ကောင်လေးတစ်ယောက်...
စာရေးကိရိယာဆိုင်ကနေ ထွက်လာတယ်... နေရာက ပြင်ဦးလွင်မြို့၊ နာရီစင်အနီး၊ ထွန်း စာရေးကိရိယာဆိုင်။ အဲ.. လေးငါးလှမ်းမှ မလှမ်းရသေးဘူး... ဒီကောင်လေးနားကို ဦးဇင်းတစ်ပါး ချဉ်းကပ်လာပြီး ...
ဒကာလေးရယ်... ဦးဇင်းကို ဗလာစာအုပ် လှူပါလား... တဲ့
ဒီကောင်လေးကလည်း
ဦးဇင်း ဒီနားမှာ ခဏလေး စောင့်ပါဘုရား... တပည့်တော် သွားဝယ်လိုက်ပါဦးမယ်... ဆိုပြီး ခုန ထွက်လာတဲ့ စာအုပ်ဆိုင်ထဲ ပြန်ဝင်သွားတယ်... ငါးရာတန် တစ်ရွက်ထုတ်တယ်... ဗလာစာအုပ် သုံးအုပ်နဲ့ ဘောလ်ပင် ၀ယ်တယ်... နောက် ခုန ဦးဇင်းကို ကပ်လှူလိုက်တယ်... စေတနာအပြည့်နဲ့... ကျန်တာ ဘာမှ မတွေးသလို ဘာမှလည်း မစဉ်းစားဘူး... ဒီကောင်လေး...
**********************************************************
ကောင်လေးတစ်ယောက်...
စာအုပ်တွေ ရွေးနေတယ်... ရွှေတိဂုံ ဘုရား အရှေ့ဘက်မုခ်၊ အဟောင်းစာအုပ်တွေ ဖြန့်ခင်းရောင်းတဲ့ လမ်းဘေး စာအုပ်ဆိုင်မှာ... နောက် သူ့အကြိုက် တစ်အုပ်ကို ၀ယ်လိုက်တယ်... နေရာကထတယ်... ရွှေတိဂုံ ဘုရားဆီ သူ့ခြေလှမ်းတွေ ဦးတည်လိုက်တယ်...
အဲဒီအချိန်မှာ အသံတစ်သံ ဒီကောင်လေး ကြားလိုက်တယ်... နောက်လှည့်ကြည့်တော့... ခုနက သူဝယ်ခဲ့တဲ့ စာအုပ်ဆိုင်မှာ သံဃာတော်တစ်ပါး စာအုပ်ရွေးနေတာကို တွေ့တယ်... ဈေးမေးတဲ့ အသံ ဒီကောင်လေး ကြားလိုက်တာပဲ... တစ်ထောင်လို့ ဆိုင်ရှင်ကပြောတော့... အဲဒီ စာအုပ်ဝယ်တဲ့ သံဃာတော် စာအုပ်လေးကို နှမြောတသ ကြည့်ရင်း ပြန်ချလိုက်တယ်... နောက် မ၀ယ်တော့ဘဲ ထပြန်သွားတယ်... ပိုက်ဆံ မလောက်လို့နဲ့ တူပါရဲ့...
ဒီကောင်လေးရဲ့ စိတ်ထဲမှာ ၀ယ်လှူချင်စိတ်တွေ တဖွားဖွား ပေါ်နေတယ်... ချီတုံချတုံ ဖြစ်နေပုံပဲ... ၀ယ်လှူသင့်၊ မလှူသင့်... ဒီကောင်လေးဆီမှာလည်း ပိုက်ဆံက လမ်းစရိတ်လောက်ပဲ ကျန်တော့တယ် ထင်ပ... ခုန သံဃာတော်ကလည်း ဒီကောင်လေးနဲ့ ဝေးသထက် ဝေးသွားပြီ...
ဒီကောင်လေး စိတ်ထဲမှာ တအားနွမ်းလျ သွားပုံပဲ... စာအုပ် ၀ယ်မလှူလိုက်ရလို့... တဖြေးဖြေး ဝေးသထက်ဝေးသွားတဲ့ သံဃာတော်ကို တစိမ့်စိမ့်ကြည့်ငေးရင်း ကျောခိုင်းလိုက်တယ်... ခြေလှမ်းတွေကတော့ ရွှေတိဂုံဘုရားဘက်ကို ဦးတည်နေလေရဲ့...

ပြင်ဦးလွင်ရဲ့ နှင်းမြူဖျန်းတဲ့ မနက်ခင်းတစ်ခုမှာ သူ့သူငယ်ချင်း ခေါ်တာနဲ့ မုန့်ဟင်းခါးဆိုင် ပါသွားတယ်... သူငယ်ချင်းက ၀ယ်ကျွေးမယ် ဆိုတာနဲ့ ပိုက်ဆံကလည်း ထည့်မလာမိဘူး... ဒီကောင်လေး... ဒါနဲ့ စားလို့သောက်လို့ ပြီးခါနီးမှာ သက်တော် ၆၀-လောက် ရဟန်းတစ်ပါး ဒီမုန့်ဟင်းခါးဆိုင်ကို ဆွမ်းလာခံတယ်... ဆိုင်ရှင်က ဆွမ်းလှူဖို့ ပြင်ဆင်နေတုန်း... ဒီရဟန်းတော် ကောင်လေးတွေ ထိုင်နေတဲ့ စားပွဲနား ခဏလာထိုင်လေရဲ့...
ကောင်လေးရဲ့ စိတ်ထဲမှာ ဒီဆရာတော်ကို မနက်ဆွမ်း မုန့်ဟင်းခါး ၀ယ်ကပ်ချင်စိတ် တဖွားဖွား ပေါ်လာတယ်... ပိုက်ဆံအိတ်ကလည်း ဒီနေ့မှ ဘာလို့ ထားခဲ့မိပါလိမ့်ဆိုပြီး ကိုယ့်ကိုယ်ကို ဒီကောင်လေး အပြစ်တင်နေမိတယ်... သူငယ်ချင်းဆီက ပိုက်ဆံ ချေးပြီး ၀ယ်ကပ်မယ်လို့ ကြံလိုက်တယ်... အဲ ကြံလို့တောင် မဆုံးသေးဘူး... တခြားဝိုင်းက အစ်ကိုတစ်ယောက်က ဒီဆရာတော်ကို မုန့်ဟင်းခါး လာကပ်တာ ဒီကောင်လေး တွေ့လိုက်တယ်... အော် ငါကသာ တွေးနေတာနဲ့ အချိန်ကုန်နေတာ... ဟိုအစ်ကိုကတော့ တွေးပုံမရပါဘူး ချက်ချင်းပဲ ၀ယ်ကပ်ပါလား... ဆိုပြီး ဒီကောင်လေး ၀ယ်မကပ်လိုက်ရလို့ စိတ်မကောင်းဖြစ်သွားတယ်... ဒါပေမယ့် ကုသိုလ်အလုပ် လုပ်တော့မယ်ဆို တွေဝေစဉ်းစား မနေဘဲ ချက်ချင်းလုပ်ရမယ်ဆိုတဲ့ သင်ခန်းစာ ဒီကောင်လေး ရသွားတယ်...
မုန့်ဟင်းခါးဆိုင်ကအပြန် သူ့သူငယ်ချင်းကို ဒီကောင်လေး ဒီအကြောင်းပြောပြတော့... သူငယ်ချင်း ကောင်လေးက ဒီလိုပြန်ပြောတယ်...
ငါလည်း ၀ယ်ကပ်မလို့ စိတ်ကူးနေတာ... မင်းလိုပဲ ချီတုံချတုံ ဖြစ်နေတာနဲ့ သူများက ကပ်သွားတယ်ကွာတဲ့...
ဒီကောင်လေး ဟက်ကနဲ တစ်ချက်ရယ်လိုက်တယ်... စိတ်ကူးက ဒီလိုနေရာမျိုးမှာ လာတူနေရပါလား ဆိုပြီးတော့ တွေးမိလို့ ရယ်လိုက်တာ တူပါရဲ့...
************************************************************************
ကောင်လေးတစ်ယောက်...
ကသိုက်ကရိုက် စာသင်ဆောင်ဆီ လျှောက်လာတယ်... လက်ထဲမှာက ငါးရာတန်တစ်ရွက်ကိုင်လို့... မနက်စာ မစားရသေးလို့ စာသင်ဆောင်ရောက်မှ ထမင်းကြော် ၀ယ်စားမယ်ဆိုတဲ့ စိတ်ကူးနဲ့ ငါးရာတန် ထည့်လာတာ... ဒီကောင်လေး...
စာသင်ဆောင်နား ရောက်တော့ ဦးဇင်းတစ်ပါး ဆွမ်းခံကြွလာတာ ဒီကောင်လေး လှမ်းမြင်လိုက်တယ်... ဒီကောင်လေး စိတ်ထဲမှာ ကြည်ညိုသဒ္ဓါတွေ အရောင်တဖိတ်ဖိတ် လက်လာဟန် တူပါရဲ့... ခုန သူထမင်းကြော် ၀ယ်စားမယ်လို့ ရည်ရွယ်ပြီး ယူလာတဲ့ ငါးရာတန်လေးကို ခုန ဆွမ်းခံကြွလာတဲ့ ဦးဇင်းကို လောင်းလှူလိုက်လေရဲ့... ဘာမျှော်လင့်ချက်မှ မထားဘဲ တရိုတသေနဲ့ လောင်းလှူလိုက်တာ ဆိုတာကိုတော့ ဒီကောင်လေးမှတစ်ပါး ဘယ်သူမှ သိနိုင်မယ် မထင်ပါဘူးလေ...
********************************************************************
ကောင်လေးတစ်ယောက်...
