ဖြေရှင်းစရာ နည်းလမ်း
တစ်ခါတစ်လေ အလှမ်းဝေး
လှမ်းငေးနေရရုံသက်သက်
မဖြေရှင်းတတ်ခဲ့...။
သူတို့ပြောတယ်
ပုစ္ဆာတိုင်းမှာ အဖြေရှိသတဲ့လေ...၊
ပုစ္ဆာကပဲ ခက် လေသလား...
အဖြေကပဲ ၀ှက် လေသလား...။
သက်ရောက်မှုတွေ
တန်ပြန်မသက်ရောက်လေတော့
ဟန်ပန်လုပ် ပြုံးပြ
အရှုံးနဲ့ လှည့်ပြန်ခဲ့...။
နယူတန်ကပြောတယ်
သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိသတဲ့...၊
သက်ရောက်တာက နည်း တာလား...
တန်ပြန်တာက လွဲ တာလား...။
သောက်စရာ ဆေးတစ်လက်
တစ်ချက်တစ်ချက် ပျောက်ဆုံး
တစ်ယောက်သောသူကို အရှုံးပေး
နှလုံးမအေးစွာ ပြန်ကြ...။
ပြောကြပြန်တယ်
အနာသိရင် ဆေးရှိသတဲ့...၊
အနာကပဲ ရင်း တာလား...
ဆေးကပဲ မပြင်း တာလား...။
ဖြေရှင်းရင်း ဖြေရှင်းရင်း
အသေနဲ့နီးလာ
အ၀ိဇ္ဇာ အမှောင်သိုင်းခြုံရင်း
သေမင်းနိုင်ငံ ကြွမြန်းကြ...။
ရှင်မြတ်ဘုရားဟောတယ်
အလင်း(၀ိဇ္ဇာ)ရောက်ရင်
အမှောင်(အ၀ိဇ္ဇာ)ပျောက်မယ်တဲ့...၊
အလင်းကပဲ အားနည်း သလား...
အမှောင်ကပဲ အားစွဲ သလား...။
လေးစားစွာဖြင့်
ဖိုးသား
14/02/2009, SAT:, 10:42:54 PM
Latest News
0 comments