Latest News

*အစိုးမရတဲ့… စိတ်*

ကွန်ပျူတာရှေ့ ထိုင်နေရင်းက…

မျက်လုံးလေးကို အသာအယာလေး မှိတ်လိုက်မိတယ်.. အာရုံဆိုတဲ့ စိတ်ကလေးက ကိုယ့်ကိုယ်ကို ပြန်ကြည့်နေသလို ခံစားမိတယ်… တရိပ်ရိပ်နဲ့ စိတ်အာရုံက ရင်ထဲစီးဝင်သွားတယ်… ပူနေတာလား သေချာမသိဘူး.. အေးနေတာတော့ မဟုတ်ဘူး ဆိုတာ ကျွန်တော်သိနေတယ်… ဆာလောင်မှုအပေါ် စိတ်ကရောက်သွားပြန်တယ်… နောက်ကလိုက်ကြည့်တော့ ဆာနေတာ သေချာတယ်… ရှုကြည့်တယ်.. စိတ်က အစာအိမ် အနီးဝန်းကျင်မှာ ကူးခတ်စီးမျော နေသလိုပဲ… ဆာနေတာကို သိနေတယ်… ဆာနေတဲ့အပေါ်မှာ စိတ်ကိုတည်ထားလိုက်မိတယ်…

ရင်ထဲမှာ တဖြေးဖြေးနဲ့ ရုန်းရင်းဆန်ခတ် ဗလောင်ဆူလာသလိုပဲ… တရိပ်ရိပ် တဖိတ်ဖိတ်… တလက်လက် တပြက်ပြက် ဇယ်ဆက်နေသလိုပဲ… အာရုံက လွင့်သွားပြန်တယ်… ခေါင်းရောက်လိုက် နှာခေါင်းရောက်လိုက်၊ မျက်လုံးပေါ်ရောက်လိုက် ရင်ဘတ်ပေါ်ရောက်လိုက်… တစ်ခါတစ်ခါ ဘယ်နေရာ ရောက်လို့ရောက်သွားသလဲဆိုတာ မသိလိုက်ဘူး… အသွားအလာ အစုန်အဆန် ကူးခတ်သွားလာတာ တအားမြန်နေတယ်…

မျက်လုံးနေရာကို စိတ်ကရောက်သွာပြန်တယ်… အရိပ်အရောင်တွေကို မြင်နေရတယ်… ပုံရိပ်တွေ အလံတွေ၊ တစ်ခါတစ်လေ ဖော်မရတဲ့ ပုံရိပ်တွေ… ဟော… ရင်တွင်းကို စိတ်ကလေး ကူးသွားပြန်တယ်… သေသေချာချာ စိုက်ကြည့်နေမိတယ် အစိုးမရတဲ့ စိတ်ကလေးကို… မောက်စ် ကိုင်ထားတဲ့ ညာလက်လေးကို အသာလေး လွှတ်ချလိုက်တယ်… အရိပ်တွေ အယောင်တွေ၊ ပုံသဏ္ဍာန် မရှိ ဖမ်းမရတဲ့ အရာတွေ၊ ပြေးလွှားဆော့ကစား လွင့်မျောနေတယ်… လွင့်မျောတာကို လိုက်သိနေတယ်… စာရေးချင်တဲ့ အပေါ် စိတ်ရောက်သွားပြန်တယ်… ဖန်တီးရေးသားထားတဲ့ စာသားတွေအပေါ်လည်း တစ်ခါတစ်ခါ လူးလား လွင့်ပါးသွားသလိုပဲ… ထိုင်နေတဲ့ ခုံအပေါ်ကိုလည်း မကြာမကြာ လွင့်ပါးသွားတယ်… အဲ မကြာလိုက်ဘူး… ဆာနေတဲ့ အာရုံအပေါ် စိတ်ကလေး ပြေးသွားပြန်တယ်… လိုက်တယ်၊ ကြည့်တယ်၊ မြင်နေတယ်၊ သိနေတယ်…

အာရုံက အချိန်နာရီအပေါ် ရောက်သွားပြန်တယ်… ဖျောက်ပစ်ဖို့ ကြိုးစားကြည့်တယ်… ဖျောက်တောင် မဖျောက်ရသေးဘူး၊ စာကျက်ချင်တဲ့ စိတ်ကလေးက အစားထိုးသွားပြန်တယ်… သိလိုက်တဲ့ အချိန်မှာပဲ ပါးစပ်နေရာ၊ သွားနေရာလေးကို စိတ်ကလေး ကူးသွားတယ်… အချိန်ကြည့်ချင်စိတ် ထပ်ပေါ်လာတယ်.. ဟော ပြောလို့မှ မဆုံးသေးဘူး… ဆာလောင်မှုအပေါ် စိတ်ကလေး ရောက်သွားပြန်တယ်…တဒင်္ဂလေးပဲ… ကျောင်းသွားချိန်များ နီးလေပလား ဆိုပြီး စိတ်ကလေးက စဉ်းစားမိပြန်တယ်… စိတ်ကလေး နည်းနည်းလောနေသလို ခံစားမိပြန်တယ်…

ဟော ဆာနေတယ်… ဆာတာကို သိနေတယ်… သိတာကို ထပ်သိပြန်တယ်… အဲလို ထပ်သိတဲ့ အချိန်မှာပဲ ဆာလောင်မှုကို စိတ်ကလေး ပြန်ကူးသွားပြန်တယ်… အာရုံက ဒီမှာတင်လည်နေတယ်ထင်တယ်… ဆက်ရှုလို့ မရတော့မှန်း ကိုယ့်ကိုယ်ကို အလိုလို သိလိုက်တယ်… မျက်လုံးလေးကို အသာ ပြန်ဖွင့်လိုက်တယ်… အချိန်ကြည့်လိုက်တော့ မနက် ကိုးနာရီခွဲ…။

လေးစားစွာဖြင့်
ဖိုးသား

21.01.2009, WED: 09:36:33 AM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply