တီ တီ တီ… တီ တီ တီ၊ တီ တီ တီ… တီ တီ တီ
သံပါတ်သံကြောင့် အိပ်မက်ကမ္ဘာကနေ ကျွန်တော် ဆတ်ခနဲ လန့်နိုးသွားတယ်။ ဒီလို လန့်နိုးမှုနဲ့ အတူ အော် ငါစာမရသေးပါလား ဆိုတဲ့အတွေးက ခေါင်းထဲရောက်လာတယ်။ လူကအိပ်ချင်မူးတူး ထချင်စိတ်ကမရှိဘူး၊ မထချင်တာလည်း မပြောနဲ့လေ။ ည ၁၂ ကျော်မှ အိပ်ပြီး မနက် ၃ နာရီ ပြန်ထတယ်ဆိုတော့လည်း စဉ်းစားသာကြည့်တော့။ စာကျက်စရာ ရှိနေလို့သာ စောစောထရတာ၊ ထချင်စိတ်က ရှိတာမဟုတ်ဘူး။ ဒါပေမယ့်လည်း မထချင်ရင် မထချင်တဲ့စိတ်ကို ဖြစ်ပျက်ပြန်ရှုဆိုတဲ့ ကိုဝင်းမြင့်ရဲ့ စကားသံလေးက နားထဲ ကြားယောင်လိုက်တယ်။ ဒါနဲ့ အဲလိုဖြစ်ပျက်ရှုမှုနဲ့ အတူ အိပ်ယာကထ၊ မျက်နှာသစ် စာအုပ်ကိုင်ပြီး စာကျက်ဖို့လုပ်လိုက်တယ်။ စာက တော်တော်ရှည်တယ်။ နောက်ပြီး ကျက်ရမှာက ကိုယ့်ဘာသာနဲ့မဟုတ်ဘူး။ ရုရှားလို အဲတော့ နဂိုက စာလုံးပေါင်း မရပါဘူးဆိုမှ ပိုဆိုးတော့တာပေါ့။ ပေးလိုက်တာကလည်း ကြည့်ဦး ၂ မျက်နှာကျော်ကျော် ရှိတဲ့စာပိုဒ်ကို အကုန်ကျက်တဲ့၊ နောက်ပြီး အတိုချုံး အကျဉ်းချုပ်ပါကျက်ရမယ်တဲ့၊ မေးချင်ရာ မေးမယ်တဲ့လေ။
အင်း… ကျက်ရမယ်ဆိုတော့လည်း ကျက်ပေါ့၊ ဘယ်တတ်နိုင်ပါ့မလဲ…။ ဒါနဲ့ စကျက်ကြည့်တယ်။ အဲ.. အစပိုင်းကတော့ ကိုယ်သိထားတဲ့ စာလုံးပေါင်းလေးတွေ ခပ်များများဆိုတော့ နည်းနည်းကျက်လို့ ကောင်းသေးတယ်။ နောက်တစ်ပိုဒ်လည်း ကူးရောမသိတာတွေက များလာရော။ ဒါပေမယ့်လည်း နည်းနည်း အားထည့်ပြီး ကျက်လိုက်သေးတယ်၊ မကျက်လို့က မဖြစ်ဘူးလေ.. မရရင် မနက်ဖြန်ကျောင်းမှာ ဆရာမနဲ့ မျက်နှာပျက်စရာ ဖြစ်မှာကိုး။ ဒါပေမယ့်ဗျာ.. တဖြေးဖြေးနဲ့ ကျက်ချင်စိတ်က ကုန်လာတယ်။ အိပ်ရေးမ၀တာကလည်း ပါမယ်ထင်တယ်။ ခေါင်းက ခပ်နောက်နောက် ဖြစ်လာတယ်။ ပြန်အိပ်ပြီးမှ ထကျက်ရင်လည်း မနိုးမှာက ကြောက်ရသေးတယ်။ ဒါနဲ့ ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားလိုက်တယ်။ နာရီကြည့်လိုက်တော့ လေးခွဲကျော်နေပြီ။
