ရိုင်းလေတော့ မြင်းရေဆိုပြီးတော့ ထင်ရှား ရိုင်းစိုင်းနေတဲ့ မြင်းကို ဒီအတိုင်းထားလို့ မတော်သလို ရိုင်းလေတော့ စိတ်ရေဆိုပြီးတော့ ရိုင်းနေတဲ့စိတ်ကို ဒီအတိုင်းထားလို့ မတော်ပေဘူး၊ အရူးဘွဲ့ မခံယူချင်ရင် စိတ်ကိုတော့ ထိန်းကျောင်း ပြုပြင်ပေးဖို့လိုပါတယ်။
ဒီနေရာမှာ ရိုင်းနေတဲ့စိတ်ဆိုတာက အာရုံဆိုးတွေပေါ်မှာ ကျက်စား ပျော်မွေ့နေတဲ့စိတ်ကို ဆိုပါတယ်။ ဘယ်လို အာရုံဆိုးတွေတုန်းဆိုတော့ သီလ၊ သမာဓိ၊ ပညာ ကို ပျက်ပြားစေအောင် သွေးဆောင် လှည့်စားတတ်တဲ့ မာယာဓာတ်ကိန်းဝပ်တဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ ကြံတွေးစရာ အာရုံများ ဖြစ်ပါတယ်။
ဒီအာရုံတွေနဲ့ နေ့စဉ်ထိတွေ့ ဆက်ဆံနေတဲ့ စိတ်ကို ကိုယ့်မှာမွေးထားတဲ့ ကလေးတစ်ယောက်ပမာ ထားပြီးတော့ သူတော်ကောင်းတွေ ဆုံးမတဲ့ အဆုံးအမကို နှလုံးမူ ခံယူပြီးတော့ စောင့်ကြည့် အကဲခတ် တည့်မတ်ပေးမယ်ဆိုရင် ဒီစိတ်ကို အာရုံဆိုးတွေ မာယာဖြင့်ဆွယ်လည်း သတိပညာက မိခင်ပမာ အထိန်းပြုလို့ အလှည့်မခံရအောင် ထိန်းကျောင်း စောင့်ရှောက်ပေးပါတယ်ဗျ။
ဒီတော့ သူတော်ကောင်းများ ဟောတဲ့ တရားတွေထဲက ကိုယ်ခံယူနိုင်သမျှ ပမာဏမျှကို နှလုံးမူ ခံယူပြီးတော့ မိမိစိတ်ဆိုတဲ့ ကလေးတစ်ယောက်ကို မိမိကပဲ မိခင်တစ်ယောက်ပမာနေရာယူပြီးတော့ တစ်နေ့တစ်နေ့ ဖြစ်သွားတဲ့စိတ်ကို နောက်က အသိ(မိခင်) လိုက်ပြီးတော့ ဒီအာရုံမှာ ပျော်မွေ့နေတဲ့ စိတ်က ဘယ်လို သဘောရှိတယ်၊ ဒီအာရုံမှာ ပျော်မွေ့ ကျက်စားနေတဲ့ စိတ်ကြောင့် ဘယ်လိုအကျိုး ဖြစ်နေသလဲ၊ ဒီအာရုံမှာ ပျော်မွေ့နေတဲ့စိတ်က ဘယ်လို သဘာဝ လက္ခဏာရှိလဲ ဆိုတာတွေကို စောင့်ကြည့် အကဲခတ်ပြီးတော့ စောင့်ရှောက်နေတာသည် မိမိစိတ်ကို သတိဉာဏ် ဦးစီးပြီးတော့ ထိန်းကျောင်း ပြုပြင်ပေးနေတာပါပဲ။
ဒီလိုမှ မထိန်းတော့ပါဘူးဆိုရင် ကိုယ့်ကလေးကို ကိုယ်က ပစ်စလခတ် မျက်နှာလွဲခဲပစ် ပစ်ထားရာရောက်တော့မှာပေါ့။ ဒီလိုဆိုရင်ဖြင့် တစ်နေ့ပြီးတစ်နေ့ ရိုင်းသထက်ရိုင်းလို့ စိုင်းနေတဲ့ မြင်းလိုပ ဘယ်မှာကောင်းကျိုးချမ်းသာရပါတော့မလဲဗျာ။
ဒါလေးက ကိုဝင်းမြင့်ရေးထားတာလေးပါ။
………………………………………………………………………………………………………………….
ကျွန်တော်လည်း နည်းနည်းလောက် ထပ်ရေးချင်ပါသေးတယ်… ကလေးထိန်းတာလေးပါပဲ… ဒီကလေးဆိုတဲ့ စိတ်ကလည်း လမ်းလေး မဖြစ်စလောက် လျှောက်တတ်တော့ ဟိုတောက်တောက် ဒီတောက်တောက် စွပ်ဆက် လျှောက်နေတော့တာ… လိုက်ထိန်းရတဲ့ မိဘက တအားပင်ပန်းတာပေါ့… (လက်တွေ့နယ်ပယ်မှာတော့ မိခင်တွေက ဖခင်တွေထက် ပိုပြီး ပင်ပန်းကြပါတယ်) ဒီကလေး ချော်လဲမှာ၊ ဒဏ်ရာ အနာတရ ဖြစ်မှာစိုးတာနဲ့ လိုက်စောင့်ရှောက်ရတာ…
ဒီလိုစောင့်ရှောက်နေရင်း တန်းလန်းက တစ်ချို့ကလေးတွေဆို အရွယ်လေး နည်းနည်းရောက်လာတော့ ကိုယ့်မိဘကို ကိုယ်ပြန်ပြီး လိမ်သေးတယ်… ကျောင်းတက်ရမယ့် အချိန် ကျောင်းမသွားဘဲ ကျောင်းပြေးပြီး ဂိမ်းဆိုင်ရောက်နေတာတို့၊ ဘောပွဲ သွားကြည့်နေတာတို့… ဒါမျိုးတွေလုပ်ကြတယ်ဗျ… အဲ ဒါပေမယ့် အိမ်လည်းပြန်ရောက်ရော မိဘက ကိုယ့်အပေါ် ချစ်တာကို အခွင့်ကောင်းယူပြီးတော့ လိမ်လည် လှည့်စားမှုကို ပြုပြန်တယ်လေ… မိဘကိုယ်၌ကတော့ ကိုယ့်သားသမီးကို ချစ်လွန်းအားကြီးတော့ ယုံရှာမပေါ့လေ…
စိတ်လည်း ဒီသဘောရှိတယ်ခင်ဗျ… ဒီစိတ်ဆိုတဲ့ ကလေးငယ်ကို လိုက်စောင့်ရှောက် ထိန်းသိမ်းနေရင်းနဲ့က မိဘဆိုတဲ့ အုပ်ထိန်းစောင့်ရှောက်သူကို တစ်ခါတစ်ခါ လာပြီး လှည့်စားသေးတယ်၊ လိမ်ညာသေးတယ်…
ဘယ်လိုသဘော လေးလည်းဆိုတော့… ကိုယ့်ဟာကိုယ် စိတ်အလိုမကျမှုက ကိုယ့်ကို အော်ငါတော့ သံဝေဂရနေပါလား ဆိုပြီး သံဝေဂ အယောင်ဆောင်လို့ လာပြီး မိဘလုပ်သူကို လှည့်စားတယ်… ဒါမှ မဟုတ်ရင်လည်း တစ်ပါးသူအပေါ် တဏှာပေမ နဲ့ ချစ်နေတာကို အော်ငါတော့ သူ့အပေါ် မေတ္တာတွေ ထားနေတာပဲဆိုပြီး အယောင်ဆောင် လှည့်စားပြန်ရော… ပြောရရင်တော့ နောက်ထပ် စိတ်ရဲ့ လှည့်စားနည်းကတော့ အများကြီး ရှိသေးတာပေါ့ဗျာ…
အဲဒါကို အုပ်ထိန်းသူ မိမိ(မိဘ)က၊ စောင့်ရှောက်သူ မိမိက မသိဘဲ၊ သိအောင်လည်း မကြိုးစားဘဲ နေမယ်ဆိုရင်တော့ ဒီစိတ်ရဲ့ လှည့်စားတာကို အလူးအလဲ ကိုယ့်ကို လှည့်စားလို့ လှည့်စားမှန်းမသိ ခံနေရတော့ မှာပဲလေ… ဒီတော့ အယောင်ဆောင် လှည့်စားတတ်တဲ့ ဒီမိမိရဲ့ စိတ်ကို မိမိရဲ့ ရင်နှစ်သီးခြာ သားရတနာ၊ သမီးရတနာကို စောင့်ရှောက်သလိုမျိုး မျက်ခြေမပြတ်၊ အချိန်မလပ် စောင့်ရှောက်နိုင်အောင် ကြိုးစားဖို့ လိုတာပေါ့ဗျာ…
ဒီလိုမှ စိတ်ဆိုတဲ့ ကိုယ့်ကလေးကိုယ် မထိန်းဘဲ ဒီအတိုင်း လက်လွှတ်စပယ် လွှတ်ထားမယ်ဆိုရင်တော့ ဒီစိတ်ကလေးငယ်က အကွပ်မဲ့ကြမ်း ပရမ်းပတာ ဖြစ်နေတော့မပေါ့…
ဒါကြောင့် မိမိ(မိဘ) ကိုယ်တိုင်ကလည်း စိတ်ချမ်းသာမှုလိုချင်တယ်၊ ကိုယ့်ကလေးငယ်(စိတ်) ကိုလည်း တကယ်ချစ်တယ် ဆိုရင်တော့ဖြင့် ဒီစိတ်ကလေးကို သတိမလပ် အသိမပြတ်စေဘဲ အချိန်တိုင်း စောင့်ရှောက်ကြရအောင်လားဗျာ…
လေးစားစွာဖြင့်
ဖိုးသား
2/3/2009, TUE:, 2:01:34 AM

0 comments