အမှားကြာလျှင် အမှန်ဖြစ်ဆိုသကဲ့သို့ လောကထဲတွင် မှန်သည်ဟုထင်ပြီး မှားနေကြသော အရာများလည်း ရှိနေပေသည်။ ထိုမှားနေသည့် အကြောင်း အရာများကို အမှားမှန်းသိပြီး အမှန်သို့ ရောက်အောင် ညွန်းပြ ထောက်ဆိုရန်မှာ စာရေးသူတို့၏ တာဝန်ပင် ဖြစ်ချေသည်။
ယခုလည်း စာရေးသူတို့၏ မြို့သို့ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် သာမန်တရားဟော ဓမ္မကထိကများနှင့် နာမည်ကြီး တရားဟော ဓမ္မကထိကများ ရောက်ရှိလာပါသည်။ ပြီးခဲ့သည့် သီတင်းပတ်ကလည်း နိုင်ငံကျော် ဓမ္မကထိက ဆရာတော်တစ်ပါး ကြွရောက်ခဲ့ပါသေးသည်။ ထိုဆရာတော်၏ ဟောပြောချက်များသည် မှတ်သားစရာ၊ ပြုပြင်စရာကောင်းသော အချက်အလက်များကို ဟောတော်မူခဲ့သကဲ့သို့ လိုသည်ထက် ပိုသွားသည့် ဟောကြားမှုမျိုးကို ဟောနေသည်ဟုလည်း တရားနာသူတို့၏ စကားဖြင့် တဆင့်စကား ကြားခဲ့ရပေသေးသည်။ ပြောလိုသည်မှာ နာမည်ကြီး တရားဟောသူများ၏ နှုတ်တော်က ထွက်အံကျလာသည့် စကားတစ်ခွန်းသည် သာမန်ပုဂ္ဂိုလ် အယောက်တစ်ရာ ပြောသည်ထက် အသံစောင်း ထက်လှပေသည်။ ထို့ကြောင့် တရားဟောရာတွင် အမှားမပါအောင် ဟောပြောရန် အလွန်အရေးကြီးပေသည်။ ဤကား တရားဟောသည့် ဓမ္မကထိကများဘက်က သတိထားစရာ အရေးကြီးသည့် အချက်တစ်ချက် ဖြစ်ပေသည်။
တစ်နေ့သ၌ စာရေးသူတို့ မြို့သို့ နိုင်ငံကျော် တရားဟော ဆရာတော်တစ်ပါး ကြွလာသည့်အခါ ဆရာတော် စီးသည့်ကား၏ အရှေ့မှ သာသနာ့အလံထူကာ မော်တော်ဆိုင်ကယ် အစီးရေ တစ်ရာကျော် နှစ်ရာခန့် လိုက်ပါကြသည်။ အမှန်ကား ဆရာတော်စီးသည့်ကား၏ အရှေ့က သွားသည်ဆိုရာဝယ် လမ်းရှင်းရန်အတွက် ရှေ့တော်ပြေး အနေဖြင့်သာ သွားသင့်ပေသည်။ မော်တော်ဆိုင်ကယ် အစီးရေများစွာဖြင့် ရှေ့တော်ပြေး မောင်းနှင်ခြင်းသည် လမ်းမရှင်းသည့်အပြင် ယာဉ်ကြောပါ ရှုပ်ထွေးသွားရပါသည်။ လမ်းအန္တရာယ်လည်း ရှိသည်။ ခရီးသွားသူများလည်း အနှောင့်အယှက်ဖြစ်ရသည်။ သည်ကြားထဲ ဆရာတော်သည် တရားဟောရန်ဖြစ်စေ၊ အလည်အပတ်ဖြစ်စေ မြို့ပြင်သို့ ကြွတော်မူရန်ရှိပါက မော်တော်ဆိုင်ကယ် အရေအတွက် များစွာဖြင့် ရှေ့တော်ကနေ ဆူညံစွာ မနားတမ်း ဟွန်းများ တီးပြီး မောင်းနှင်သွားကြသည်မှာလည်း ပတ်ဝန်းကျင် အနှောင့်အယှက် ဖြစ်သည့်အပြင် ပတ်ဝန်းကျင်ကို ဂရုမစိုက်ရာလည်း ရောက်နေပေသည်။
