စိတ်ရော၊ ခန္ဓာကိုယ်ပါ တစ်ကိုယ်တည်းနေတဲ့ အကျင့်ကို ဂရုတစိုက် မွေးမြူဖို့လိုတယ်။ (ဘုန်းဘုန်း ဆန္ဒာဓိက စကားနဲ့ပြောရရင် တစ်ယောက်တည်းနေ တစ်စိတ်တည်း ထားပေါ့)။ ကိုယ်ခန္ဓာအားဖြင့် တစ်ကိုယ်တည်း နေတယ်ဆိုတာ တခြားလူတွေနဲ့ အတွေ့မခံဘဲ ရှောင်နေရမယ်လို့တော့ မဟုတ်ဘူး။ အချိန်တွေကို ကိုယ့်အတွက် ပိုအသုံးချဖို့ ဆိုလိုတာပါ။ စိတ်အားဖြင့် တစ်ကိုယ်တည်း နေတယ်ဆိုတာကတော့ ဘာကိုမှမစဉ်းစားဘဲ နေတာ။ ဒါပေမယ့် နိုးကြားပြီး သတိရှိနေဖို့တော့ လိုပါတယ်။ တစ်ချို့တွေကထင်ကြတယ်။ သူတို့ ဘာမှမစဉ်းစားဘဲနေရင် ပျင်းလာမယ်၊ အိပ်ငိုက်လာမယ်ပေါ့။
ဘုန်းဘုန်းဇောတိက

တစ်ကိုယ်တည်း နေခြင်းဟာ အရေးကြီးမှန်း လူတွေနားမလည်ကြဘူး။ လူတွေက သူတို့ကို တစ်နည်းနည်းနဲ့ ပျော်ရွှင်အောင်၊ စိတ်လှုပ်ရှားအောင် လုပ်ပေးမယ့် လူတွေနဲ့အတူ ရှိနေချင်ကြတယ်လေ။ မိမိကိုစိတ်လှုပ်ရှားမှု ပေးမယ့်သူတွေ၊ စိတ်လှုပ်ရှားစေမယ့် အရာတွေကို တောင့်တတတ်ကြတယ်။ သူတို့အတွက် စိတ်လှုပ်ရှားမှုပေးမယ့် သူတွေမရှိရင် ပျင်းလာတတ်တယ်။ ကိုယ်ခန္ဓာအားဖြင့် တစ်ယောက်တည်း နေနေတဲ့အချိန်တောင်မှ လူတွေက စာအုပ်ဖတ်မယ်၊ တီဗွီကြည့်မယ်၊ ရေဒီယို ဒါမှမဟုတ် ကက်ဆက် နားထောင်မယ်၊ ဒါမှမဟုတ် သူတို့လုပ်ခဲ့တဲ့ဟာတွေ၊ မလုပ်ရသေးတဲ့ဟာတွေ စဉ်းစားပြီးနေမယ်။ တစ်ယောက်တည်းနေနေလို့ အဲဒါတွေ တစ်ခုမှ လုပ်မနေကြရင်လည်း အကျိုးရှိမယ့် အရာတွေလုပ်ဖို့ မေ့နေကြပြန်ရော။
ညဏ်ပညာဟာ တစ်ကိုယ်တည်းနေခြင်းရဲ့ အသီးအပွင့်၊ တစ်ကိုယ်တည်း နေခြင်းဟာ ပြန်လည်အား ဖြည့်တင်းမှု။ စိတ်နှလုံးရဲ့ အနက်ရှိုင်းဆုံး ငြိမ်သက်မှုကနေ ဘ၀ဟာ အသက်ဝင်လာပြီး၊ အရာအားလုံးဟာ ဖွင့်ဆိုရှင်းပြဖို့ မလိုလောက်အောင် ဆက်နွယ်ပြီး ဖြစ်ပေါ်နေကြတာပါ။
(ဆရာတော် ဦးဇောတိက)
အခု မြန်မာပြည်ပြန်ရောက်လာတာ တစ်ပတ်ကျော်ပြီ။ ဒီမှာက ဆိတ်ငြိမ်ရိုးရှင်းတဲ့ နေရာလေးပါ။ ကျေးလက်နေလူတွေနဲ့ လယ်သမားတွေ (ဒါယကာတွေ) နည်းနည်းပါးပါးပဲ ရှိတယ်။ ရိုးရှင်းအေးချမ်းတဲ့ အရပ်ဒေသနဲ့ ရိုးသားတဲ့ လူတွေပေါ့။ ဆရာတော့်ရဲ့ စိတ်ပဲရှုပ်ထွေးနေတာပါ။ ဒီမှာ ငှက်တွေလည်း အများကြီးပဲ။ ငှက်တွေရဲ့ သီးချင်းဆိုတဲ့ အသံတွေကို နားထောင်ရတာ သဘောကျတယ်။ လေတွေကလည်း သစ်ပင်တွေကြားမှာ တိုးတိုးသာသာတိုက်လို့။ ဆူညံရှုပ်ထွေးတဲ့ မြို့တွေနဲ့ တခြားစီပဲ။ လုံးဝကိုခြားနားတဲ့ ကမ္ဘာပေါ့။ တကယ့်မြို့ပြကြီးနဲ့ မြို့နေလူတွေဟာ အနှောင့်အယှက် များတယ်။
ဒီမှာက တရားမှတ်လို့ ပိုလွယ်တယ်။ ဆရာတော့်မှာ ရည်မှန်းချက် ကြီးကြီးမားမား မရှိပါဘူး။ ဘ၀ကို ရိုးရိုးရှင်းရှင်း နေပြီး၊ ရိုးရိုးရှင်းရှင်းပဲ မြင်ချင်တာ။ ဆရာတော်က ဘယ်သူ့ကိုမှ ပြောင်းလဲမပေးနိုင်ဘူး။ ကိုယ့်ကိုယ်ကိုလည်း ပြောင်းလဲလို့ မရနိုင်ပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကို စောင့်ကြည့် နိုင်တယ်။ တကယ်လို့ ဆရာတော့်မှာ ပညာအမြော်အမြင်ရှိုရင် လူတိုင်း၊ အရာရာတိုင်းကို စိတ်အနှောင့်အယှက် မဖြစ်ဘဲ၊စိတ်မထိခိုက်ဘဲ စောင့်ကြည့်နိုင်မှာပါ။ ကမ္ဘာကြီိးကို ငါ့ပခုံးထမ်းထားရရင် ငါကဘယ်သူလဲ...။
တခါတလေ ကိုယ်နဲ့ တကယ်ရင်ဖွင့်လို့ရတဲ့ စကားပြောဖော် မိတ်ဆွေတစ်ယောက် လိုချင်မိတယ်။ လူအများစုက ဆရာတော့်ဆီ လာတတ်ကြတယ်။ ဆရာတော် ဘယ်နေရာသွားသွား ဆရာတော်နဲ့ တွေ့ဖို့သူတို့ ရောက်လာတတ်တယ်။ သူတို့ကို စိတ်ဓာတ်တက်ကြွစေဖို့၊ ရဲရင့်စေဖို့၊ စိတ်တည်ငြိမ်ဖို့ ဘယ်လိုလေ့ကျင့်ရမလဲ မေးမြန်းဖို့ပေါ့။ ဒါမှမဟုတ် အနည်းဆုံး အမြဲတမ်း တဖက်သားကို ဒေါသထွက်အောင် ပြောဆိုအနိုင်ယူတတ်တဲ့ လူတွေရဲ့ဘေးကနေ သက်သာရာရဖို့ လာတတ်ကြတယ်။ အဲဒီလို ကိစ္စတွေနဲ့ လူတွေအများကြီး ဆရာတော်အနားမှာ ရှိနေပေမယ့် ကိုယ့်ကို လေးနက်ပြီး အနှစ်သာရရှိစေနိုင်မယ့် အရာတွေ ဝေမျှပေးနိုင်မယ်လူကျတော့ တစ်ယောက်တစ်လေမှ မရှိဘူး။ အနည်းဆုံး ကိုယ့်အတွေးတွေကို ထိန်းပြီး တည်တည်ငြိမ်ငြိမ် ရှိနေဖို့ ကြိုးစားပြီး နေနေရတယ်။
လောကကြီးတစ်ခုလုံးဟာ တကယ့်ကိုရူးနေကြတာပါ။ ဒါပေမယ့် ဘာတတ်နိုင်မှာလဲ၊ ဘာမှမတတ်နိုင်ဘူးလေ။ ဘာကြောင့်များ အဲဒီအတွက်နဲ့ အချိန်တွေ၊ ခွန်အားတွေကို ဖြုန်းနေရမှာလဲ။
>>> ဖိုးသား သူငယ်ချင်းတစ်ယောက် ဘာသာပြန်ပြီး ပို့ပေးလိုက်တဲ့ ဆရာတော် ဦးဇောတိကရဲ့ အကြောင်း တစ်စိတ်တစ်ဒေသပါ…။
>>> အတုယူ လိုက်နာနိုင်စေဖို့ မျှဝေပေးလိုက်ပါတယ်…
လေးစားစွာဖြင့်
ဖိုးသား
25.01.2009, SUN:, 02:12:59 AM

January 24, 2009 at 5:10 PM
ဒီပို့လေးကို ဖတ်ပြီး စိတ်ထဲမှာ တစ်ခုခုသိသွားသလိုပဲ ညီလေးရယ်. ဘာမှန်းတော့ မသိသေးဘူး.ဖတ်နေတဲ့အချိန်လေးမှာတော့ အရမ်းကို အေးချမ်းမိပါတယ်