စာရှုသူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ၊ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့လည်း ပြည့်ဝကြပါစေခင်ဗျာ...
ကျွန်တော် ဖတ်မှတ်ခဲ့ဖူးတဲ့ ကဗျာလေး နှစ်ပုဒ်နဲ့ ဇာတ်လမ်း စလိုက်ပါ့မယ်... စကားပြေ စာအုပ်တစ်အုပ်ထဲက ဖတ်မှတ်ခဲ့ဖူးတာပါ... ကျွန်တော်ကြိုက်တာနဲ့ အလွတ်ကျက်ခဲ့တယ် ဆိုပါတော့ဗျာ... ခေါင်းစဉ်လေးတွေကိုတော့ ကျွန်တော် မမှတ်မိတော့လို့ ကျွန်တော့် စိတ်ကြိုက်ပဲ ခေါင်းစဉ်လေးတွေ ပေးလိုက်ပါတယ်...
*ကွမ်းတစ်ရာ*
တံတားဦးက ကွမ်းနုဝါ
ငန်းမြာက ဆေး
ကွမ်းသီး တောင်ငူနှင့်
ကိုင်းထုံးဖြူ ပြည်ရှား
သာဝါးလို့ထွေး...။
*လက်ဖက်တစ်ပွဲ*
တောင်ပိုင်း လက်ဖက်ပြင်
လယ်စင် ဆီလောင်း
နှမ်းမဲတီ ပဲခူးဆား
ဝါးတတ်မှကောင်း...။
ဆိုလိုရင်းလေးတွေတော့ နည်းနည်း သဘောမိကြလား မသိဘူး...။ ကျွန်တော် သိထားတာလေးနဲ့ နည်းနည်း ထပ်ရှင်း ပေးပါ့မယ်...
ပထမ ကဗျာလေးက ကွမ်းယာ အကြောင်းလေး။ အဲဒီခေတ်များကတော့ အကောင်းတကာ့ အကောင်းဆုံးတွေကို စုပေါင်းပြီး ရေးထားတာပေါ့ဗျာ... ကွမ်းရွက်ဆိုရင် တံတားဦးက ကွမ်းရွက်က အကောင်းဆုံး၊ ဆေးရွက်ကြီး ဆိုရင်လည်း ငန်းမြာ အရပ်က ဆေးရွက်ကြီးက အသာဆုံး၊ နောက် ကွမ်းသီးဆိုရင်လည်း တောင်ငူက ကွမ်းသီးမှ၊ ထုံးဆိုရင်လည်း ကိုင်း(စစ်ကိုင်း) အရပ်က ထုံးမှ၊ ရှားဆေးဆိုရင်လည်း ပြည်က ရှားမှ အကောင်းဆုံး... အဲသလို သတ်မှတ်ထား ကြတာပေါ့ဗျာ...
ဒါပေမယ့် အဲသလို ကောင်းပေ့ ညွန့်ပေ့ဆိုတဲ့ အရာတွေကို စုပေါင်း ထားပေမယ့်လည်း ကဗျာရဲ့ နောက်ဆုံးမှာ *သာဝါးလို့ ထွေး* တဲ့...။ ဆိုလိုတာကတော့ အကောင်းတွေ စုပေါင်းထားပေမယ့်လည်း အသာအယာမ၀ါးဘဲ စားချင်သလို စားမယ်၊ ၀ါးချင်သလို ၀ါးမယ် ဆိုရင်တော့ အရသာ မရှိဘူး၊ စားတဲ့သူ အနေနဲ့ ဒီအရသာကို ကောင်းကောင်း မခံစားရဘူး၊ မခံစားနိုင်ဘူးလို့ ဆိုလိုချင်တယ် ထင်ပ...။ အဓိက ဆိုလိုရင်းက ကွမ်းစားတတ်အောင်နဲ့ ကွမ်းနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေ ထွက်ရာအရပ်ကို ဖော်ကြူးထားတာပါပဲ... (မှတ်ချက်** ကျွန်တော်က ကွမ်းမစား၍ သိသလောက် ရေးလိုက်ခြင်းပါ... အမှားများ ပါသွားခဲ့ရင် ပြုပြင်ပေးကြပါခင်ဗျာ)...
