ဘုန်းဘုန်းရေ...
မင်္ဂလာပါနော်... ဖိုးသားစာရေးလိုက်ပါတယ်... နေကောင်းရဲ့လား ဘုန်းဘုန်း... ဘုန်းဘုန်း သွေးတိုးဖြစ်တယ် ဆိုလို့ ဖိုးသား စိတ်ပူသွားမိတယ်... သက်သာ သွားပြီလား ဘုန်းဘုန်း... ကျန်းမာရေး ဂရုစိုက်ပါ ဘုန်းဘုန်းရာ... ဖိုးသားတို့က အဝေးမှာ ဆိုတော့ လာပြီး မပြုစုနိုင်ဘူး ဘုန်းဘုန်းရယ်... ဘုန်းဘုန်းတို့ ကျန်းမာစေကြောင်း မေတ္တာတွေပဲ ပို့ပေးနေရတယ်...
ဖိုးသား ဘုန်းဘုန်းကို တောင်းပန်စရာလေး ရှိလို့ ဒီစာကို ရေးလိုက်တာပါ ဘုန်းဘုန်း... ဘာကို တောင်းပန် မလို့လဲလို့ ဘုန်းဘုန်းက မေးမလားပဲ... ဒီလိုဘုန်းဘုန်းရ...
ဖိုးသားတို့ အခုဘလော့တွေ ရေးတော့ လာလည်သူတွေ ဘယ်နှစ်ယောက် ရှိသွားပြီလဲ ဆိုတာ သိရအောင် နည်းအမျိုးမျိုးနဲ့ ဘောက်စ်လေးတွေ ဘလော့မှာ ထည့်ကြတာပေါ့... ဘုန်းဘုန်း ဘလော့မှာလည်း ပါတယ်လေ... အပေါ်ဆုံးမှာ... ဒီနေ့ ဘယ်နှစ်ယောက် လာလည်တယ်... စုစုပေါင်း ဘယ်နှစ်ယောက် ရှိသွားပြီ... ခုလောလောဆယ် အွန်လိုင်းမှာတော့ ဘယ်နှစ်ယောက် စာဖတ်နေတယ်... စသဖြင့်ပေါ့ ဘုန်းဘုန်းရာ...
ဖိုးသား ဘလော့မှာလည်း ထည့်ထားတယ်လေ... တစ်နေ့တစ်နေ့ ဖိုးသားလည်း အော် ငါ့ဘလော့မှာ ဒီလောက်တောင် လာလည်သွားပါလား ဆိုပြီး ၀မ်းသာကြည်နူးတဲ့ ပီတိ ဖြစ်တာပေါ့... လာလည်သူတွေ များလေလေ ဖိုးသား ပိုပြီး ၀မ်းမြောက်လေလေ... အော် ငါဒီလို ရေးတာတွေကို အားပေးဖတ်ရှုနေတဲ့ သူတွေ ဒီလောက်တောင် ရှိပါလား၊ ဒါဆိုရင်တော့ တရားအသိ သိတဲ့သူတွေလည်း ပိုလို့တိုလားပါလား ဆိုပြီးတော့ ၀မ်းမြောက်မိတာပါ...
အဲသလို ၀မ်းမြောက်တာဟာ ကောင်းပေမယ့်လို့ မကောင်းတဲ့ စိတ်လေးကလည်း နောက်က ကပ်လိုက်လာတယ် ဘုန်းဘုန်း... ဘာလဲဆိုတော့ သူများ ဘလော့မှာကော ဘယ်နှစ်ယောက် လာလည်သွားလဲ... ငါ့ဘလော့လိုကော များရဲ့လား ဆိုပြီးတော့လေ နှိုင်းယှဉ်မိတဲ့ စိတ်ကလေး... မကောင်းဘူး ဆိုတာ သိစိတ်က လက်ခံပေမယ့် မသိစိတ် (မောဟစိတ်လို့တော့ ဘုန်းဘုန်း ပြောတယ်နော်)က လက်မခံဘဲ သူများဘလော့တွေ ဖိုးသား သွားလည်မိတိုင်း အဲသလို စိတ်က ပေါ်ပေါ်နေတယ် ဘုန်းဘုန်းရာ...