ဒီကောင်လေး ဒီနေ့မှ လှူချင်စိတ်တွေ ပေါ်နေတယ်... လခကလည်း ထုတ်ပြီးကာစဆိုတော့... ဒါနဲ့ စက်ဘီးကိုယူပြီး အလှူခံပုဂ္ဂိုလ် အရှာထွက်ဖို့ ပြင်ဦးလွင် ဈေးကြီးဆီသို့ ဦးတည်လိုက်တယ်...
သိပ်မရှာလိုက်ရပါဘူး... ဦးဇင်းတစ်ပါး ဆွမ်းခံထွက်လာတာ ဒီကောင်လေး တွေ့လိုက်တယ်... ပထမ ပိုက်ဆံလောင်းဖို့ ဒီကောင်လေး ကြံသေးတယ်... ဒါပေမယ့် သံဃာတော်တွေ ၀တ္ထုငွေကိုင်ရင် အာပတ် သင့်တယ်လို့ ဒီကောင်လေး သတိရသွားဟန်တူပါရဲ့... ကမန်းကတန်းပဲ အနားက ဈေးဆိုင်ထဲပြေးဝင်ပြီး ကြက်သား ဘီစကစ်တစ်ထုပ် ၀ယ်လိုက်တယ်... နောက် ခြေလှမ်းတွေက ခုန သံဃာတော်ဆီကို ဦးတည်လို့ တရိုတသေနဲ့ လောင်းလှူလိုက်လေရဲ့...
*********************************************************************
ကောင်လေးတစ်ယောက်...
သူ့သူငယ်ချင်း ကောင်မလေးတစ်ယောက်နဲ့ မဟာဝိဇယ ဘုရားကို လာတယ်... ဘုရားပန်းကပ်ဖို့ ပန်းဝယ်နေတုန်း... ဦးဇင်းတစ်ပါး ဒီကောင်လေး အနားကို ချဉ်းကပ်လာတယ်... နောက်
ဒကာရယ် ဦးဇင်းတို့ကို မုန့်ဟင်းခါးဖိုးလေး လှူပါလား... တဲ့
ဒီကောင်လေး တစ်ချက် သူ့သူငယ်ချင်း ကောင်မလေးကို ကြည့်လိုက်တယ်... ဘာပြောမလဲ သိချင်တာနဲ့... ကောင်မလေးက ငြိမ်လျက်ပဲ...
ဒါနဲ့ ဒီကောင်လေး ဦးဇင်းကိုလောင်းလှူဖို့ အိပ်ကပ်ထဲ လက်နှိုက်လိုက်တယ်... တစ်ချိန်တည်းမှာပဲ *ဦးဇင်းတို့* ဆိုတဲ့ စကားလေးကြောင့် အနီးဝန်းကျင် ကြည့်မိတော့ ခပ်လှမ်းလှမ်းမှာလည်း ဦးဇင်းတစ်ပါး ရပ်နေတာ တွေ့လိုက်တယ်...
ဒီကောင်လေး တွေဝေမနေဘူး... သူငယ်ချင်း မိန်းကလေးရှေ့မှာမို့ ရှက်စိတ်လည်း မရှိဘူး... ထောင်တန် တစ်ရွက်ကို ထုတ်လို့... ဦးဇင်းရဲ့ လက်ထဲကို လောင်းလှူလိုက်တယ်... လက်အုပ်လေးလည်း ချီလိုက်လေရဲ့...
ဒီနေရာမှာ ဒီကောင်လေး... ၀တ္ထုငွေ သံဃာတော်တွေကိုင်ရင် အာပတ်ဖြစ်တယ်ဆိုတာ မေ့သွားပေမယ့် ကောင်လေးရဲ့ စေတနာကတော့ ဝေဖြာလျက်ပါပဲ...
*************************************************************************
စာရှုသူတို့ ဒီလောက်ဖတ်လာပြီးရင်တော့ ဒီကောင်လေး ဘယ်သူ ဘယ်ဝါဆိုတာ သိလောက်ပါပြီ... ကိုယ်ရည်သွေးလိုစိတ်နဲ့ ရေးခြင်း မဟုတ်ဘူး ဆိုတာကိုတော့ ဒီကောင်လေး ကိုယ့်ကိုယ်ကို အသိဆုံးပါပဲလေ...
(ဒီရက်ပိုင်း အတွင်း သံဃာတွေ မကောင်းကြောင်း ရေးထားတဲ့ ပို့စ်လေးတစ်ခု ဖတ်မိလို့ ကျွန်တော် ဒီပို့စ်လေးကို ရေးတင်လိုက်ရခြင်းပါ... ဘယ်သူ့ဘယ်သူကိုမှ ထိခိုက်စေလိုစိတ်နဲ့ ရေးတာ မဟုတ်ပါဘူး... ဒါပေမယ့်လည်း သံဃာကိုတော့ သံဃာလိုပဲ မြင်ကြရင် မကောင်းဘူးလားဗျာ...)
>>> အားလုံးပဲ သမ္မာဒိဋ္ဌိ = အမြင်မှန်နိုင်ကြပါစေ။
လေးစားစွာဖြင့်
ဖိုးသား
05/02/2009, THU:, 3:53:29 AM

0 comments