နောက် ဒုတိယမြောက် ကဗျာလေးလည်း ထိုနည်းတူပါပဲ... လက်ဖက်နဲ့ ကွမ်းပဲ ကွဲသွားတာပါ... ဆိုလိုရင်းကတော့ အတူတူပါပဲ... လက်ဖက်ဆိုရင် တောင်ပိုင်းက လက်ဖက်မှ၊ ဆီဆိုရင်လည်း လယ်စင်အရပ်က ဆီမှ၊ နောက် နှမ်းဆိုရင်လည်း မဲတီ အရပ်က နှမ်းမှ၊ နောက်ဆုံး ဆားတောင်မှ ပဲခူးက ဆားမှတဲ့လေ...။ အကောင်းတကာ့ အကောင်းဆုံးတွေ စုပေါင်းထားလိုက်တာ.. ရေးနေရင်းနဲ့တောင် စားချင်စိတ်တွေ ပေါက်လာတယ်ဗျာ... အဲ.. ဒီစိတ်ကိုလည်း ပြန်ပြီး ရှုမိလျက်သား ဖြစ်သွားတယ်... စားချင်ရင် စားချင်တယ်လို့ မှတ်...
ဒါတွေထားလိုက်ပါဦး... နောက်မှဆက်တာပေါ့... ဒီလက်ဖက် ကဗျာလေးရဲ့ နောက်ဆုံးမှာလည်း ခုန ကွမ်းတစ်ရာ ကဗျာလေးလိုပါပဲ... ကဗျာဆရာက *၀ါးတတ်မှကောင်း* ဆိုပြီး အဆုံးသတ်ထားသဗျ...။ ဟုတ်တယ်ဗျ... အခုနကကျတော့ ကျွန်တော် ကွမ်းမစားတတ်လို့ အရသာကို ကောင်းကောင်း မသိပေမယ့် ခုလက်ဖက်ကျတော့ အိမ်မှာတုန်းကဆို ကောင်းကောင်း စားနေကျ၊ တီးနေကျ၊ ၀ါးနေကျ... ကျွန်တော့်အမေကလည်း ကျွန်တော်ကြိုက်မှန်းသိလို့ ကြောင်အိမ်ထဲမှာ မပြတ်ဝယ်ထားပေးနေကျ...
အဲ... ပြောချင်တာတွေ များနေတာနဲ့ပဲ လိုရင်းလေး ပျောက်သွားဦးမယ်... *၀ါးတတ်မှကောင်း*တဲ့... လက်ဖက်က ဖြေးဖြေးချင်း ၀ါးလေ၊ တမြုံ့မြုံ့ဝါးလေ အရသာရှိလေပါပဲ... လက်ဖက်စားဖူးသူတိုင်း သိကြမှာပါ... အဲဒီလိုလေး ၀ါးပြီး ရေနွေးကြမ်လေး သောက်လိုက်ရရင် ဇိမ်ပေါ့ဗျာ... ဟိုးထား.. ဆက်မတွေးနဲ့မိတ်ဆွေ... အဲဒီပေါ်လာတဲ့ စားချင် သောက်ချင်စိတ်ကို ပြန်ရှု...
ဒီကဗျာလေးရဲ့ ဆိုလိုရင်းကလည်း ဘယ်လောက်ပဲ အကောင်းဆုံးတွေ၊ စပါယ်ရှယ်တွေနဲ့ လက်ဖက်ပွဲကို ပြင်ထားပေမယ့်လို့ မစားတတ်၊ မ၀ါးတတ်ရင်တော့ အဲဒီလက်ဖက်ရဲ့ အရသာကို စားသုံးသူအနေနဲ့ အပြည့်အ၀ မခံစားနိုင်ပါဘူး။ ဒါ့ကြောင့် လက်ဖက်ကို စားတတ်အောင် ဒီကဗျာလေးက အသားပေး ရေးသားထားတယ်လို့ ကျွန်တော်ထင်ပါတယ်...။
ကဲဗျာ.. ကဗျာလေးတွေကို ခံစားပြီးသွားရင်တော့ နောက်တစ်ဆင့်အနေနဲ့ လောကုတ္တရာဘက်က လှည့်တွေး ကြည့်လိုက်ရအောင်...။
ကျွန်တော်တို့ မိတ်ဆွေတို့တစ်တွေဟာ ဘ၀အသီးသီးမှာလည်း အလှူဒါနတွေ ပြုခဲ့ဖူးကြမယ်... ပြုခဲ့ကြမယ်... အဲလိုမှ မဟုတ်ဘူးဆိုရင်၊ အရင်ဘ၀က လှူဒါန်းမှုတွေကို ဘယ်လိုလုပ် သိနိုင်ပါ့မလဲလို စောဒက တက်လာရင်လည်း ဒီဘ၀မှာ ကိုယ်ရောက်ခဲ့ဘူးတဲ့ နယ်ပယ်အသီးသီး၊ ဒေသအသီးသီးမှာ ခုနကဗျာလေးတွေထဲကလို ကောင်းမွန်မြင့်မြတ်လှတဲ့ ဒါနတွေ၊ သီလတွေ၊ နောက်ဆုံး သမထ ဘာဝနာတွေ အစရှိသဖြင့် မိမိတို့ တတ်စွမ်းသ၍ ပြုခဲ့ဖူးကြမှာပါ...
ဟုတ်ပြီ... အဲဒီလိုပြုခဲ့ပြီးလို့ ကျေနပ်နေတော့မှာလား... ကိုယ့်ဘ၀ကြီးဟာ အခုနက ကွမ်းတစ်ရာ၊ လက်ဖက်တစ်ပွဲလို အကောင်းဆုံးတွေနဲ့ ပြည့်နေတယ်ဆိုပြီး ဒီအတိုင်း ရေစုန်မျှောပြီး မျောပါသွားတာကို သာယာနေတော့မှာလား... ငါကတော့ ဒါနတွေ၊ သီလတွေ၊ သမထ ဘာဝနာတွေ လုပ်ခဲ့တာပဲ... သေရင်တော့ သုဂတိဘုံ ရောက်မှာပါလေဆိုပြီး... နောင်ဘ၀ တောင့်တတဲ့ စိတ်နဲ့ အသာ ငြိမ်နေကြတော့မှာလား...
ကျွန်တော့် အမြင်တော့ ကျေနပ်ပြီးတော့ မနေသင့်ပါဘူး... မသာယာသင့်ပါဘူး... ရေစုန်လည်း အမျော မခံသင့်ပါဘူး... ခုနကဗျာနှစ်ပုဒ်ရဲ့ နောက်ဆုံးမှာ ပါပါတယ်... *သာဝါးလို့ထွေး*နဲ့ *၀ါးတတ်မှကောင်း*တဲ့လေ...
ဟုတ်ပါတယ်... ဒီလို ဒါန၊ သီလ၊ သမထ ဘာဝနာတွေနဲ့ ပြီးပြည့်စုံနေပေမယ့်လည်း မ၀ါးတတ်ရင်... ဆိုလိုတာကတော့ ၀ိပဿနာအလုပ်ကို အားမထုတ်ရင် သန္တိသုခ မွန်မြတ်ငြိမ်းအေးလှတဲ့ နိဗ္ဗာန်ရဲ့ အရသာကိုလည်း ခံစားနိုင်မှာ မဟုတ်ပါဘူး... ဒါနပြုလို့ ဒါနက ရတဲ့ ပီတိ၊ သီလဆောက်တည်လို့ သီလက ရမယ့် အကျိုးတရား၊ သမထဘာဝနာလုပ်လို့ ရလာမယ့် ကောင်းကျိုးချမ်း သာတွေဟာ ၀ိပဿနာ အလုပ်ကြိုးစားအားထုတ်လို့ (ကဗျာလေးတွေနဲ့ ယှဉ်ရင်တော့ ကောင်းကောင်း ၀ါးတယ်ပေါ့ဗျာ) ရရှိခံစားရမယ့် နိဗ္ဗာန်ရဲ့ အရသာကို ဘယ်နည်းနဲ့မှ မမှီနိုင်ပါဘူး...
ဒီနေရာမှာ ကျွန်တော် သတိရလို့ တစ်ခု ပြောချင်ပါသေးတယ်... ဒါနနဲ့ ပတ်သတ်ပြီးတော့ပါ... ကျွန်တော် တစ်ချက် မေးကြည့်ပါ့မယ်... ဒါနပြုခြင်းသည် သံသရာရှည်အောင် အားထုတ်ရာ ရောက်မရောက်...
ကျွန်တော် ကျေးဇူးတော် အရှင် မိုးကုတ်ဆရာတော် ဘုရားကြီးရဲ့ ဆုံးမစကားလေးကို သတိရတာနဲ့ ခုလိုမေးမိတာပါ... ဆရာတော်ဘုရားကြီးက ဘယ်လိုဆုံးမထားသလဲ ဆိုတော့
*ဒါနက သံသရာရှည်တာလား... ဒါနနောက်က အသိမလိုက်လို့ သံသရာ ရှည်တာလား* တဲ့...
ကျွန်တော် ဒီဆုံးမစကားလေးကို စဖတ်စဉ်တုန်းက သေသေချာချာ သဘောမပေါက်ခဲ့ပါဘူး... နောက်ပိုင်းမှ စေ့စေ့တွေးလို့ ရေးရေး မြင်လာတာပါ...။ ဟုတ်ပါတယ်.. ဒါနက သံသရာရှည်တာ မဟုတ်ပါဘူး... ဒါနနောက်က အသိမလိုက်လို့ သံသရာ ရှည်တာပါ... ဒါဆို ဘယ်လို အသိလိုက်ရမလဲ.. မေးဖို့လိုလာပါပြီ...
ကျွန်တော် သိထားသလောက်လေး ဆွေးနွေးပေးပါ့မယ်... လိုအပ်နေတာလေးတွေတော့ ပြင်ပေးကြဖို့ တလေးတစား ပြောကြားပါရစေ...
ဒါနမှာ သုံးမျိုးရှိပါတယ်တဲ့
၁။ ဟီနာဒါန = ထင်ရှား ကျော်ကြားလိုစိတ်နဲ့ပြုတဲ့ ဒါန (ယုတ်ညံ့ပါတယ်)
၂။ မဇ္ဈိမဒါန = လောကီအကျိုးကို လိုလားလိုစိတ်နဲ့ ပြုတဲ့ ဒါန (အလယ်လတ်ပါ၊ အကောင်းဆုံးတော့ မဟုတ်သေးပါဘူး)
၃။ ပဏီတဒါန = နိဗ္ဗာန်ကို ဦးတည်ပြီး ပြုတဲ့ ဒါန (အကောင်းဆုံးပါပဲ)
ဒီဒါန သုံးမျိုးမှာ နံပါတ်သုံးကလွဲလို့ ကျန်တဲ့ ဒါနတွေသည် သံသရာရှည်ကြောင်း ဒါနတွေပါပဲ... ဒါကြောင့် ဒါနနောက်က အသိလိုက်ဆိုသည်မှာ နိဗ္ဗာန်ကို ဦးတည်ပြီး လှူဒါန်းဖို့၊ လှူဒါန်း နေစဉ်တွင်လည်း လှူရင်လှူတယ်လို့ ရှုမှတ်နေဖို့... လှူဒါန်းမှုကို သိရုံကလေး သိပေးနေဖို့ပင် ဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်...။
ဒီဒါန အကြောင်းလေးကတော့ ကြားညှပ်ပြီး ရေးသားလိုက်ရတာပါ... ကျွန်တော် အဓိက ဆိုလိုချင်တာကတော့ ၀ိပဿနာ အလုပ် အားထုတ်ဖို့ပါပဲ... ကွမ်းယာကို ၀ါးတတ်သလိုမျိုး၊ လက်ဖက်ကို စားတတ်သလိုမျိုး ၀ိပဿနာ အလုပ်ကိုလည်း အားထုတ်တတ်စေချင်ပါသည်။ အားထုတ်ဖို့လည်း ကြိုးစားစေလိုပါသည်။ မိုးကုတ်ဆရာတော် ဘုရားကြီး စကားကို ကိုးကားပြီး ပြောရရင်တော့ တစ်ဘ၀စာ နစ်နာသွားမှာ စိုးရွံ့ပါသည်...
ကဲဗျာ... မိတ်ဆွေတို့ ဒီလောက်ဆိုရင်တော့ လက်ဖက်လည်း စားတတ်၊ ကွမ်းလည်း ၀ါးတတ်လောက်ပါပြီ... မေးလိုက်ချင်ပါသေးသည်၊ ၀ိပဿနာ အလုပ်ကော အားထုတ်တတ်ပြီလား... အားထုတ်ဖို့ကော ကြိုးစားနေပါသလား... အားကော ထုတ်နေပါသလား လို့...
>>> အားလုံးသော ဓမ္မမိတ်ဆွေများ ကွမ်းဝါးတတ်၊ လက်ဖက် စားတတ်သူများ ဖြစ်ကြပါစေ...။
လေးစားစွာဖြင့်
ဖိုးသား
08/02/2009, SUN:, 15:40:37 PM

February 8, 2009 at 5:44 AM
ပို့စ်လေးကို သေသေခြာခြာဖတ်သွားပါတယ် မောင်လေး။
အလွန်ကောင်းတဲ့ မျှဝေခြင်းလေးတစ်ခုပါ။
သာသနာအကျိုး ဒီထက်မက သယ်ပိုးနိုင်ပါစေလို့။
အားပေးနေပါမယ်။
အစ်မ၀ါ
လင့်သွားပါတယ်နော်။
February 8, 2009 at 5:53 AM
ထပ်ပြီးဖြည့်စွက်စရာမရှိအောင်ပြည့်စုံပါပေတယ်..
ဒီစာကိုဖက်နေတဲ့အခိုက်အတန့်မှာ..အလင်းရောင်
တစ်ခုဖျက်ခနဲ့ရလိုက်ပါတယ်...ဒါနသုံးမျိုးရှိတဲ့ထဲက
၁။ ဟီနာဒါန = ထင်ရှား ကျော်ကြားလိုစိတ်နဲ့ပြုတဲ့ ဒါန (ယုတ်ညံ့ပါတယ်)
၂။ မဇ္ဈိမဒါန = လောကီအကျိုးကို လိုလားလိုစိတ်နဲ့ ပြုတဲ့ ဒါန (အလယ်လတ်ပါ၊ အကောင်းဆုံးတော့ မဟုတ်သေးပါဘူး)
ဒီနှစ်မျိုးသား..လောကမှာအများဆုံးတွေ့ရပါတယ်..
နံပါတ်တစ်အချက်ကတော့..ကျွန်တော်အများဆုံးတွေ့
ဖူးတာပါပဲ..ကျွန်တော်လဲအရင်ကမလှူတက်ဘူး.ဒါနမပြု
တက်ဘူး..အခုဒီပို့လေးကိုဖက်ပြီးကျွန်တော်လိုနေတဲ့အချက်ကဒါနမပြုတက်သေးတာပါလားလို့လေ...အားလုံးပြည့်စုံပါပေတယ်...ကိုဖိုးသားရေ..
သာသနာ့အကျိုးအများအကျိုး.ထမ်းရွက်နိုင်ပါစေဗျာ
ဒေါင်းမင်း
February 8, 2009 at 6:34 AM
ကွမ်းလည်းဝါးတက် လက်ဖက်လည်းစားတက်အောင် လာရောက်နာယူ မှတ်သားသွားပါတယ်ခင်ဗျာ
February 8, 2009 at 6:47 AM
ကောင်းမွန်သော ပို့လေးပါပဲ သူငယ်ချင်း။ ဆင်ခြင် မှတ်သား လိုက်ပါတယ်။ ကျေးဇူးပဲကွာ။ ဆက်လက် မျှဝေပေးနိုင်ပါစေကွာ။ ကွမ်းမှာတော့ “ကိုင်း ထုံးဖြူ ပြည်ရှား“ ဖြစ်မယ် ထင်တယ်။ ထုံးက စစ်ကိုင်း ထုံး..။ အင်း ဒါက အရေး မကြီးပါဘူး။ ဒါန သုံးမျိုးကို မှတ်သားသွားတယ်..။ ဆွမ်းခံကြွလာကို ဆွမ်းလောင်းလှူတဲ့ အခါဖြစ်ဖြစ်။ တခြား ဘယ်လို အလှူဒါန ပြုတာပဲဖြစ်ဖြစ် “နိဗ္ဗာန ပစ္စယော ဟောတု” လို့ နှလုံးသွင်းပြီး လှူပါလို့ ငါ့ကို ဆရာတော်တစ်ပါးက တိုက်တွန်းဖူးတာလေး အမှတ်ရမိတယ်။ ဤပြုရသော ကုသိုလ်သည် နိဗ္ဗာန်ကို ရရန် အကြောင်း ဖြစ်ပါစေသတည်း လို့ နှလုံးသွင်း ခိုင်းတာ ဖြစ်မယ်။ ပါဠိလို ရေးထားတာလေး မှန် မမှန် အချိန်ရရင် စုံစမ်းပေးပါဦး သူငယ်ချင်း။ ကျန်းမာပျော်ရွှင်ပါစေ။
February 8, 2009 at 6:59 AM
“နိဗ္ဗာန ပစ္စယော ဟောတု” ဟုတ်တယ်သူငယ်ချင်းရေ.. မေ့လျော့နေတာလေး လာပြောပြသွားလို့ ကျေးဇူးပဲ...
လေးစားခင်မင်လျက်..
ဖိုးသား
February 8, 2009 at 7:04 AM
ညီတော်မောင်
ဖတ်သွားတယ်..လာလာဖတ်တယ်.. အသံတိတ်။
ရွှေဥမင်ဆရာတော် ဘုရားကြီးအဆုံး အမ ပို့စ်လေးလည်းသဘောကျတယ်..
တစ်စုတစ်စည်းတည်း ဖြစ်ဖို့မလွယ်ဘူး..။