ထိုအဖြစ်အပျက်သည် ကုသိုလ်ပြုလုပ်သည်နှင့်မတူဘဲ အပျော်သဘောကဲ့သို့ ဖြစ်နေပေတော့သည်။ ဤသို့ မဖြစ်သင့် ဟု စာရေးသူ နည်းတူ အခြားသူများလည်း တွေးမိကောင်း တွေးမိပါလိမ့်မည်။
မြတ်စွာဘုရားရှင်က သမ္ပဇဉ်တရားလေးပါး အကြောင်းကို လောကသတ္တ၀ါများ ကြီးပွားရေးအတွက် ဟောတော်မူခဲ့သည်။ အကျိုးရှိ၊ မရှိကို သိတာက သတ္ထကသမ္ပဇဉ် ဟုခေါ်သည်။ နောက်တစ်ခုက အကျိုးရှိသော်လည်း လုပ်သင့် မလုပ်သင့်ဟု ကောင်းစွာသိခြင်းကို သပ္ပါယသမ္ပဇဉ် ဟု ခေါ်ပါသည်။
ယခုလုပ်ရပ်သည်လည်း ကုသိုလ်ရသည်၊ အကျိုးရှိသည်ဟု ဆိုသော်ငြားလည်း လုပ်သင့်၊ မလုပ်သင့်ကို ဉာဏ်ဖြင့် သိဖို့လိုပါသည်။ ဤသို့ သိမှတ်မှုကိုပင် ဘုရားက ‘သပ္ပါယသမ္ပဇဉ်’ဟု မိန့်တော်မူခဲ့ပါသည်။
တစ်ခါက ရန်ကုန်မြို့တွင်း တစ်နေရာတွင် နိုင်ငံကျော် ဆရာတော်တစ်ပါး၏ ညတရားပွဲတစ်ခု ကျင်းပ်ခဲ့သည်။ ညဖက်ရောက်သောအခါ တရားဟော ဆရာတော်အား ကားအစီး အရေအတွက် များစွာဖြင့် ပင့်ဆောင်ကြပါသည်။ တစ်နေရာအရောက်တွင် ကားအစီးရေ များပြားလှသည့်အတွက် ယဉ်ကြောကို ခေတ္တပိတ်ဆို့ ထားရသည်အထိ ဖြစ်ခဲ့ရသည်။ ထိုအခြေအနေကို သိသော ဆရာတော်သည် ကားပေါ်မှ ရုတ်တရက်ဆင်းကာ တရားပွဲရှိရာသို့ ခြေလျှင်ခရီးဖြင့် ကြွခဲ့ပါတော့သည်။ တရားပွဲအချိန်ကျရောက်သဖြင့် တရားဟောသောအခါ ဆရာတော်က ဦးစွာ “ဒကာတို့… ဘာသာရေးလုပ်တဲ့နေရာမှာ ယခုလို ယာဉ်ကြောကို ခေတ္တပိတ်ဆို့ ရလောက်အောင် ဖြစ်သွားရတယ်။ ဒီတိုင်းပြည်မှာ ဗုဒ္ဓဘာသာအပြင် တစ်ခြား ဘာသာတွေလည်း ရှိနေတယ်။ ဒီအခွင့်အရေးကို ကိုယ့်အတွက်ချည်းပဲ ယူထားတာ သဘာဝမကျဘူး။ ကိုယ့်ကြောင့် တစ်ခြားခရီးသွားနေသူတွေ ခရီးကြန့်ကြာပြီး စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဒါကြောင့် ဘုန်းကြီး ကားပေါ်က ဆင်းပြီး ခြေနဲ့လျှောက်လာတာပါ။ နောက် ဒါမျိုးမဖြစ်အောင် သတိထားဖို့ လိုလိမ့်မယ်” ဟု မိန့်တော်မူခဲ့ပါသည်။