အဲဒီအထဲမှာမှ ဖိုးသားရဲ့ မသိစိတ်ကနေ လာလည်သူ အရေအတွက်ကို အများဆုံး သွားယှဉ်မိနေတဲ့ ဘလော့တစ်ခု ရှိတယ်ဘုန်းဘုန်း... ဘုန်းဘုန်း ဘယ်ဘလော့လို့ ထင်လဲမသိဘူး... တခြား မဟုတ်ဘူး ဘုန်းဘုန်းရေ... ဖိုးသား သွားလည်မိတိုင်း အဲသလို လာလည်သူ အရေအတွက်ကို ယှဉ်မိတာ ဘုန်းဘုန်းရဲ့ ဘလော့ ဖြစ်နေတယ်... တောင်းပန်ပါတယ် ဘုန်းဘုန်း... ဖိုးသားကို စိတ်ဆိုးသွားလား မသိဘူး... ဘုန်းဘုန်း စိတ်မဆိုးလောက်ဘူး ထင်လို့ ဖိုးသား ဒီစာကို ရေးလိုက်ရတာပါ...
ဖိုးသားကို တစ်မျိုး ထင်သွားပြီလား ဘုန်းဘုန်း... ပါးစပ်ကတော့ အဲလေ စာရိုက်တာဆိုတော့ လက်ပေါ့နော်... အဲသလို စာရိုက်တဲ့ လက်က တရား တရား လုပ်နေပေမယ့် ဖိုးသား စိတ်ကတော့ မတရားတာတွေ လုပ်နေမိတယ် ဘုန်းဘုန်းရာ... ပုထုဇဉ် အရိုင်းသာသာမို့ ဖိုးသားကို ခွင့်လွှတ်ပါနော် ဘုန်းဘုန်း... ဘုန်းဘုန်းတို့ ကိုဝင်းမြင့်တို့ ဒီလောက် ဆုံးမနေတဲ့ကြားက ဖိုးသားမှာ ဒီလိုစိတ်မျိုး ၀င်ရတယ်လို့... ဖိုးသားကိုယ် ဖိုးသားလည်း တော်တော်လေး အံ့သြမိတယ်...
ဖိုးသား ဘုန်းဘုန်း ဘလော့မှာ စာတွေဝင်ဖတ်မိတိုင်း အဲဒီအတွေးက အမြဲဝင်တယ် ဘုန်းဘုန်းရာ... သိစိတ်က အဲလို မလုပ်ရဘူး၊ မလုပ်သင့်ဘူးဆိုတာ သိနေပေမယ့် ဘာလို့လဲမသိဘူး... မသိစိတ်က နောက်ကနေပြီး လိုက်ဒုက္ခပေးနေတာ... ဖိုးသားစိတ်ကို ဖိုးသား မနိုင်သေးဘူး ဘုန်းဘုန်းရာ... ကိုယ့်ဘလော့မှာ လာလည်သူများရင် ၀မ်းသာတယ်ဆိုတော့ လောဘတွေပဲ ထင်ပါတယ်နော် ဘုန်းဘုန်း...
ခုတော့လည်း အဲဒီစိတ်တွေ ရိုက်ချိုး ခံလိုက်ရတယ် ဘုန်းဘုန်းရာ... ဘယ်လိုလည်း ဆိုတော့ ဖိုးသား ဘလော့မှာ အရင် လာရောက်လည်ပတ်တဲ့ လူအရေအတွက်တွေ အကုန် ပျောက်သွားတယ်လေ... ဘလော့တွေ တော်တော်များများမှာ ပျောက်ကုန်တာ ဘုန်းဘုန်းရ... ခုပဲ ဘုန်းဘုန်းဘလော့ကို ၀င်ကြည့်မိတယ်... ဘုန်းဘုန်း ဘလော့မှာလည်း ထိုနည်း၎င်းပဲ... အကုန်ပျောက်ကုန်ပြီး လာလည်သူ အရေအတွက် အသစ်က ပြန်စနေတယ်လေ...
ဘယ်လိုပဲ ဖြစ်ဖြစ်ဘုန်းဘုန်းရာ... ဒီလို လာလည်သူတွေ ပျောက်သွားတာကိုက ဖိုးသားရဲ့ မကောင်းတဲ့ စိတ်ကလေးကို ကောင်းအောင်လုပ်ဖို့ လာသတိ ပေးလိုက်သလိုပါပဲ... ဒီစိတ်လေးနဲ့ အတူ ဘုန်းဘုန်းကိုလည်း တောင်းပန်ရမယ်ဆိုတဲ့ အသိ ၀င်လာတယ်လေ... ဒါကြောင့် ဖိုးသားရဲ့ မာနတွေကို လောဘတွေကို ခ၀ါချလို့ ဒီစာလေးနဲ့ အတူ ဘုန်းဘုန်းကို ၀ပ်တွားဦးချရင်း တောင်းပန်လိုက်ရတာပါ...
ဘုန်းဘုန်း ကျန်းမာပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလျက်
ချစ်တပည့်လေး
ဖိုးသား
14/02/2009, SAT:, 1:17:35 AM

0 comments