လောက၀န်းကျန်နှင့် အဆင်ပြေအောင်၊ သဘောထား ညီညွတ်အောင် နေထိုင် ဆက်ဆံရေးတွင် ပထမ အရေးကြီးဆုံး အချက်သည် မှန်ကန်သောစကား (သမ္မာဝါစာ)ကို ပြောဆိုခြင်းပင် ဖြစ်၏။ သမ္မာဝါစာ (မှန်ကန်သောစကား) ဆိုသည်မှာ မမှန်သောစကား၊ မဟုတ်သောစကားကို မပြောဆိုခြင်းသည် တစ်ရပ်၊ ကုန်းချောသောစကား၊ ရန်တိုက်သောစကား၊ ကြမ်းတမ်းသော စကားကို မပြောဆိုခြင်းလည်း တစ်ရပ်ဖြစ်၏။ ထိုမှတစ်ပါး ရိုးသားဖြောင့်မတ်သော စကား၊ ကူညီရိုင်းပင်းသော စကားကို ပြောဆိုခြင်းသည် ငြိမ်းချမ်း၍ ညီညွတ်သော တုန်ခါမှုကိုသာ ဖြစ်စေသောကြောင့် နားဝင်ချိုလှပါသည်။
မြတ်စွာဘုရားသည် သဗ္ဗညုတ ဉာဏ်တော်ကို ရရှိ၍ ဘုရားအဖြစ်သို့ ရောက်ပြီးနောက် သူ၏ ဆွေမျိုးသားချင်းများ နေထိုင်ရာ ကပ္ပိလ၀တ်ပြည်သို့ ပြန်ကြွတော် မူသည့်အကြောင်း ၀တ္ထုအကြောင်း တစ်ရပ်ရှိပါသည်။ မြတ်စွာဘုရားသခင်ကို ဖူးမြင်ကြရသောအခါ ဆွေတော်မျိုးတော် အပေါင်းတို့က မြတ်စွာဘုရား၏ ကြည်ညိုဖွယ် ကောင်းလှသော အဆင်း ဣနြေ္ဒတော်နှင့်တကွ ဘုရား၏ မေတ္တာတော်၊ ကရုဏာတော်၊ ဉာဏ်တော်၏ အစွမ်းကြောင့် ရဟန်းဘောင်သို့ဝင်ကာ ရဟန်းပြုကြလေသည်။
ထိုအချိန်တွင် သားတော် ရာဟုလာကိုပင်လျှင် ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိစေပြီး ဖြစ်၏။ သားတော်ရာဟုလာကို ဆုံးမတော်မူသော ရာဟုလာဝါဒ သုတ္တန် ဒေသနာတော်သည် ထင်ရှား၏။
ထိုဒေသနာတွင် မြတ်စွာဘုရားက သားတော်ရာဟုလာအား “ရာဟုလာ၊ မည်သည့် အခြေအနေသို့ပင် ဆိုက်ရောက် စေကာမူ မိမိအကျိုး အတွက်သော် လည်းကောင်း၊ သူတစ်ပါး အကျိုး အတွက်သော် လည်းကောင်း မဟုတ်မမှန်သော စကားကို မပြောဆိုလေနှင့်”ဟု ဆိုဆုံးမတော် မူလေသည်။
မြတ်စွာဘုရားသည် သမ္မာဝါစာ မှန်သောစကား အပေါ်၌ မည်မျှလောက် အလေးထားသည်ကို သိအပ်ပါသည်။ မှန်ကန်သော (သမ္မာဝါစာ) စကားကို ပြောဆိုခြင်းဖြင့် သာလျှင် ကျွန်ုပ်တို့၏ လူမှုဆက်ဆံရေး ဘ၀ကို လွယ်ကူချောပြေစေပါသည်။ အရှုပ်အထွေး ကင်းစေပါသည်။ စကားပြောဆိုရာတွင် မိမိကစ၍ ရိုးသား ဖြောင့်မတ်ကြောင်းကို ပြလျှင် သူတစ်ပါးကို ရောင်ပြန်ဟပ်ပြီး ရိုးသား ဖြောင့်မတ်လာစေပါသည်။
ကျွန်ုပ်တို့၏ ကိုယ်မှာလည်းကောင်း၊ စိတ်မှာ လည်းကောင်း မနှစ်သက်အပ် မလိုလားအပ်သော တင်းမာမှု မျိုးစုံလည်းကောင်း၊ မမြင်လိုသော မကြားလိုသော စိတ်မချမ်းသာ စရာများနှင့်လည်းကောင်း ပြည့်နှက်နေသဖြင့် ကိုယ့်ကိုယ်ကိုပင် မရိုးမသား ပြုလိုမှုများ ရှိနေကြပါသည်။
စကားကို မှန်ကန်စွာ ပြောဆိုခြင်းသည် ကျွန်ုပ်တို့ စိတ်ထဲတွင် ရိုးသား ဖြောင့်မတ်ခြင်း၏ အခြေခံဖြစ်၏။ ထိုအခါ အရာရာသည် စတင်၍ ပွင့်လင်းလာပေတော့မည်။ ထိုအခါမှသာ ကျွန်ုပ်တို့သည် စိတ်၏ အနာရောဂါများကို ဖြတ်ကျော်ကာ အရာရာကို မှန်မှန်ကန်ကန် ရှင်းရှင်းလင်းလင်း စတင်မြင်ရပေတော့မည်။
>>> အားလုံးသော ဓမ္မမိတ်ဆွေများ မှန်မှန်ကန်ကန် ပြောဆိုသုံးစွဲရင်း ဘ၀ပင်လယ်ပြင်ကို ကူးခတ်နိုင်ကြပါစေ။ ဟိုမှာ ဘက်ကမ်းသို့လည်း အရောက်လှမ်းနိုင်ကြပါစေဗျာ...။
>>> ဆရာဦးဆန်းလွင်နှင့် ဆရာဦးဟန်ဌေးတို့ ဘာသာပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ဝိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေအပ်ပါတယ် ခင်ဗျာ...။
လေးစားစွာဖြင့်
ဖိုးသား
04/02/2009, WED:, 14:40:28 PM

0 comments