ဤကား တရားပွဲပင့်သူ ဒကာအချို့တို့၏ ပညာကင်းမဲ့သည့် ယုံကြည်မှုဖြင့် အဆင်အခြင် ဉာဏ်နည်းကာ ပြုလုပ်နေကြခြင်းဖြစ်သည်။ ဤကိစ္စကို သည်လိုမလုပ်ပါနှင့် ဟုပြောလျှင် ပြောသူကို ‘မနာလိုဖြစ်နေတယ်’ ဟု ပြောပေဦးမည်။ ပြောလိုက ပြောနိုင်သည်။ ဤသို့ ပြောလာသော်လည်း သတိပေး ရေးသားရမည်က စာရေးသူတို့၏ တာဝန်ပင် ဖြစ်သည်။
ကျောက်များသည် နဂိုရ်ကတည်းက တန်ဖိုးရှိပြီးသားဖြစ်သည်။ မထင်မှတ်သည့် အပြစ်အနာအဆာလေးတွေကို ဖယ်ထုတ်ကာ လှပအောင် သွေးပေးကြရုံသာရှိသည်။ ထို့အတူ လူငယ်လူရွယ်များသည်လည်း ပင်ကိုယ်က သဒ္ဓါတရား အားကောင်းကြပြီး ဖြစ်သည်။ မလုပ်သင့်၊ လုပ်သင့်ဆိုသည်ကို ဆရာတော်များ၊ ရဟန်းသံဃာတော်များက အဆုံးမ သြ၀ါဒပေးလျှင်လည်း သောဝစဿတာ ဂုဏ်နှင့်ညီအောင် အဆုံးမလွယ်သည့် ပုဂ္ဂိုလ်များဖြစ်ရန်သာ လိုပေသည်။
မြတ်စွာဘုရား လက်ထက်တော်အခါက ရှင်ဘုရင်နှင့် မူးကြီးမတ်ကြီးများသည် မြတ်စွာဘုရားထံ သွားကြသည့်အခါ မြတ်စွာဘုရား မမြင်နိုင်လောက်သည့် အဝေးကတည်းကနေ စီးတော်ယာဉ်ပေါ်မှ ဆင်းပြီး ခြေလျှင် ခရီးဖြင့် လျှောက်လာကြသည်။ ဘုရားရှင်လက်ထက်တော်အခါက မိထွေးတော် ဂေါတမီအမှူးရှိ နန်းတွင်းသူ အမျိုးသမီးများသည် ဘိက္ခုနီမ ပြုလုပ်နိုင်ရေးအတွက် ဘုရားရှင် ထံသွားသောအခါ ယူဇနာများစွာ ကွာဝေးပြီး ကြမ်းတမ်းသည့် လမ်းခရီး၌ ယာဉ်ကို အသုံးမပြုဘဲ ခြေလျင်ခရီးဖြင့် ပင်ပမ်းစွာ လာခဲ့ကြသည်။ ဤသည်မှာ ဘုရားရှင်အား ရိုသေမှု ဂါရ၀တရားထားကာ ခြေလျင်ဖြင့် လျှောက်လာခြင်းပင်ဖြစ်သည်။ ယနေ့ခေတ်တွင် လည်း ဘုန်းတော်ကြီးကျောင်းဝင်း အတွင်းသို့ မော်တော်ကား၊ မော်တော်ဆိုင်ကယ်တို့ဖြင့် စီးနင်းဝင်ရောက်သူများ သတိထားစရာ တစ်ခုဖြစ်နေသည်။
ယခုအခါ မြို့ရွာအနှံ့ တရားပွဲများ ကျင်းပကြသည်မှာ ယခင်ကထက် ပိုမိုများလာသည်ကို တွေ့ရသည်။ တရားဟောပုဂ္ဂိုလ်များလည်း လွန်စွာ ပေါများလာသကဲ့သို့ တရားနာပုဂ္ဂိုလ်များလည်း တရားပွဲတိုင်းလိုလို အရေအတွက် များပြားလှသည်။ ထိုမြင်ကွင်းများသည် သာသနာအတွက် အားတက်ဖွယ်ရာ ဖြစ်ပေမယ့် တရားဟော တရားနာသူများအတွက် ပြုပြင်ဆင်ခြင်စရာများလည်း ရှိလာသည်ကို တွေ့ရပေသည်။
တရားနာသူများ သတိထားစရာ…
တစ်နေ့သ၌ “မနေ့ညက ငါတို့ဆရာတော် တရားဟောတာ သိန်း ၅၀ တောင်ရတယ်၊ ဘယ်ဆရာတော်မှ ဒီလို ရဖူးတာ မဟုတ်ဘူး၊ အဲဒါ ဒို့ ဆရာတော်ဘုန်းကံကြောင့်ရတာ” ။ “အံမယ်… ရှင်တို့ဘုန်းကြီးက သိန်း ၅၀ ပဲရတာ၊ ကျူပ်တို့ဘုန်းကြီးကတော့ ပြီးခဲ့တဲ့အပတ်က ကျင်းပခဲ့တဲ့ တရားပွဲမှာ လူတွေ တစ်ခါမှ မပြည့်ဖူးတဲ့ ဘောလုံးကွင်းကြီးဆို လူတွေအပြည့်ပဲ၊ အဲဒါတင် ဘယ်ကမလဲ ကွင်းကြီးတစ်ခုလုံး လျှံတောင် လျှံသွားတယ်လေ။ အဲဒီညက သိန်း ပေါင်း ၉၀ လောက်ရတယ်လို့ ကြော်ငြာတယ်၊ အဲဒါ ရှင်တို့ လည်း ကြားသားပဲ” စသဖြင့် တရားနာခဲ့သည့် လူများရဲ့ ပြောဆိုနေကြသည့် စကားများ ဖြစ်သည်။ တရားနာခဲ့ပေမယ့် တရားမရဘဲ ဒီလိုအသိဉာဏ်မျိုးသာ ရလာသည် ဆိုလျှင်တော့ ၀မ်းနည်းစရာ ကောင်းလှပေသည်။
အမှန်စင်စစ် တရားနာရာတွင် မှတ်မိအောင် နာရသည်။ မှတ်သားမိသည့် တရားအဓိပ္ပါယ်များကို ယောနိသော မနသိကာရ အသင့်အတင့် မှန်ကန်စွာ နှလုံးသွင်းနိုင်ရမည်။ ထိုမှတဆင့်တက်ကာ တရားတော်လာအတိုင်း ကျင့်နိုင်ကြရပေမည်။ သို့မှသာ တရားနာရကျိုးနပ်မည် မဟုတ်ပါလော။ ဤကား တရားနာလာသူ ဒကာ၊ ဒကာမများအား ဖြစ်စေချင်သော စာရေးသူရဲ့ စေတနာ အရင်းခံဖြစ်သည်။
တစ်ဖန် ယခုအချိန်တွင် စာရေးသူတို့ မြို့လေး၌ ညတရားပွဲများသည် ရပ်ကွက်အသီးသီးတွင် ယခင်ကထက် ပိုမိုများပြားစွာ ကျင်းပလာကြသည်။ တရားနာသူ များကလည်း ငြီးငွေ့မှုမရှိ တရားနာနိုင်ကြသည်။ အချို့ရွာများမှ ရေလမ်းဖြစ်စေ၊ ကုန်းလမ်း ဖြစ်စေ အပင်ပမ်းခံလာရောက်ကာ တရားနာယူကြသည်ကို တွေ့မြင်ရသည်။ မိမိတို့အတွက် တရားနာရကျိုးနပ်အောင် တရားနာတတ်ရန်သာ လိုသည်။
မှတ်မိပါသေးသည်၊ ပြီးခဲ့သည့် နှစ်တုန်းက နိုင်ငံကျော်ဓမ္မကထိက ကိုးဘွဲ့ရ ဆရာတော်တစ်ပါးသည် စာရေးသူတို့ မြို့သို့ ကြွရောက် တရားဟောကြားမည် ဟု ကြော်ငြာများတွင် ဖတ်လိုက်ရပါသည်။
ယခုဒီနှစ်တွင်လည်း ဆယ်ဘွဲ့ရ ဆရာတော်တစ်ပါး ကြွရောက် တရားဟောကြားမည် ဟု လက်ကမ်းစာစောင်တစ်ခုမှာ ဖတ်လိုက်ရပါသည်။ လအနည်းငယ်ခန့် အကြာတွင် စာရေးသူထံသို့ ရင်းနှီးသည့် ဒကာတစ်ဦး ရောက်ရှိလာပြီး သူဟာ တစ်ဆယ့် ငါးဘွဲ့ရ ဆရာတော်၏ တရားပွဲအတွက် မြို့ထဲလှည့်ကာ နှိုးဆော်ရာမှ ပြန်လာခဲ့ကြောင်း ပြောကာ စာရေးသူအား လက်ကမ်းစာစောင် တစ်ရွက်ပေးပါသည်။ ထိုစာစောင်တွင် ဆရာတော်ပုံတော်၏ တစ်ဖက်စာမျက်နှာတွင် ‘ရရှိခဲ့သော ဘွဲ့တံဆိပ်များ’ ဟု ခေါင်းစဉ်တပ်ကာ ရရှိခဲ့သည့် ဘွဲ့များကို အစဉ်အတိုင်း တစ်ဆယ့်ငါးခုတိုင်အောင် ရေးကာ ကြော်ငြာထားပါသည်။ လွန်ခဲ့သည့်နှစ်ကလည်း ဘွဲ့ပေါင်း (၃၅)ဘွဲ့ရ ဟု ထုတ်ဖေါ်ပြခဲ့သည့် ဓမ္မကထိကတစ်ပါးလည်း ပေါ်ခဲ့သေးသည် လို့ ကြားခဲ့ရပါသည်။
ယခုလို ဘွဲ့ထူးဂုဏ်ထူးများစွာ လူအများသိအောင် ဖေါ်ပြခြင်းသည် အဘယ်ကြောင့်ပါနည်း၊ “ဂုဏ၀န္တေ ပဿန္တေ ဇနာ” (လူများသည် ဂုဏ်ရှိသူကို မြင်ကြ၏) ဆိုသည့်အတိုင်း လူတွေမြင်နိုင်အောင် လူတွေအထင်ကြီးအောင် ရရှိထားသည့် ဘွဲ့ထူး ဂုဏ်ထူးများစွာကို ထုတ်ဖေါ်ခြင်းလော။ သည်လိုမဟုတ်လျှင် မည်သည့်အတွက် ဖေါ်ပြကြပါသနည်း။
တစ်ခါတုန်းက တိပိဋကဆရာတော်ကြီးသည် စာရေးသူတို့မြို့သို့ ကြွရောက် တရားဟောတော် မူသည်ကို မှတ်မိပါသေးသည်။ ထိုစဉ်က (ဗင်နိုင်းမပေါ်ပေါက်သေး) ကြော်ငြာ ကပ်ထားသည်မှာ တိပိဋကဆရာတော်ကြီးသည် မည်သည့်ရက်တွင် တရားဟောကြားတော် မူမည် ဖြစ်ကြောင်း ရိုးရိုးလေး ကြော်ငြာထားသည်ကို တွေ့ရပေသည်။ မည်သည့်ဘွဲ့ထူး ဂုဏ်ထူးကိုမျှ ဖေါ်ပြထာခြင်းမရှိပေ။ ထို့အပြင် ယခင်က စာတတ်ပေတတ် လယ်တီဆရာတော်ဘုရားကြီး၊ မန်လည် ဆရာတော်ဘုရားကြီး၊ရွှေဟင်္သာ ဆရာတော်ဘုရားကြီး၊ စံကင်းဆရာတော် ဘုရားကြီး၊ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး စသည့် စာပေ ပရိယတ္တိအရာတွင် ထင်ရှားကျော်ကြားသည့် ဆရာတော်များသည် သူတို့၏ နာမည်အရှေ့တွင် မည်သည့်ဘွဲ့ထူးဂုဏ်ထူးကိုမျှ ဖေါ်ပြထားသည်ကို မတွေ့ရချေ။
ယခုကဲ့သို့ ကိုးဘွဲ့၊ဆယ်ဘွဲ့၊တစ်ဆယ့်ငါးဘွဲ့၊သုံးဆယ့်ငါးဘွဲ့ စသည့် ဘွဲ့များသည် မျက်မှောက်ဘ၀တွင် ရရှိထားသော ဘွဲ့များသာ ဖြစ်ပေသည်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် လေးသင်္ချေနှင့် တစ်ကမ္ဘာတစ်သိန်း သွေးချွေးတို့ဖြင့် ပေးဆပ်ခဲ့ရပြီး သူတကာတို့ ပြုနိုင်ခဲသည့် ပါရမီတို့ကို ဖြည့်ကျင့်၍ ဘုရားအဖြစ်သို့ ရောက်တော် မူခဲ့သည့်အပြင် သိစရာမှန်သမျှ မကျန်ရအောင် အလုံးစုံကို သိမြင်တော်မူ သော ဘုရားရှင်တောင်မှ “ဂေါတမမြတ်စွာဘုရား” ဟုသာ ခေါ်ဆိုကြပါသည်။ ဘယ်နှစ်ဘွဲ့ရ မြတ်စွာဘုရား ဟု မည်သည့်စာပေမှာမှ အလာမရှိပေ။ ရှေးရှေး ပွင့်တော်မူခဲ့သည့် ဘုရားရှင်များလည်း ထိုနည်းအတူဖြစ်ပါသည်။ ဘုရားရှင် ကိုယ်တော်တိုင် ပညာအရာ တန်ခိုးအရာ ဧတဒဂ်ရ ချီးမြှင့်တော်မူခဲ့သည့် အရှင်သာရိပုတ္တရာ အရှင်မဟာ မောဂ္ဂလာန်တို့၏ ဘွဲ့တော်သည်လည်း တစ်ခုသာရှိသည်။ ထို့အတူ ဆဠာဘိညာ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ အရှင်မြတ်တို့သည်လည်း အရှင်…မထေရ် ဟု နာမည်တစ်လုံးသာ ရှိသည်။ နာမည်အရှေ့မှ မည်သည့် ဘွဲ့တော်ကိုမှ ထုတ်ဖေါ်ပြသခြင်းမရှိကြပါ။ ရှေးက သူတော်ကောင်းကြီးများသည် ရရှိသည့် ဘွဲ့ထူးဂုဏ်ထူးများကို လူအထင်ကြီးအောင် အသုံးချခြင်း မပြုခဲ့ကြသည်မှာ သတိထားစရာ တစ်ခုအဖြစ် တွေ့မြင်ရ ပေသည်။
အချူပ်အားဖြင့် ဆိုရသော် သဒ္ဓါတရားအားကောင်းသည့် တရားပွဲပင့်သူ စီစဉ်သူများကလည်း ပြုပြင်ဆင်ခြင်သင့်သည့် အရာများကို ပြုပြင်ဆင်ခြင်ဖို့ လိုအပ်ဖို့ လိုသကဲ့သို့တရားနာသူများကလည်း တရားကို တရားနှင့်တူအောင် နာတတ်ဖို့ အထူးလိုအပ်လှပါသည်။ ထို့အပြင် တရားဟောသူများ ကလည်း မိမိသင်ယူခဲ့သည့် ပရိယတ္တိစာပေဘွဲ့ထူးများကို မလိုအပ်သည့်နေရာများတွင် ထုတ်ဖေါ် အသုံးပြုနေမည့်အစား တန်းဖိုးရှိသည့် နေရာတွင် ဂုဏ်သိက္ခာရှိရှိ အသုံးပြုကြစေလိုကြောင်း ပြုပြင်စရာများအဖြစ် တင်ပြလိုက်ပါသည်။
>>> ဘုန်းဘုန်းကောဝိဒ(မြိတ်) ရေးသားဖော်ပြထားမှုအား ကူးယူ မျှဝေအပ်ပါတယ်ခင်ဗျာ..
လေးစားရိုသေစွာဖြင့်
ဖိုးသား
22.01.2009, THU:, 05:10:43 PM

0 comments