Latest News

*အတွေးတစ်ချက် ဖွေးလက်ခဲ့သည်*

အားပါးပါး.. မျက်လုံးတွေ တဖြေးဖြေးကိုက်လာတယ်၊ နောက် ဇက်ကြောတွေကလည်း တအား ထိုးလာသလို ခေါင်းတွေကလဲ ကိုက်လိုက်တာမှ အုံခဲလို့… ကျွန်တော်က အဲလိုပဲ.. မျက်လုံးက မကောင်းတော့ စာကြာကြာ ကြည့်ရင်ပဲ ဖြစ်ဖြစ်၊ တစ်ခုခုကို ခပ်ကြာကြာလေး စူးစိုက်ပြီး လုပ်ရင်ပဲ ဖြစ်ဖြစ် အဲလိုဖြစ်နေကျ။ ခုလည်း ကွန်ပျူတာကြည့်တာ များသွားလို့နဲ့ တူပါတယ်။ ဝေဒနာက ပြန်ထလာတယ်။

ဒါနဲ့ ကျွန်တော်လည်း အိပ်ယာပေါ်မှာ ခဏဆိုပြီး အသာအယာလေး လှဲလိုက်မိတယ်.. မျက်လုံးလေးကို အသာအယာလေး မှိတ်ပြီး ခဏလောက် အနားယူမယ်ပေါ့.. ဝေဒနာကို ဖြစ်ပျက် ပြန်ရှုကြည့်ပေမယ့်လည်း စိတ်က ရှုမှုနဲ့ ဝေဒနာကြားမှာ လူးလားခေါက်တုံ.. သူနိုင်လိုက် ကိုယ်နိုင်လိုက်နဲ့။ အဲဒီအချိန်မှာပဲ ကျွန်တော့်ခေါင်းထဲ အတွေးတစ်ချက် ၀င်လာတယ်.. ဘာလဲဆိုတော့…

ဆန့်စား ဆိုတဲ့ စကားလုံးလေးကို သွားသတိရလိုက်တယ်.. ဒီ ဆန့်စား ဆိုတဲ့ စကားလုံးက စစ်တပ်ထဲမှာ အသုံးများတဲ့ စကားလုံးလေး.. ဘယ်လိုသဘောလေးလဲ ဆိုတော့.. တပ်မတော်သားတွေ ရှေ့တန်းထွက်တဲ့ အခါ ရိက္ခာက ငါးရက် တန်သည် တစ်ပတ်တန်သည် .. စသဖြင့် ထည့်သွားလေ့ ရှိကြတာပေါ့ဗျာ.. ဒါပေမယ့်လည်း စစ်မြေပြင်မှာ ရန်သူနဲ့ ထိပ်တိုက် ရင်ဆိုင်ရတဲ့အခါမျိုးမှာ တစ်ပတ်မကဘူး ကြာသွားမယ်.. ရိက္ခာထပ်ဖြည့်ပေးမယ့် တပ်ကလည်း လမ်းခရီးမှာ ကြာဦးမယ်… အဲဒီလို အချိန်အခါမျိုးမှာ လက်ရှိပါလာတဲ့ ရိက္ခာကို နောက်ထပ် သုံးရက်တန်သည် လေးရက်တန်သည်.. ဆက်ပြီးခံနိုင်အောင် ဆန့်စား ရလေ့ရှိတယ်ဗျ။ ဆိုလိုတာကတော့ ပါလာတဲ့ ရိက္ခာ မလောက်ငတဲ့ အခါမျိုးမှာ ရက်ကို ဆန့်စားတဲ့ သဘောပေါ့ဗျာ။ တစ်ရက်ကို တစ်နပ်ပဲစားတာမျိုး၊ ဒါမှမဟုတ် တစ်နပ်စာချက်ပြီး မနက်ည ခွဲစားတာမျိုးပေါ့။

ဒီစကားလုံးနဲ့ ခပ်ဆင်ဆင် တူတာကတော့ ကျွန်တော်တို့ သုံးနေကျ စကားလုံးလေးလေ.. ချွေတာစား ဆိုတာပေါ့.. မိသားစု တစ်ခုမှာ တစ်လရတဲ့ ၀င်ငွေနဲ့ ထွက်ငွေကိုက်အောင် ခြိုးခြံချွေတာ စားတာပေါ့ဗျာ.. ပြောရရင် ဒါလည်း ဆန့်စားတာပါပဲ။

ဒီ ဆန့်စား ဆိုတဲ့ စကားလုံးနဲ့ ပတ်သတ်ပြီး ၀င်လာတဲ့ ကျွန်တော့် အတွေလေးက.. ဒီလိုဗျ မိတ်ဆွေတို့ရ..