အော် ငါမနေ့ကနာထားတဲ့ တရားလေး သူငယ်ချင်းတွေဆီ၊ အစ်ကိုတွေဆီ၊ ညီလေးတွေဆီ မပို့ရသေးပါလား ဆိုတဲ့ အတွေးက ခေါင်းထဲ အရင်ဝင်လာတယ်။ ဒါနဲ့ အဲဒီတရားလေးကို ပို့မယ်ပေါ့။ နာထားတာက MP 4 နဲ့ ဆိုတော့ ကွန်ပျူတာနဲ့ အရင်ချိတ်လိုက်တယ်။ ဒါပေမယ့် ကွန်ပျူတာမှာ တက်မလာဘူး။ နောက်တစ်ခေါက် ထပ်တပ်ကြည့်တယ် တက်မလာပြန်ဘူး။ ကြိုးမကောင်းလို့နဲ့ တူတယ်။ နည်းနည်း စိတ်ဓါတ်က ကျလာတယ်.. ကိုယ်နာထားတာလေး သူတစ်ပါးကို မျှဝေချင်ပါတယ် ဆိုမှ အဲလိုပဲ အဖျက်က ၀င်ဝင်လာတယ် တကယ်ပဲဗျာ။ ဒါနဲ့ ဒီတရား စက်ထဲမှာများ ရှိနိုင်မလား ဆိုပြီး စဉ်းစားကြည့်လိုက်တယ်။ မသေချာဘူး။ နောက် အများကြီးထဲက ရှာရမှာ.. အော် ဒါပေမယ့်လည်း သူများအတွက်ပဲ ရှာလိုက်ပါ့မယ်၊ နည်းနည်း အားထည့်လိုက်ရင်တော့ တွေ့နိုင်ကောင်းပါရဲ့ ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ မိုးကုတ်တရားတော်များဆိုတဲ့ ဖိုင်ကို ဖွင့်လိုက်တယ်.. အားပါးပါး နည်းနည်းနောနောမှ မဟုတ်တာ.. တရားတွေက.. အဲ ဒါပေမယ့် နည်းနည်းတော်သွားတာက ဟောကြားတဲ့ ရက်စွဲနဲ့ disc no ကို ခုန MP 4 တရားထဲမှာ သိလိုက်လို့၊ disc no က 3၊ ဒါနဲ့ 3 ကိုလိုက်ရှာတယ်။ 3 ထဲမှာကလည်း အများကြီး၊ ရှာတယ်.. ရှာတယ်.. ခေါင်းက နည်းနည်း မူးစ ပြုလာတယ်။ မျက်လုံးက သိပ်မကောင်းတော့ နည်းနည်း အားစိုက်လိုက်တာနဲ့ ခေါင်းက ကိုက်လာတော့တာ.. နားလိုက်ရင် ကောင်းမလား…
အာ မဖြစ်သေးပါဘူးလေ.. သူများကွန်ပျူတာလည်း အားတုန်း (ကျွန်တော်က ကွန်ပျူတာ မ၀ယ်ရသေးဘူးလေ)၊ အချိန်လည်း ရတုန်း ပို့လိုက်ဦးမှပါပဲဆိုတဲ့ အတွေးနဲ့ ဆက်ရှာတယ်.. တစ်ပုဒ် နှစ်ပုဒ်.. ဟော တွေ့ပါပြီ disc 3 မှာ 57 ခုနှစ်တုန်းကဟောထားတဲ့ တရားလေး .. တော်သေးတာပေါ့။ အားထည့်ရကျိုးနပ်သွားလို့။ ဒါနဲ့ Forward mail နဲ့ အယောက် ၁၃၀ ကျော်ကို ပို့လိုက်တယ်။ ကျွန်တော် ဒီလိုပို့နေတာကြာပြီ.. သိထားတာလေးတွေ၊ နောက် ကျွန်တော်ရေးတဲ့ ကဗျာလေးတွေ၊ စာလေးတွေ.. နာထားတဲ့ အထဲက ကောင်းတဲ့ တရားလေးတွေ.. ဒါမျိုးလေးတွေပေါ့ဗျာ.. အဲလိုလေးတွေ ပို့ပေးနေကျ။ တစ်ချို့ကျတော့လည်း ကျေးဇူးတင်တယ် ဘာဖြစ်တယ်ဆိုပြီး.. ပြန်ရေးကြတယ်.. တစ်ချို့ကျတော့လည်း ကျွန်တော့် mail ဆိုတာနဲ့ ဖွင့်တောင်မကြည့်ဘဲ delete လုပ်လိုက်ကြတယ်။ ဒါပေမယ့် ဘာပဲပြောပြော ယူတတ်တဲ့သူ ရပလေ့စေ ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ မျှဝေတဲ့ လုပ်ငန်းကို အပျက်ခံခဲ့ပါဘူး..
နည်းနည်းလောက် ပြောပါရစေဦးနော်.. ဒီမျှဝေတဲ့ လုပ်ငန်းလေးနဲ့ ပတ်သတ်လို့..။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်က ပြောတယ်ဗျ.. မင်းကွာ အလကားရတဲ့ စာတွေကို သူများကွန်ပျူတာနဲ့ ရိုက်.. နောက် ကော်ပီတွေပို့.. ပိုက်ဆံလည်း မကုန်၊ အင်တာနက်ကြေးလည်း မကုန်ဘဲနဲ့တဲ့.. ဟုတ်ပါတယ် သူပြောတဲ့အထဲမှာ ပိုက်ဆံမကုန်ဘူး ဆိုတာ.. ဒါပေမယ့် ပိုက်ဆံ မကုန်ပေမယ့် ကျွန်တော်ပင်ပန်းပါတယ် တကယ်ပါဗျာ.. စိတ်ကော လူရော..။ သူများကွန်ပျူတာဆိုတော့ သူများ အားတဲ့ အချိန်ကို စောင့်ရတယ်.. တစ်ချို့က ညဦးပိုင်းမှာ သုံးကြတော့ ကျွန်တော်က ညလယ်လောက်မှ ထပြီး စာရေး.. တစ်ခါတစ်လေ.. ဟိုစက်ပြေးလိုက်.. ဒီစက်ပြေးလိုက်.. အိပ်ရေးပျက်တာပေါ့ဗျာ.. ပြောရရင်..
နောက်တစ်ချက်က တရားတော်တွေ ရေးမယ်ဆိုရင် အဲလိုရေးနိုင်ဖို့ ကျွန်တော်ကိုယ်တိုင် ၂ ကြိမ် ၃ ကြိမ်ထက်မနည်း အဲဒီတရားကို ထပ်ကာထပ်ကာ နာရတာ.. ကိုယ်တိုင်နားလည် ပြီးမှ သူတစ်ပါး နားလည်အောင် ရေးနိုင်မှာလေ.. ကျွန်တော့် ဒုက္ခလေးတွေကို ပြောပြတာပါ.. ကိုယ်ရည်သွေးတာ မဟုတ်ပါဘူးဗျာ.. ကျွန်တော် ရေးတဲ့ စာလေးတွေကို အားနာစိတ်လေးနဲ့ ဖတ်ပေးရင်ပဲ ကျေနပ်ပါပြီ..
