ဖိုးသားရေးသားသမျှကို တလေးတစား ဖတ်ပေးနေကြတဲ့ ဓမ္မမိတ်ဆွေများ အားလုံး မင်္ဂလာပါ ခင်ဗျာ…။ ဒီအကြောင်းအရာလေးကိုတော့ ဖိုးသား ခုလေးတင် ကြည့်ရှုကြည်ညိုလိုက်မိတဲ့ *ရဟန်း မစားရသော ဆွမ်းတစ်နပ်* ဇာတ်ကားလေးမှ ကူးယူတင်ပြ လိုက်ရပါတယ်… အားလုံးပဲ ဆွမ်းလှူဒါန်းတတ်အောင် ရည်ရွယ်ပါတယ် ခင်ဗျာ… အမှားများ ပါသွားခဲ့ရင် ဖိုးသားကို သွန်သင်ပေးကြဖို့ တလေးတစား ပြောကြားပါရစေ… ကဲ စလိုက်တော့မယ်နော်…
ဓမ္မမိတ်ဆွေတို့ ကျွန်တော်တို့ အပါအ၀င် ဗုဒ္ဓဘာသာဝင် လူကြီး လူလတ် လူငယ်မရွေး ဆွမ်းလောင်းလှူဖူးကြတဲ့ သူတွေချည်းလို့ ကျွန်တော်ထင်ပါတယ်… ဒီလိုလောင်းလှူတဲ့ အခါမှာလည်း ဆွမ်းလောင်းလှူမှုအကျိုး ၅-မျိုးကို သိကြတဲ့သူ များမှာပါ… မသိသေးတဲ့သူတွေ၊ ဒါမှမဟုတ် သိတော့သိတယ် မေ့နေတဲ့ သူများအတွက် ထပ်ပြီးဖော်ပြပေးလိုက်ပါတယ်… ဒီအကျိုး ၅-မျိုးကို အရင်ဖတ်လိုက်ပါ… ဒါပြီးရင် လူတိုင်းနီးပါး မသိနိုင်သေးတဲ့ (အဲ.. လူတော်တော် များများ မသိသေးတာလို့ ပြောရမယ်ထင်တယ်…) အကြောင်းအရာလေး ကိုထပ်ပြီး ရေးသားမျှဝေပေးပါ့မယ်…
ဆွမ်းအကျိုး ငါးမျိုးက ဘာတွေလဲဆိုတော့…
၁။ အသက်ရှည်ခြင်း
၂။ အဆင်းလှခြင်း
၃။ ချမ်းသာကြီးခြင်း
၎။ ခွန်အားကြီးခြင်း နဲ့
၅။ ဉာဏ်ပညာကြီးခြင်း တို့ပါပဲ…။
ဟုတ်ပြီ.. ဆွမ်းအကျိုး ငါးမျိုးကိုတော့ သိသွားပြီ… အဲ ဒါပေမယ့် တစ်ခုမေးကြည့်ရအောင်…
ဒီလိုဆွမ်းလှူလို့ ဆွမ်းအကျိးငါးပါးကို ရရှိခံစားတာဟာ လှူဒါန်းတဲ့ ပုဂ္ဂိုလ်က ဒီအကျိုး ငါးပါးကို ရတာလား… ဒါမှမဟုတ် အလှူခံပုဂ္ဂိုလ်က ဒီအကျိုးကို ရတာလားလို့…
ကျွန်တော်တို့ မိတ်ဆွေတို့ သိထားကြတာက ဆွမ်းလှူဒါန်းလို့ ရလာတဲ့ အကျိုးတရား ငါးပါးသည် လောင်းလှူတဲ့သူ ဘက်ကရတာပါ။ ဒါပေမယ့်… ဒီဇာတ်ကားလေးထဲမှာ ကျွန်တော်မှတ်သားမိတာက
လောင်းလှူတဲ့သူရော၊ အလှူခံပုဂ္ဂိုလ်ရော နှစ်ဦးနှစ်ဖက်လုံး ဒီအကျိုး တရားကိုရပါသတဲ့၊ နည်းနည်းတော့ အံ့သြသွားမလား မသိဘူး၊ ကျွန်တော်လည်း အဲလိုအလှူခံပုဂ္ဂိုလ် ဘက်ကပါ အကျိုးရတယ်ဆိုတော့ အံ့သြသွားမိတာ အမှန်ပါ။ နောက်ပြီးတော့လည်း ဒီအကျိုးတရားကို လှူတဲ့သူထက် အလှူခံပုဂ္ဂိုလ်က အရင်ရရှိခံစားရပါတယ်တဲ့… ဟုတ်ကဲ့ လက်တွေ့ကျကျပဲ ကျွန်တော်တို့ စဉ်းစားကြည့်တာပေါ့၊ ဘယ်လိုသဘောလေးလဲ၊ နောက် ဒီအကျိုးတွေ ဘယ်လိုကြောင့် အလှူခံ ပုဂ္ဂိုလ်က ရသလဲ…
နံပါတ်တစ်က အသက်ရှည်ခြင်း
ကိုယ်လှူလိုက်တဲ့ ဆွမ်းတစ်နပ်ကို ဒီသံဃာတော် အရှင်မြတ် ဘုဉ်းပေးလိုက်ရပြီဆိုရင် ဒီကြားထဲ ဆွမ်းမဘုဉ်းဘူးပဲထားဦး… အနည်းဆုံးတော့ *ထမင်းအသက် ခုနစ်ရက်* ဆိုသလို အသက်ရှည်စေဖို့အတွက် အကြောင်းတရားတစ်ခု ဖြစ်မသွားပေဘူးလား… ဖြစ်ပါတယ်နော်…
နောက် နံပါတ်နှစ်အနေနဲ့ အဆင်းလှခြင်း
