မနက်ကပေါ့ဗျာ.. ကျွန်တော် ထမင်းစားပြီး ပန်းကန်သွားဆေးတယ်… ပန်းကန်ဆေးတဲ့ ဗေဇင်နားမှာ အားပါးပါး အမှိုက်တွေကို ပွစာကြဲလို့.. ဒီမြင်ကွင်းက ဒီတစ်ခါမှ မဟုတ်ဘူး… ကျွန်တော် နေ့တိုင်းနီးပါး တွေ့နေကျ၊ မြင်နေကျ… နောက်ပြီး မနေနိုင်လို့လည်း ကျွန်တော်ကိုယ်တိုင် သွန်နေကျ…အမှိုက်ပုံးလည်း မထားပေးတာ မဟုတ်ပါဘူးဗျာ… ချထားပေးတာပါပဲ… ဒါတောင်မှ အမှိုက်ပုံးထဲမှာ အမှိုက်တွေပြည့်လာရင် သွန်ဖို့ စိတ်မကူးကြဘဲ ထပ်ပြီးပစ်ကြတယ်လေ… အမှိုက်ပုံးက ပြည့်လျှံလို့… နောက် ဘေးမှာလည်း ပွစိတက်လို့… အော် လို့ပဲ တရမလိုဖြစ်နေတယ်… ယောကျာ်းလေးတွေချည်း နေတယ်ဆိုပေမယ့် ယောကျာ်းဖြစ်ရင် အမှိုက်မသွန်ရဘူး၊ တံမြက်စည်း မလှည်းရဘူးလို့ ဘယ်ဥပဒေကမှ မထုတ်ထားလောက်ပါဘူးလေ…
ကျွန်တော် ပထမတော့ အဲလိုအမှိုက်ပစ်တဲ့ သူတွေကို နည်းနည်းဒေါသထွက်မိတယ်… နောက်ပိုင်းတော့လည်း ကိုယ့်ဒေါသ ကိုယ့်ဟာကိုယ် ထိန်းပြီး ကိုယ်လုပ်စရာရှိတာပဲ လုပ်တော့တယ်… သွန်စရာရှိတာသွန်၊ လုပ်စရာရှိတာလုပ်၊ တံမြက်စည်း လှည်းစရာရှိတာလှည်း၊ ဆရာဒွေးဆုံးမထားတဲ့ စာထဲကလို *သူတစ်ပါးအတွက်နဲ့ ကိုယ့်ကိုယ်ကို အကုသိုလ် အဖြစ်မခံတော့ဘူး*…
ဒီခေါင်းစဉ်လေး ပေးဖို့စိတ်ကူးရတာလည်း ဒီအကြောင်းလေးနဲ့ ဆက်စပ်လို့ပါ။ နောက်ပြီး ဆက်တွေးမိတာလေး စိတ်ကူးထဲပေါ်လာတာနဲ့ ဒီပို့စ်လေး ရေးဖြစ်သွားတာပါ။ ကျွန်တော် တွေးမိတာလေးက ဒီလိုခင်ဗျ…
လူတွေ လူတွေ အမှိုက်တော့ ပစ်တတ်ကြတယ်၊ ပစ်နေကြတာပဲ… ဒါပေမယ့် ဘာကြောင့်များ အမှိုက်ပုံး မသွန်ချင်ကြတာလဲ… ရှက်လို့လား၊ ကြောက်လို့လား၊ ကိုယ်နဲ့ မတူမတန်ဘူးလို့ ထင်လို့လား… ကျွန်တော်တို့ စတိတ်ကျောင်းသား ဘ၀တုန်းကလည်း ဒီလိုပဲ… အမှိုက်ဆို ပစ်သာပစ်တတ်ကြတာ… မသွန်ချင်ကြဘူး… မသွန်တာက သိပ်ကိစ္စမရှိပေမယ့် တစ်ချို့ဆို အမှိုက်ပုံးထားပေးတာတောင် အမှိုက်ပုံးထဲ အမှိုက်မပစ်တဲ့ သူကရှိသေး… အပြစ်မြင်တာ မဟုတ်ပါဘူး ကျွန်တော်… မဖြစ်သင့်ဘူး ထင်လို့ပါဗျာ…
ဒါက ကျွန်တော်လောကီနဲ့ ဆက်စပ်ပြီး တွေးမိတာ… နောက် လောကုတ္တရာပိုင်းနဲ့ ဆက်စပ်ပြီးလည်း ဒီလိုလေး ဆက်တွေးမိပါတယ်…
ကျွန်တော်တို့ မိတ်ဆွေတို့ အမှိုက်ဆိုတဲ့ ကိလေသာ တဏှာတွေ နေ့စဉ်ရက်ဆက် စွန့်ပစ်နေကြတယ်… ဘယ်ကို စွန့်ပစ်လဲ ဆိုတော့ တခြားမဟုတ်ဘူး… မိမိရဲ့ အတွင်းသန္တာန် အဇ္ဈတ္တမှာ စွန့်ပစ်နေကြတာ… နေ့တိုင်းနေ့တိုင်း၊ အချိန်တိုင်းအချိန်တိုင်း၊ မိနစ်တိုင်း စက္ကန့်တိုင်း။
ဒါပေမယ့် အဲဒီ ကိလေသာ တဏှာအမှိုက်တွေကို စွန့်တဲ့သူက ခပ်ရှားရှား… အဲလိုမစွန့်လို့ အတွင်းသန္တာန်မှာ ကိလေသာ ပွစိလန်၊ ပွစာတက်၊ ပွစာကြဲနေတဲ့ သူက ခပ်များများရယ်ပါ။ ကျွန်တော် အပါအ၀င်ပေါ့ဗျာ…

ဒီလို အမှိုက်ပစ်ရာမှာ (ကိလေသာအမှိုက်နော်) တစ်ချို့က ကိုယ်အမှိုက်ပစ်တာကို သိကြပေမယ့် တစ်ချို့ဆို အမှိုက်ပစ်လို့ ပစ်မှန်းမသိတဲ့သူက ရှိသေးတယ်လေ… သိအောင်မကြိုးစားတာလည်း ပါမယ်ထင်ပါတယ်… ဘာပဲပြောပြော အမှိုက်ပစ်ပြီးရင်တော့ အဲဒီပစ်လိုက်တဲ့ အမှိုက်ကို စွန့်ပစ်ဖို့တော့ လိုလာပါပြီ… ဟုတ်ပြီ ကျွန်တော်တို့တစ်တွေ ဘယ်လိုစွန့်ကြမလဲ…
ကျွန်တော်တွေးမိပုံ စွန့်ပုံလေး နည်းနည်းပြောကြည့်ရအောင် ဒီနေရာမှာ… (ကိုယ်ရည်သွေးခြင်း မဟုတ်ပါဘူး မိတ်ဆွေတို့၊ ကိုယ်ရည်သွေးသလို ဖြစ်ခဲ့ရင်လည်း ခွင့်လွှတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။)
ကျွန်တော်ကြားဖူး မှတ်သားဖူးတာက… လောဘတဏှာ အားကြီးတဲ့သူ၊ လောဘအမှိုက် ပစ်လေ့ပစ်ထရှိတဲ့ လူမျိုးဆိုရင် ဒါနများများလုပ်ပြီး အဲဒီလောဘတဏှာ အမှိုက်ကို စွန့်ရပါမယ်တဲ့။ ဘာလို့လဲဆိုတော့ ဒါနပြုခြင်းသည် အလောဘ စေတနာကို ပြလို့ပါပဲ… ဒါနများများ ပြုလေလေ၊ လောဘအမှိုက် ကိုယ့်အတွင်းသန္တာန်မှာ နည်းလာလေလေ ပါပဲတဲ့…
နောက် ဒေါသအားကြီးတဲ့ သူတွေကျတော့… သီလကိုဆောက်တည်ပါတဲ့… ဘာလို့လည်းဆိုတော့ သီလဆောက်တည်ခြင်းသည် ကံသုံးပါးကို ထိန်းသိမ်းပြီးသား ဖြစ်လို့ ဒေါသအမှိုက်ကို နည်းသထက်နည်း၊ ပါးသထက်ပါးစေပါတယ်တဲ့…
မောဟအား ကြီးတဲ့သူ၊ မောဟအမှိုက် ကိလေသာ များတဲ့သူများကျတော့ ဘာဝနာပွားပါတဲ့၊ ဘာဝနာမှာလည်း မိတ်ဆွေတို့ သိပြီးကြတဲ့အတိုင်း သမထဘာဝနာနဲ့ ၀ိပဿနာ ဘာဝနာဆိုပြီး ၂-မျိုး ကွဲပါသေးတယ်… သင့်သင့်လျောက်ပတ်တဲ့ သမာဓိလေးနဲ့ ၀ိပဿနာ ဘာဝနာကို ပွားများရင်တော့ မောဟ ကိလေသာအမှိုက်တွေ စွန့်ရာရောက်ပါတယ်တဲ့…
ကျွန်တော်က ဒီလိုပြောလို့ တစ်ခုချင်းရွေးလုပ်ရမှာ မဟုတ်ပါဘူး… ဒါနကော၊ သီလကော၊ ဘာဝနာကော တတ်စွမ်းသ၍ တတ်အားသ၍ မျှတအောင် လုပ်ကြရပါမယ်တဲ့…
ခြုံပြီးပြောရရင်တော့ဗျာ… အဓိကကတော့ စိတ်ပါပဲ… ကိုယ့်စိတ်ကိုယ်နိုင်ရင် ဘယ်ကိလေသာ အမှိုက်ပဲဖြစ်ဖြစ် မိမိရဲ့ အတွင်းသန္တာန်ကို ၀င်မလာနိုင်ပါဘူး… ကိလေသာအမှိုက်ကင်းပြီး မအိုရာ၊ မနာရာ၊ မသေရာ သွားချင်ရင်တော့ ကိုယ့်စိတ်ကိုပဲ ကောင်းအောင် စောင့်ရှောက်ကြရမှာပါပဲလေ…
ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ… ကျွန်တော်နောက်ဆုံး မာနကိုခ၀ါချ၊ ရိုရိုကျိုးကျိုးနဲ့ သတိပေး ပြောကြားရရင်တော့… အမှိုက်လည်းပစ် အမှိုက်လည်း သွန်ကြပါ၊ သွန်တတ်အောင်လည်း အားထုတ်ကြပါလို့…
လေးစားစွာဖြင့်
ဖိုးသား
26.01.2009, MON:, 04:44:36 AM
January 25, 2009 at 9:47 PM
အဖိုးထိုက်တန်လှတဲ့ ပို့ကောင်းလေး ပါပဲ သူငယ်ချင်း..။ လေးစားလျက်ပါ။ ဆက်လက်ပြီးလဲ အများကောင်းကျိုး ဆောင်ရွက်နိုင်ပါစေ။ ကိုယ်တိုင်လဲ ကျင့်ကြံအားထုတ်ပြီး အေးငြိမ်းနိုင်ပါစေ..။
January 26, 2009 at 10:07 AM
Very good topic!I really like it.
All the best!