ထားပါဗျာ ရေးချင်တာလေးတောင် ပျောက်သွားဦးမယ်.. ဆက်လိုက်ရအောင်.. အဲလို mail လည်း ပို့ပြီးရော ဘာဆက်လုပ်ရမလဲ စဉ်းစားတယ်.. နာရီက မနက် ခြောက်နာရီ ခွဲတော့မယ်.. ဒီကြားထဲ ဗိုက်ဆာတာနဲ့ ပေါင်မုန့်နဲ့ သကြားနဲ့ တို့စားလိုက်သေးတယ်.. အဲဒီတော့မှ ဗိုက်ဆာတာ ပျောက်သွားတော့တယ်။
စာဆက်ကျက်ရင် ကောင်းမလား တွေးကြည့်တယ်… အကုန်ကျက်မယ်ဆို ကျွန်တော့်ကျက်ပုံနဲ့ဆို အချိန်မမှီနိုင်ဘူး… စိတ်မပါတာလည်း ပါမယ်ထင်ပါတယ်..။ ဒါနဲ့ အရှည်မရလည်း အတိုချုံးလေးတော့ ရအောင်ကျက်ဦးမှပဲ ဆိုတဲ့ အတွေးလေးနဲ့ စာပိုဒ်ထဲကနေ note လေးတွေထုတ်.. နောက် မလိုတာလေးတွေဖယ်.. ဒီလိုနဲ့ လုပ်လိုက်တာ အတိုချုံးအတွက် အဆင်ပြေသွားတယ်…။ ကျက်လိုက်တယ်…၊ ဒါပေမယ့်လည်း ကျောင်းရောက်လို့ ခုကျွန်တော်ကျက်ထားတဲ့ အတိုချုံးပုံစံကို မမေးဘဲ အရှည်မေးရင်တော့ ကျွန်တော်ကွဲပြီပေါ့ဗျာ…။ ရမှ မရတာကိုး… ဆက်ကျက်ချင်စိတ်ကလည်း မရှိတော့ဘူးလေ… အချိန်ထပ်ကြည့်လိုက်တော့ ရှစ်ခွဲသွားပြီ… ကျောင်းသွားဖို့က တစ်နာရီ ကျော်ကျော် ကျန်သေးတယ်.. ဘာလုပ်ရပါ့…
အော်.. ငါ အဘိဓမ္မာသင်ခန်းစာ ဘုန်းဘုန်းနာယက ဆီက သင်ဖို့ကျန်သေးတာပဲ.. ဆိုတဲ့အတွေးက ခေါင်းထဲရောက်လာပြန်တယ်..။ ကြည့်လိုက်တော့ အွန်လိုင်းမှာ ဘုန်းဘုန်းက ရှိနေတယ်..။ ဒါနဲ့ ဘုန်းဘုန်းအားလား.. အားရင် ဖိုးသားကို နည်းနည်း ထပ်သင်ပေးပါဦး ဆိုပြီး ခွင့်တောင်းတော့ ဘုန်းဘုန်းကလည်း အားနေတာနဲ့ မိနစ်ငါးဆယ်လောက် အချိန်ယူပြီး သင်ဖြစ်လိုက်တယ်ခင်ဗျ…
သင်ပြီးတော့ ဘုန်းဘုန်းကို လေလှိုင်းထဲကပဲ ဦးချကန်တော့၊ ဘုန်းဘုန်းကလည်း ကျန်းမာပါစေ ဆိုပြီး ဆုတွေဘာတွေပေး… စိတ်ချမ်းမြေ့စရာ၊ စိတ်ကြည်နူးစရာပေါ့ဗျာ.. ခုန စာအရှည်ကြီးကျက်တာထက် စာရင်..။
အဲဒါလည်း ပြီးရော နာရီကြည့်တော့ ကိုးခွဲတော့မယ်.. ကျောင်းသွားရဖို့ နာရီဝက်လောက် လိုသေးတယ်.. ဒါနဲ့ ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေ.. ။ အဲလို ဘုရားရှိခိုးရင်းနဲ့ပဲ စိတ်ကနေ ဆုတောင်းနေမိတယ်ဗျာ.. ဘာလဲဆိုတော့…
