရံဖန်၊
အဘယ်ကြောင်း ကံဟောင်းဖော်ထုန်ရန်?

လက်ဝှေ့သတ်ကောင်း အလောင်းဖြစ်သော်၊
ပြိုင်ပွဲဆိုင်ပွဲ နိုင်မြဲအကျော်၊
နိုင်လျှင်ခါးရိုး တိုးချိုးမြေပေါ်၊
အသတ်ကောင်း ဇာတ်ဟောင်းဝိပါက်တော်။

(၁၁) ၀မ်းသွေးသွန်ရောဂါ ခံစားတော်မှုရခြင်း၏ အကြောင်းရင်း

ဆဒ္ဒန်ဆယ်စီး အားကြီးလျင်မြန်၊
ဝမ်းတော်လွန်သွား ရွှေအားမသန်၊
ခွေယိုင်နွမ်းလို့ မြန်းခဲ့နိဗ္ဗာန်၊
ပြောင်းစေကြောင်း ကံဟောင်းဘယ်သို့ဖန်?

ရောဂါကုစား သမားဥာဏ်ကျယ်၊
သူဌေးသားအား ဆေးဝါးကုတယ်၊
ခ မပေးလို့ ဟိုရှေးဘုန်းကြွယ်၊
ဝမ်းသွားဆေး တိုက်ကြွေးဝဋ်ဟောင်းလည်။

(၁၂) ဝေရဉ္စာပြည်တွင် ၀ါကပ်စဉ် အစာရေစာငတ်ဘေးနှင့် ကြုံ၍ မုယောဆွမ်းကြမ်း ဘုဉ်းပေးရခြင်း၏ အကြောင်းရင်း

ဝေရဉ္ဇတိုင်း သမိုင်းအကျော်
ဝါတော်ကပ်တော့မာရ်နတ်နိုးဆော်
မုယောဆွမ်းမို့ကြမ်းကြမ်းထော်ထော်
ဘုဉ်းပေးရရှေးက၀ိပါတ်တော်

မထင်မရှားမျိုးသားဖြစ်တုံ
ရဟန်းတော်များဆွမ်းစားခိုက်ကြုံ
ဆွမ်းစာကြမ်းလို့ပြစ်မှားဆိုပုံ
ဝစီတွက်ဝိပါက်တော်လို့ယုံ။

>>> ဘုန်းဘုန်းနာယကာလင်္ကာရ ဘလော့မှ ကူးယူ ဖော်ပြ အပ်ပါတယ်ခင်ဗျာ…

လေးစားရိုသေစွာဖြင့်
ဖိုးသား

26.01.2009, MON:, 04:51:47 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply