အမေ…
အမေ… စိတ်ရောကိုယ်ပါ ကျန်းမာစေကြောင်း သားဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်အမေ။ သြော်… အမေလို့ခေါ်ရတဲ့ အရသာဟာ ဘယ်အရသာနဲ့မှ အစားထိုးလို့ မရပါလားအမေရယ်။ အမေ့ ကျေးဇူးတွေ တွေးကြည့်လိုက်တိုင်း သားကျေအောင် မဆပ်နိုင်သေးပါလားလို့ ခံစားရတယ်အမေ။ အမေက အသက်ကြီးမှ အိမ်ထောင်ကျခဲ့တယ်နော်။ ဒါပေမယ့်လည်း အမေသားကို အသက်နဲ့ရင်းပြီး မွေးခဲ့တယ်နော် အမေ။ ဗိုက်ခွဲပြီး သားသမီးကိုမွေးဖွားရတာ ဘယ်လောက်တောင်အသက် ဘေးနဲ့နီးမှန်း သားသိပါတယ် အမေရယ်…။ ကိုယ့်သားသမီးကိုမမွေးခင် မိခင်တွေခံစားရတဲ့ နာကျင်မှု ဝေဒနာဟာ ဘယ်လောက်ထိအောင် ခံရခက်သလဲဆိုတာ သားကိုယ်တိုင် ၀င်မခံစားဘူးပေမယ့် သားစာတွေထဲမှာ ဖတ်ဘူးထားလို့ သားနားလည်တယ်အမေ။ အမေ့အသက်က အခုဆို ခြောက်ဆယ့် သုံးကျော် ပြီနော်။ သားကခုမှ နှစ်ဆယ့်သုံး။ အမေရယ်… သားဒါကိုတွေးမိတိုင်း တအားခံစားရပါတယ်။ အမေအိုကြီးကို ပစ်ထားခဲ့ပြီး ငါဘာဖြစ်လို့များ တစ်နယ်တစ်ကျေးကို ထွက်သွားရတာလဲ ဆိုပြီးတော့ပေါ့။ တရား မသိသေးခင်ကတော့ သားတော်တော့်ကို ခံစားခဲ့ရတာပေါ့။ ခုတော့လည်း သားစိတ်ကိုသား ဖြေတတ်နေပါပြီ။ အမေမှတ်မိသေးလား။ သားငယ်ငယ်က အဖေ့လစာနဲ့ မလောက်လို့ အမေ အိမ်နောက်ဖေးက ကန်စွန်းရွက်တွေ ခူးရောင်းပြီး အိမ်စားစရိတ် ဖြည်းတင်းခဲ့တာကိုလေ။ ဈေးရောင်း ပြီးပြန်လာတိုင်း သားဖို့ အမေ၀ယ်ဝယ်လာတဲ့ ညှပ်ခေါက်ဆွဲသုတ်လေးကို သားယနေ့တိုင် သတိရ နေဆဲပါ အမေရယ်…။ ဒါတင် မကသေးပါဘူးလေ။ အဖေကျန်းမာရေး မကောင်းတဲ့အချိန်ကစပြီး အမေ သားကျောင်းစရိတ်နဲ့ အိမ်စရိတ်အတွက် လောက်ငအောင် မိန်းမသားတန်မဲ့ နှစ်လုံး၊ သုံးလုံးရောင်းပြီး ကျွေးခဲ့သေးတယ်လေ။ ကိုယ်တိုင်က ခြောက်တန်းနဲ့ ကျောင်းထွက်ခဲ့ရပေမယ့် တစ်ဦးတည်းသော သားကို ပညာတတ်ကြီး ဖြစ်စေချင်တဲ့ အမေ့ရဲ့စေတနာ မေတ္တာတွေကို သားဘယ်လိုလုပ် မေ့လို့ရပါ့မလဲ အမေရယ်။ သားဆယ်တန်းအောင်တော့ ကိုယ့်သားကိုယ် ဂုဏ်ယူနေတဲ့ အမေ့ရဲ့အပြုံး၊ အမေ့ရဲ့ မျက်လုံးတွေက အော်..စာဖွဲ့လို့ မမှီနိုင်ပါဘူးလေ။ အောင်စာရင်းထွက်ပြီး မကြာပါဘူး အဖေဆုံးတော့ အဖမဲ့သား ထရံကြားမဖြစ်အောင် အမေသားကို အားပေးပြုံး ပြုံးခဲ့သေးတယ်နော်။ အပြုံးမှာ မျက်ရည်စတွေ ရှိနေခဲ့တာကိုတော့ သားသိခဲ့ပါတယ်အမေရယ်။ သားကျောင်းဆက်တက် နိုင်ရေးအတွက် စက်ဘီးတစ်စီးနဲ့ တစ်နေကုန် အလုပ်လုပ်နေခဲ့တဲ့ အမေ့ရဲ့ ပုံရိပ်တွေက သားမျက်လုံးထဲက ခုချိန်ထိ မထွက်သေးဘူးအမေ။
သားပညာဆက်သင်တဲ့ ငါးနှစ်တာကာလမှာ အမေတော်တော်လေးကို အိုစာသွားခဲ့တာပဲနော်။ ပညာရေးကြောင့်သာ ကိုယ့်သားကိုယ် အဝေးတစ်နေရာ စေလွှတ်ခဲ့ပေမယ့် မုဆိုးမပူပူနွေးနွေး အမေ့ရဲ့ ရင်ထဲမှာ ဘယ်လောက်ထိ ခံစားနေရမှန်း သားသိပါတယ်လေ။ လင်နဲ့ကသေကွဲ၊ သားနဲ့ကျပြန်တော့ ရှင်ကွဲ… အော် မိန်းမသား တစ်ယောက်အနေနဲ့ ဘယ်လိုများ ဖြေသိမ့်နိုင်ပါ့မလဲလေ။ တစ်နှစ် တစ်ခါမှ ခွင့်ပြန်လာမယ့် တစ်ဦးတည်းသော သားကို စောင့်မျှော်နေရှာတဲ့ အမေ၊ တစ်လတစ်ခါ ကိုယ့်သားဆီကို ပိုက်ဆံမှန်မှန် ပို့နိုင်ရေး ရုန်းကန်ခဲ့ရတဲ့ အမေ၊ အော်…သတိရတယ် အမေရယ်…။
ကြမ္မာဆိုးတွေက အမေ့ဆီကိုမှရွေးပြီး တမင်လာလေရော့သလား အမေရယ်… အထီးကျန် တစ်ကောင်ကြွက် အမေ့ရဲ့ဘ၀ထဲကိုမှ ဒီနာဂစ်က ၀င်မွှေခဲ့ရတယ်လို့ အမေရယ်။ အဲဒီတုန်းကလည်း အဝေးက ကိုယ့်သားကို စိတ်ပူမှာ စိုးတာနဲ့ပဲ ဘာမှမဖြစ်ဘူးရယ်လို့ ဘာကြောင့်များ ပြောခဲ့ရတာလည်း အမေရယ်။ မုန်တိုင်းကကြမ်း၊ လေကရမ်းနဲ့ မှောင်မှောင်မည်းမည်း အိမ်အိုလေး အတွင်းမှာ အမေ တစ်ယောက်တည်း ဘယ်လောက်များ အားငယ်နေရှာမလဲလို့ သားပြန်တွေးမိတိုင်း သားတော်တော်လေး ခံစားရပါတယ် အမေ။ တကယ့်ကို ခံစားခဲ့ရတာပါ။ မိုးသံလေသံတွေကြားမှာ အမေ့ခမျာ ဘာလုပ်လို့ လုပ်ရမှန်းမသိ၊ ဘယ်ပြေးလို့ ပြေးရမှန်းမသိ၊ ဒီရေကတဝေါဝေါ၊ မိုးသံ လေသံက တ၀ုန်းဝုန်းနဲ့ အမေတော်တော်လေးကို အားငယ်ခဲ့ရှာမှာပဲနော်။ ကံကောင်းလို့ အသက်မသေပေမယ့် အိမ်ဟောင်းကပြို၊ အော်ငါဘယ်လိုများ လုပ်ရပါ့၊ သားသိရင်လည်း စာသင်ရတာ စိတ်မဖြောင့် ဖြစ်နေပါ့မယ်လေ… ဆိုပြီး သားကိုအသိမပေး၊ အဝေးကသားကို ဘာမှမဖြစ်ပါဘူး သားရယ်၊ စိတ်မပူပါနဲ့တဲ့လေ။ ဒီလောက်ကြမ်းတမ်းတဲ့ လောကဓံကို အမေတစ်ယောက်တည်း ခါးခါးသီးသီး ခါးစည်းပြီး ခံခဲ့ရတယ်လို့ အမေရယ်။ အော်... သားအပေါ် အဲဒီလောက်တောင် မေတ္တာတွေထားပြီး ချစ်သဒ္ဓါတွေ ပွားနေရသလား အမေရယ်။
အော်… ဘယ်လိုပဲပြောပြောလေ အမေ့ရဲ့ကျေးဇူး၊ အမေ့ရဲ့မေတ္တာတွေက စာဖွဲ့လို့ မကုန်နိုင်ပါဘူးလေ။ အဝေးကနေပဲ အမေ့ကို အကြိမ်ကြိမ်အခါခါ ရှိခိုးရင်း အမေ့ကျေးဇူးတွေကို အကျေဆပ်နိုင်အောင် ကြိုးစားနေပါတယ် အမေရယ်။
အမေကျန်းမာစေကြောင်း မေတ္တာပို့သလျက်
အမေ့ရဲ့ ချစ်သား
ဖိုးသားတစ်ဖြစ်
ပြည့်စုံအောင်
ရောင်းရင်းညီငယ် နောင်တော်တို့လည်း အမိအဖတို့ရဲ့ ကျေးဇူးတွေ ပြန်လည်ဆပ်နိုင်ရေး မျှော်တွေးပြီး ဒီစာလေးကို ကျွန်တော် ရေးလိုက်ရခြင်းပါ။ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် နေနိုင်ကြပါစေလို့…
မှတ်ချက်။ ။ရေးပြီးသားလေးကို သတိတရ အမှတ်ရစေဖို့ ပြန်လည်ဖော်ပြလိုက်ရခြင်းပါ ခင်ဗျာ။

လေးစားစွာဖြင့်
ဖိုးသား
10.01.2009, SAT:, 10:59:32 AM (အမေနေ့)
pyaesoneaung2007@gmail.com
January 10, 2009 at 12:25 AM
သူငယ်ချင်းရေ သူများတွေ အမေများနေ. ရေးနေချိန်မှာ ကျွန်တော်ကမေ့နေတယ် ရှက်ဖို.ကောင်းလိုက်တာဗျာ။