တပည့်တော်သည် ဒီနေ့မနက် ကုသိုလ်ကောင်းမှုများ ပြုထားပါတယ်ဘုရား.. သူတစ်ပါး အကျိုးရည်ရွယ် ပြီးတော့လည်း တရားဓမ္မတွေ ဖြန့်ဝေထားပါတယ် အရှင်ဘုရား.. ဤစကားမှန်ကန်ခဲ့ပါက ကျောင်းရောက်လို့ ဆရာမစာမေးရင် တပည့်တော်ကို မမေးပါစေနဲ့၊ မေးခဲ့ရင်လည်း တပည့်တော်ကျက်ထားတဲ့ အတိုချုံးပုံစံပဲ မေးပါစေဘုရားလို့ ဆုတောင်းလိုက်မိတယ်..။ ဒီလို အတွေးဆုတောင်းကို သိစိတ်ကနေ.. ဟေ့ကောင် ပြည့်စုံအောင် မင်းအဲလို မလုပ်နဲ့လေကွာ.. ဒီလိုဆုတောင်းတော့ မင်းပြုခဲ့တဲ့ ကုသိုလ်တွေက ဒါကိုရည်ရွယ်ပြီး လုပ်သလို ဖြစ်သွားမှာပေါ့.. ဆိုပြီး ကျွန်တော့်ကို သတိပေးနေတယ်..။ ဒါပေမယ့်လည်း မသိစိတ်ကကို အဲဒီလို ဆုတောင်းနေမိတာ.. ဖျောက်လို့ကလည်း မရဘူးဗျာ…
ဒါနဲ့ ကျောင်းသွားချိန်ရောက်တော့ ကျောင်းသွားတယ်ပေါ့ဗျာ.. ပြောလိုက်ဦးမယ်၊ အဲဒီဆုတောင်း ပြည့်တယ်ခင်ဗျ.. တကယ်ပဲ.. စာအရှည်ပုံစံ ကျွန်တော့်ကို မမေးဘူး၊ အတိုပုံစံပဲ မေးတယ်..။ မိတ်ဆွေတို့ကတော့ တိုက်ဆိုင်တာကော မဖြစ်နိုင်ဘူးလားလို့ မေးချင်မေးကြမပေါ့လေ.. ဒါပေမယ့်လည်း ဒီလို အဖြစ်မျိုးက ကျွန်တော်ကြုံရပါများနေပြီ.. ပြောရရင် ဒီလိုဆုတောင်းမျိုးက ဆုတောင်းနေကျလို့ ပြောရမလားပဲ.. စာနဲ့ မှမဟုတ်ဘူး.. တခြားအခက်အခဲတွေနဲ့ ကြုံလာရင်လည်း ကျွန်တော် ဒီလိုပဲ ဆုတောင်းနေကျ..
အရင်ကတော့ ဂါထာလေး တစ်ပုဒ်ရွတ်ရွတ်ပြီး ဆုတောင်းမိတယ်.. ဒါပေမယ့် နောက်ပိုင်း ဒီဂါထာက ဘုရားဟောမဟုတ်မှန်းလည်း ကျွန်တော်သိရော မရွတ်ဖြစ်တော့ဘူး.. ဒါပေမယ့်လည်း ထူးဆန်းတာက အဲဒီ ဘုရားဟောမဟုတ်တဲ့ ဂါထာတောင်မှ ကျွန်တော့်ဘက်က မှန်မှန်ကန်ကန်နဲ့ ဆုတောင်းရင် ဆုတောင်းပြည့်တာပါပဲဗျာ.. ခုလိုပြောတော့ မိတ်ဆွေတို့က ယုံချင်လည်း ယုံကြမယ်၊ ယုံချင်မှလည်း ယုံကြမယ်ပေါ့ဗျာ… ဒါပေမယ့်လည်း ဒီဆုတောင်း ပြည့်တာတွေက ကျွန်တော့် ကိုယ်တွေ့..
နောက်ပိုင်း မိုးကုတ်ဆရာတော် ဘုရားကြီးရဲ့ တရားတွေ နာဖြစ်တော့ ဒီဆုတောင်းတွေက မတောင်းသင့်မှန်း သိလာတယ်.. ဘာပဲလုပ်လုပ် နိဗ္ဗာန်ရည်မှန်းပြီးပဲ ဆုတောင်းမှုတွေ လုပ်ရမယ်လို့ ဆရာတော် ဘုရားကြီးက ဟောကြားဆုံးမထားတာကိုးဗျ.. ဟိုဘ၀ ဒီဘ၀တောင် ဆုတောင်းခိုင်းထားတာ မဟုတ်ဘူး.. ဒါကလည်း ဆရာတော်ဘုရားကြီးရဲ့ စေတနာ မေတ္တာ ကရုဏာတွေပေါ့ဗျာ…
အဲဒီတော့ မိတ်ဆွေတို့ရာ တစ်ချက်လောက် စဉ်းစားပေးလို့ ရမလား၊ ကျွန်တော် ဆုတောင်းခဲ့တဲ့ ဆုတောင်းတွေက ဆုတောင်းများ မှားလေရော့သလား… လို့။
လေးစားစွာဖြင့်
ဖိုးသား
16.01.2009, FRI:, 04:21:47 AM

0 comments