ပါလာတဲ့ ရိက္ခာကို ဆန့်စားလည်း ကုန်မှာပဲ.. ဆန့်မစားလည်း အချိန်တန်ရင် ကုန်မှာပဲ.. စားဖို့တော့ လိုတာပေါ့နော်.. ဒါပေမယ့် ဒီလို ဆန့်စားရင်းနဲ့မှ ကြားမှာ ရန်သူ့ကျည်သင့်လို့ တိုက်ပွဲကျသွားရင်တော့ ကျန်တဲ့ရိက္ခာကို ဒီတိုက်ပွဲကျသွားတဲ့သူက စားသုံးခွင့် မရှိတော့ဘူးပေါ့လေ။

ဒီနေရာမှာ ကျွန်တော်တွေးတာက နောက်ပိုင်းဖြစ်မယ့် ပြဿနာကို ထည့်သွင်း စဉ်းစားခြင်း မရှိပါဘူး။ ကုန်မယ်ဆိုတဲ့ စကားလုံးကိုပဲ အခြေတည်ပြီး စဉ်းစားတွေးတော မိသွားတာပါ။ ဟုတ်တယ်လေ.. စားတဲ့သူက စားရင်တော့ ဆန့်စားလည်း ကုန်မှာပဲ၊ ဆန့်မစားလည်း တစ်ချိန်ချိန်ကျ ကုန်မှာပါပဲ။

အဲ.. နောက်တစ်ဆင့်တက်ပြီး ကျွန်တော် ဘာတွေးလိုက်မိလည်း ဆိုတော့..

ကျွန်တော်တို့ အခု လူ့ဘ၀ဆိုတဲ့ စစ်မြေပြင်ကို ရောက်လာပြီ၊ တစ်ဘက်က သေမင်းရန်သူနဲ့ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲလို့ စစ်ခင်းနေရပြီ။ ဘယ်အချိန်မှာ တိုက်ပွဲကျမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ဒီနေ့လည်း ဖြစ်ချင်ဖြစ်မယ်၊ နောက်နေ့လည်း ဖြစ်ချင်ဖြစ်မယ်။ ဒီတိုက်ပွဲအတွက် ကျွန်တော်တို့ ဟိုးအတိတ်ဘ၀တွေက ပြုခဲ့တဲ့ ကုသိုလ် အကုသိုလ်တွေက ရိက္ခာအဖြစ်ပါလာပြီ.. ဒါပေမယ့် ဒါကိုထည့်မစဉ်းစားနဲ့။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ မမြင်နိုင် မသိနိုင်တဲ့ အရာတွေလေ။

ဘာကို စဉ်းစားရမလဲဆိုတော့.. ကျွန်တော်တို့မှာ သံသရာပြတ်ကြောင်း လုပ်နိုင်တဲ့ အခွင့်အလမ်း ရိက္ခာတွေ ကိုယ်စီကိုယ်စီ လက်ဝယ် ရရှိပိုင်ဆိုင်ထားကြပြီ.. ၀ိပဿနာ ရိက္ခာပေါ့.. ဒီရိက္ခာကတော့ ခုန လက်တွေ့စစ်မြေပြင်က ရိက္ခာလို ဆန့်စားကောင်းတဲ့ အရာမဟုတ်ဘူး.. တစ်ရက်စားလိုက်၊ နောက်တစ်နေ့ အငတ်ခံလိုက် စားသင့်တဲ့ ရိက္ခာမျိုး မဟုတ်ဘူး။ ရရင် ရသလို ရတဲ့အချိန်မှာ အ၀စားသုံးသင့်တဲ့ ရိက္ခာမျိုး။ ဘာလို့လည်း ဆိုတော့ တစ်ဖက်က ရန်သူသေမင်းရဲ့ အမြောက် ကျည်က ကိုယ့်ကို ဘယ်အချိန်လာထိမှန်းမှ မသိတာ..

နောက်ပြီး ကျွန်တော်တို့စားသည်ဖြစ်စေ မစားသည်ဖြစ်စေ.. ရန်သူသေမင်းကတော့ အမြောက်ကျည်နဲ့ တရစပ်ပစ်နေမှာပဲလေ.. အဲဒီမှာမှ ဒီဝိပဿနာရိက္ခာကို ၀၀လင်လင် မစားသုံးထားတဲ့သူကိုမှ ကျည်ခခဲ့ရင်တော့…

အားလားလား.. အတွေးရေအလျဉ်မှာ စီးမြောနေလိုက်တာ.. အခုန ခေါင်းကိုက်တာလေးတောင် တော်တော်ပြေသွားပြီ။ ဒီခေါင်းကိုက်ပြေမှုနဲ့ အတူ.. အင်း.. ဒီအတွေးလေးကိုတော့ စာဖတ်သူတွေကို မျှဝေလိုက်ဦးမှပဲဆိုတဲ့ စေတနာနဲ့ယှဉ်တဲ့ စိတ်က ဒီအတွေးနောက်က ကပ်လိုက်လို့လာပြန်တယ်။ ဒါနဲ့ ကျွန်တော်လည်း ဒီအတွေးလေးကို အခြေပြုလို့ ကီးဘုတ်အပေါ်မှာ ကျွန်တော့်ရဲ့ လက်ချောင်းလေးတွေကို ကတောက် ကတောက်နဲ့ ပြေးလွှား ဆော့ကစားလိုက် စဉ်မှာတော့…

>>> အားလုံးသော ဓမ္မမိတ်ဆွေများ ၀ိပဿနာအလုပ်ကို ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေ။

လေးစားစွာဖြင့်
ဖိုးသား

09.01.2009, FRI:, 00:37:37 AM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply