အတောင်စုံလို့လေဟုန်ကိုခွင်း
အားမာန်တင်း၍
အသိုက်ကိုချန်
ဝေးလံဌာနေ
ပျံရှာလေသော အိုငှက်ငယ်…။
ဝေးရပ်ဆီမှာ
ပျော်နေပြီလား ပျော်နိုင်လား၊
ကျန်ရစ်မိဘ
မောင်နှမသားချင်း
ဆွေသားရင်းကို
လွမ်းနေပြီလား ဆွေးနေလား။
ချိန်တန်တော့လည်း
သင်ချန်ခဲ့တဲ့
သင့်မွေးရပ်ဆီ
အသိုက်ဆီကို
ပြန်ကာနားမယ့် အိုငှက်ငယ်…။
သင့်သန္တာန်မှာ
ပျော်နေပြီလား ပျော်နိုင်လား၊
ဝေးရပ်ဆီက
ကျန်ရစ်မိတ်ဆွေ
ပေါင်းဖော်တွေကို
လွမ်းနေပြီလား ဆွေးနေလား။
တွေ့မိဆုံမိ
ရင်းနှီးမိသည့်
ပြန်ချိန်မတန်
တော်တန်ရာမှာ
စံပျော်နေရစ်
ကျန်ရစ်ဦးမယ့်
အကျွန်ငှက်ငယ်
နှုတ်ဆက်စကား
မပြောကြားလိုပါဘူးလေ…။
သို့ပေမယ့်လည်း
အများပြောတဲ့
တရားသဘောလေးကိုပဲ
စကားချောအောင် စာကိုစီ
ကာရံညီညီ နှုတ်ဆက်ရရင်တော့
ကျန်ရစ်သူရင်မှာ လွမ်းပေမယ့်
အသံဟစ်ဆူကာလေ မတမ်းချင်ပါဘု
ပြန်ရစ်လေဦး
အော်…
ပျံပါလေဦး ငှက်ငယ်ရယ်…။ ။
လေးစားရိုသေစွာဖြင့်
ဖိုးသား
24.01.2009, SAT:, 08:37:58 PM
0 comments