ဒီနေရာမှာ အဆင်းလှခြင်းဆိုတာသည် ရုပ်ရည်ရူပကာ ချောမောလှပတာကို ဆိုလိုခြင်း မဟုတ်ပါဘူးတဲ့… ကိုယ်လောင်းလှူလိုက်တဲ့ ဆွမ်းကို ဘုဉ်ပေးလိုက်ရတဲ့အတွက် အလှူခံ ပုဂ္ဂိုလ်အနေနဲ့ အသားအရည်တွေ စိုပြေလာမယ်၊ တင့်တယ်လာမယ်၊ ၀င်းမွတ်လှပလာမယ် ဒါကိုဆိုလိုတာပါတဲ့… ဒီအကျိုးကိုလည်း အလှူခံ ပုဂ္ဂိုလ်ဘက်က လောင်းလှူတဲ့သူထက် အရင်ရရှိ ခံစားရပါသတဲ့…
ချမ်းသာကြီးခြင်း
ဒီအကျိုးမှာလည်း ပစ္စည်းဥစ္စာ ချမ်းသာကြီးပွားတာကို ဆိုလိုခြင်းမဟုတ်ပါဘူးတဲ့ မိတ်ဆွေတို့ရ…
ဒီဆွမ်းကို ဘုဉ်းပေးပြီး ကျင့်ကြံကျိုးကုတ် အားထုတ်တဲ့ အတွက် လောကုတ္တရာ ကောင်းကျိုးချမ်းသာတွေ အလှူခံပုဂ္ဂိုလ်ဘက်က ရရှိခံစားရတာကို ဆိုလိုတာပါတဲ့လေ… ဒါကတော့ နံပါတ်သုံးအချက်ပါ။
ခွန်အားကြီးခြင်းနဲ့ ဉာဏ်ပညာကြီးခြင်းတို့လည်း ဒီအတိုင်းပါပဲ… မိမိလောင်းလှူလိုက်တဲ့ ဆွမ်းကို ဘုဉ်းပေး သုံးဆောင်လိုက်တဲ့ အတွက်ကြောင့် အလှူခံပုဂ္ဂိုလ် သံဃာတော် အရှင်မြတ်အနေနဲ့ ခွန်အားတွေ တိုးပွားလာမယ်၊ များပြားလာမယ်၊ နောက် ဒီဆွမ်းကို ဘုဉ်းပေးပြီး ပဋိပတ္တိပိုင်းမှာ ကြိုးစားအားထုတ်မယ်ဆိုရင်လည်း တရားထူး တရားမြတ်တွေ ရရှိပြီး ဉာဏ်ပညာအရာမှာ တိုးပွားလာပါမယ်တဲ့…
ဒီအကျိုးတွေက အလှူခံပုဂ္ဂိုလ်ဘက်က ခံစားစံစားရတဲ့ အကျိုးတရားတွေပါပဲ… ဒီလိုပါပဲ အလှူရှင်အနေနဲ့လည်း ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ် ဆိုသလို တန်ပြန်အကျိုးကျေးဇူးတွေ ခံစားရပါတယ်၊ ခံစားနိုင်ပါတယ်တဲ့…
နောက်ဆုံးတစ်ချက် အနေနဲ့ ကျွန်တော်မှတ်သား လိုက်မိတာကတော့… အခုလိုမျိုး ဆွမ်းလောင်းလှူပြီဆိုရင် မိမိအကျိုးကို ရှေးရှုပြီး လောင်းလှူမှာလား… အော် ငါလောင်းလှူလိုက်တဲ့ ဆွမ်းကို ဘုဉ်းပေး သုံးဆောင်ပြီး ရဟန်းသံဃာတွေ အကျိုးတရားတွေ ရရှိခံစားနိုင်ပါစေ ဆိုတဲ့ စိတ်ဓါတ်နဲ့ အလှူခံပုဂ္ဂိုလ်တွေရဲ့ အကျိုးကို ရှေးရှုပြီး လောင်းလှူမှာလား ဆိုတာပါပဲ…
ဟုတ်ပါတယ်.. တော်တော်များများကတော့ ဘာပဲလှူလှူ မိမိအကျိုးအတွက် ရည်ရွယ်ပြီး လှူဒါန်းကြတဲ့ သူတွေက ခပ်များများရယ်ပါ… သူတစ်ပါးအကျိုး ရှေးရှုတယ်ဆိုတာက ပြောရရင် ခပ်ရှားရှား… ကျွန်တော်လည်း အရင်ကတော့ ခပ်များများအဖွဲ့ ထဲမှာပါ… ခုတော့လည်း သိသွားပြီဆိုတော့ ခပ်ရှားရှားအဖွဲ့ ထဲပဲ ပါအောင် ကြိုးစားနေပါတယ်လေ… နောက်ပြီး ခပ်ပါးပါး မဖြစ်အောင်လည်း သတိထားနေရတယ် ခင်ဗျ… ခပ်ပါးပါး ဆိုတာကတော့ဗျာ အလှူဒါနတွေကို ရံဖန်ရံခါမှ၊ အခွင့်တိုက်ဆိုင်မှ လှူဒါန်းတတ်တဲ့ သူမျိုးကို ဆိုလိုတာပါ…
အော်… ဒါနဲ့ စကားမစပ် စာရှုသူမိတ်ဆွေကော ခပ်များများအဖွဲ့ကလား ခပ်ရှားရှားအဖွဲ့ကလား… ခပ်ပါးပါးအဖွဲ့ထဲတော့ မရောက်မိစေနဲ့နော…
>>> အားလုံးပဲ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြပါစေ။
လေးစားစွာဖြင့်
ဖိုးသား
24.01.2009, SAT:, 07:17:53 AM

0 comments