တောင်တက်ခရီး၏ စတုတ္ထခြေလှမ်းသည် သမ္မာကမ္မ န္တမဂ္ဂင် ဖြစ်၏။ မှန်ကန်သော အလုပ်ကို လုပ်ခြင်းဟု အဓိပ္ပါယ် ရသည်။ မှန်ကန်သောအလုပ် (သမ္မာကမ္မ န္တ) ဆိုရာတွင် သူတစ်ပါးအသက်ကို မသတ်ခြင်း၊ အခြားသော သက်ရှိသတ္တ၀ါများ အပေါ်တွင် အနာတရဖြစ်မှု နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ခြင်း၊ မညှဉ်းဆဲခြင်း၊ မခိုးဝှက်ခြင်း၊ ၎င်းမှာ သူတစ်ပါးမပေးသော ပစ္စည်းကို မယူခြင်းဖြစ်၏။ လိင်ကိစ္စ၌ မှောက်မှားစွာ မကျင့်ခြင်း၊ ထိုအပြုအမူများကို ရှောင်ကြဉ်ခြင်းသည် ကျွန်ုပ်တို့၏ နေ့စဉ် လူနေမှုဘ၀တွင် အခြားသူများအပေါ် လေဘ၊ သို့မဟုတ် ကာမဂုဏ် အာရုံတို့၌ တပ်မက်သော စိတ်ကြောင့်ဖြစ်သော ထိခိုက် နစ်နာစေမှုများမှ ကင်းဝေးကြောင်း အခြေခံသုံးပါး ဖြစ်ကြောင်းကို နားလည်သဘောပေါက်ဖို့ လိုပါသည်။
တစ်ခါတလေ ကျွန်ုပ်တို့သည် မိမိတို့ ပြုသောကံ၏ ဝေးလံရှည်လျားသော အကျိုးဆက်များကို သတိမရဘဲ နေတတ်ကြသည်။ ထိုသဘောကို မောင့်အနာလော့ဂ် ကျမ်းတွင် သရုပ်ဖော်ပြထားသော ပုံဝတ္ထုတစ်ခု ရှိပါသည်။
တောင်တက်သမားများ အတွက် တောင်တက်ရာ၌ လိုက်နာအပ်သော ဥပဒေ စည်းကမ်းတစ်ခု ရှိပါသည်။ ထိုဥပဒေအရ တောင်တက်ခရီး တစ်နေရာတွင် ရပ်နားသောအခါ မည်သည့် သက်ရှိ သတ္တ၀ါကိုမှ မသတ်ရဟူ၍ တားမြစ်ထားလေသည်။
တောင်တက်သမားများသည် မိမိတို့စားမည့် အစားအစာအားလုံးကို ယူဆောင်လာကြ ရပါသည်။ တစ်နေ့သ၌ တောင်တက်သမား တစ်ဦးသည် အဆိုပါ သတ်မှတ်ထားသော တောင်ပေါ်တစ်နေရာသို့ ရောက်သောအခါ ပြင်းထန်သော မုန်တိုင်းနှင့် ရင်ဆိုင်ရလေသည်။ သူသည် သုံးရက်လုံးလုံး မုန်တိုင်းဒဏ်မှ ကာကွယ်ရန်အတွက် တောင်ပေါ်တွင် ဟိုရွှေ့ဒီရွှေ့နှင့် ပုန်းကွယ်ရာကို ရှာနေရလေသည်။
ရေခဲလုမတတ် အေးချမ်းလှသော ထိုနေရာ၌ သူ့မှာ စားစရာ အစားအစာလည်း မရှိတော့ချေ။ တတိယမြောက်နေ့တွင် ပြင်းထန်သော နှင်းမုန်တိုင်း ရပ်စဲသွားလေသည်။ ထိုအခါ တွင်းထဲက အလွန်အိုမင်းသော ကြွက်အိုကြီး တစ်ကောင်ထွက်လာပြီး အပြင်မှာ တွားသွားနေသည်ကို မြင်သောအခါ ဤနေရာတွင်တော့ ကြွက်ကို သတ်ပြီး မိမိဗိုက်ကို ဖြည့်ကာ တောင်အောက်သို့ ပြန်ဆင်းရလျှင် ဘာမျှ အန္တရာယ် မရှိနိုင်ဟု စဉ်စားမိလေသည်။
ထို့ကြောင့် ကျောက်တုံးတစ်တုံးကို ကောက်ယူကာ ကြွက်ကြီးကို ထုသတ်လိုက်လေတော့၏။ သူသည် သူ့ဗိုက်ကို ဖြည့်ပြီးနောက် တောင်အောက်သို့ ပြန်ဆင်းခဲ့၏။ နောက်ထပ်လည်း ထိုအကြောင်း မစဉ်းစားတော့ချေ။ နောင်ကာလ အတန်ကြာသောအခါ တောင်တက် လမ်းပြအဖွဲ့ ရုံးတစ်ခုမှ သူ့ကို ဆင့်ခေါ်လေသည်။
ထိုအဖွဲ့သည် တောင်နှင့်ပတ်သတ်၍ တာဝန်ရှိသော အဖွဲ့ဖြစ်၏။ သူ့ကို ရုံးက ဆင့်ခေါ်ခြင်းမှာ ကြွက်ကိုသတ်ခဲ့သည့် အမှုကို စစ်ဆေးရန်ဖြစ်၏။ သူကား ထိုကိစ္စကို သတိပင်မရတော့၊ မေ့နေပြီဖြစ်၏။ ထိုကိစ္စသည် ယခုပြင်းထန်သော အကျိုးဆက်များ ဖြစ်ပေါ်ပြီဖြစ်၏။ ကြွက်ကြီးမှာ အိုမင်းလှပြီ ဖြစ်သောကြောင့် ကျန်းမာသန်စွမ်းသော ပိုးမွှားများကို ဖမ်းယူစားသောက်ခြင်း မပြုနိုင်တော့။
ထို့ကြောင့်သူသည် မကျန်းမာသော ပိုးမွှားတိရစ္ဆာန်များကို စားသောက်၍ အသက် ရှင်နေရလေသည်။ ထို့ကြောင့် ထိုကြွက်ကြီးကို သတ်ပစ်သောအခါ ထိုနေရာတွင် မကျန်းမသော ပိုးမွှားများကို ရှင်းလင်းရန် သဘာဝ၏ စီစဉ်မှု ကာကွယ်မှုမျိုး မရှိတော့ချေ။ ထို့ကြောင့် ရောဂါပျံ့နှံ့ပြီး ပိုးမွှားများ သေကြေ ပျက်စီး ကုန်ကြရသည်။
ပိုးမွှားများသည် သစ်ပင်များ မျိုးပွားမှုနှင့် တောင်စောင်း သစ်ပင်များ ပေါက်ရာ၌ မြေသြဇာ ဖြစ်ထွန်းမှုအတွက် များစွာ တာဝန်ရှိ၏။ ပိုးမွှားများ ရောဂါရပြီး သေကြေ ပျက်စီးကုန်သောအခါ မြေသြဇာလည်း မဖြစ်ထွန်းနိုင် တော့သည့်အတွက် သစ်ပင်များ ပြုန်းတီးကုန်ကြရလေသည်။ ပိုးမွှားများက မြေသြဇာကို ထိန်းသိမ်း ထားကြရလေသည်။ ပိုးမွှားများ မရှိသောအခါ မြေသြဇာများမှာ ရေတိုက်စားကုန်ကြသည်။
နောက်ဆုံး ထိုနေရာတွင် သစ်ပင်များ မရှိတော့သဖြင့် မြေပြိုကျရာ တောင်တက်သမားများ များစွာ အသက်ဆုံးရှုံးခဲ့ကြရသည်။ မြေပြိုသဖြင့် တောင်တက်လမ်းလည်း အချိန်ကြာမြင့်စွာ ပိတ်ဆို့ သွားလေတော့သည်။
ဤအကျိုးဆက် အားလုံးသည် မဖြစ်စလောက်သော ကိစ္စဟု မှတ်ယူခဲ့သော ကြွက်သတ်စားမှု၏ မကောင်းသော ကံအကျိုးပေး ကွင်းဆက် ဖြစ်ရပ်များ ဖြစ်ကြရလေသည်။
ကျွန်ုပ်တို့သည် ကာလကြာမြင့်သော အခါမှ အကျိုးပေးလာတတ်သော ကံ၏ အကျိုးပေးပုံ အလုံးစုံကို မသိနိုင်ကြရကား ကျွန်ုပ်တို့ အနေနှင့် ပတ်ဝန်းကျင် လောကနှင့် ဆက်ဆံရာတွင် အနှောင့်အယှက် ဖြစ်အောင် သတိလက်လွတ် မပြုမိကြဖို့ နေရာတကာမှာ သတိသမ္ပဇဉ် ဉာဏ်နှင့် ယှဉ်၍သာ လုပ်သင့်ကြောင်း ဤပုံပြင်က သတိပေး နှိုးဆော်ပါသည်။ သို့မှသာ ဤလောက၌ ငြိမ်းချမ်းမှု၊ ညင်သာမှု၊ ချစ်ခင်မှု၊ မေတ္တာနှင့် သနားကြင်နာမှု၊ ကရုဏာတရားများ ဖြစ်ပေါ်လာနိုင်ပါသည်။
ဆက်ရန်>>>
>>> ဆရာဦးဆန်းလွင်နှင့် ဆရာဦးဟန်ဌေးတို့ ဘာသာပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ဝိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေအပ်ပါတယ် ခင်ဗျာ...။
>>> အားလုံးပဲ မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်ကြပါစေ။
လေးစားစွာဖြင့်
ဖိုးသား
08/02/2009, SUN:, 1:10:35 AM

February 8, 2009 at 2:14 AM
ဆက်ရန်မျှော်နေပါသည်။