Latest News

*အလှူခံပုဂ္ဂိုလ် ရွေးချယ်ခြင်းနှင့် စပ်လျဉ်း၍*

ဘုန်းဘုန်းဝိစိတ္တ (ခေတ္တ-ကိုရီးယား) ဘလော့က စေတနာ သုံးတန် ပြည့်စုံဖို့ ဆိုရာဝယ်… ပို့စ်လေးကို ကျွန်တော် ဖတ်အပြီး ကွန်မန့်လေး ၀င်ရောက် ရေးသားခဲ့ပါတယ်…။ ဒီကွန်မန့်လေးကို ဘုန်းဘုန်းကို ကွန်မန့်အဖြစ် ပြန်လည်ရေးသား ဖြေကြားပေးခဲ့ပါတယ်…။ ခုကျွန်တော် ရေးသား ဖော်ပြမယ့် ပို့စ်လေးဟာ အဲဒီကွန်မန့်လေး နှစ်ခုကို ထပ်ဆင့် ကူးယူလိုက်တာပါ…။ အားလုံးပဲ ဖတ်ရှုဆင်ခြင် လက်တွေ့နဲ့ယှဉ်ပြီး ကျင့်သုံးနိုင်ကြပါစေ…။
---------

ဘုန်းဘုန်း မင်္ဂလာပါ...

စေတနာသုံးတန် ပို့စ်လေး ဖတ်အပြီးမှာ ဖိုးသားစိတ်ထဲ ဘ၀င်မကျတာလေး ပေါ်လာလို့ပါ... ဒါလေးနဲ့ပတ်သတ်လို့...

>>> “အလှူခံပုဂ္ဂိုလ်ပိုင်းကို သေချာ ရွေးချယ်ပြီး မလှူပါက ကိုယ့်အလှူကို ခံယူတဲ့အလှူခံ ပုဂ္ဂိုလ်ရဲ့ အမူအရာ၊ အပြောအဆို၊ အနေအထိုင်၊ အကျင်သီလတွေကို ကြည့်ပြီးသဒ္ဓါတရား ပျက်တတ်ပါတယ်။ သူသူကိုယ်ကိုယ် ကိုယ်လှူထားတဲ့ အရာလေးတွေကို ကြည့်ပြီး ပီတိပွားချင်ကြ၊ ၀မ်းမြောက်ချင်ကြတာ ဓမ္မတာပါ။ အဲဒီလို ပီတိ ပွားနိုင်ဖို့အတွက် အလှူခံပုဂ္ဂိုလ်၊ နေရာဌာန စတာတွေကို ရွေးချယ် လှူတန်းတတ်ဖို့ လိုပါတယ်။” <<<

ဖိုးသား ဘ၀င်မကျတာက ရွေးချယ်လှူဆိုတဲ့ အသုံးအနှုန်းလေးပါ...။ ဘုန်းဘုန်း ဒီပို့စ်ရေးတဲ့ ရည်ရွယ်ချက်ကို ဖိုးသား နားလည်ပါတယ်... အပရစေတနာ အပြည့်အ၀ ရစေဖို့ အလှူခံပုဂ္ဂိုလ် ရွေးချယ်ပြီး လှူခိုင်းတယ်ဆိုတာ... ဒါပေမယ့် ဖိုးသား သိထားတာလေး တစ်ခုရှိပါတယ်... အလှူဒါန တစ်ခု ပြုတဲ့နေရာမှာ ကုသိုလ်နဲ့ ပါရမီနဲ့ ကွဲပြားတာလေး...

ပုဂ္ဂိုလ် ယုတ်မြတ်ရွေးချယ်အပ် ခေါ်အပ်ကုသိုလ်သာ၊

ပုဂ္ဂိုလ် မရွေးလှူဒါန်းပေး မှတ်ရေးပါရမီ။

ဘုန်းဘုန်းက အလှူခံပုဂ္ဂိုလ် ရွေးချယ်ပြီး လှူခိုင်းတော့ ကုသိုလ်ကို အဓိက မထားဘဲ ပါရမီအတွက် ဖြည့်ကျင့်နေတဲ့ သူမျိုးအတွက်ကျတော့ အမှတ်မှားစရာ ဖြစ်နိုင်မလားလို့ ဖိုးသား ယူဆမိပါတယ်... ဖိုးသားလည်း သေသေချာချာတော့ နားမလည်ပါဘူး... သိထားတာလေးနဲ့ မကိုက်လို့ ရေးလိုက်ရခြင်းပါ...

ဘုန်းဘုန်းအပေါ် ဆရာလုပ်တဲ့ ပုံစံမျိုး ဖြစ်သွားခဲ့ရင်၊ ဒါမှမဟုတ် အပေါ်က ရေးသားခဲ့တဲ့ အထဲမှာ မောက်မာတဲ့ သဘောမျိုး ပါသွားခဲ့ရင် ဖိုးသား ဒီနေရာကပဲ ရှိခိုးဦးချ တောင်းပန်ပါရစေ... ခွင့်လွှတ်ပေးပါ ဘုန်းဘုန်း...

လေးစားရိုသေစွာ ဦးခိုက်လျက်
ဖိုးသား
--------------

ဒကာဖိုးသားရေ…

ကွန်မန့်လေးအတွက် ကျေးဇူးပါပဲ။ ဘုန်းဘုန်းပို့စ်မှာ ရေးထားတဲ့ အတိုင်းပါပဲ။ ဘုန်းဘုန်းက ပါရမီဖြည့်ကျင့်သူများ၊ ပါရမီမြောက်အောင် လှူလိုသူများထက် ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ပုံစံမျိုး ဖြစ်သွားတဲ့ ကုသိုလ်ရှင်များ အတွက် အဓိက ရည်ရွယ်လိုက်တာပါ။

ဒကာတို့ သိတဲ့အတိုင်းပဲ ယနေ့ခေတ်မှာ သာသနာမှာ အားနည်းချက်တွေ များလာတဲ့အပြင် သာသနာကို ခုတုံးလုပ်ပြီး လုပ်စားနေကြ သူတွေလည်း အများကြီးပဲ မဟုတ်လား။ အလှူခံ ပုဂ္ဂိုလ်ဆိုပြီးရော ဆိုတဲ့သဘောနဲ့ လှူလိုက်မယ်ဆိုရင် ဘုန်းဘုန်းတို့ သာသနာတွင်းမှာ သာသနာကို အမှီပြု လုပ်စားနေကြတဲ့ ပုဂ္ဂိုလ်တွေအတွက် ပိုပြီးအခွင့်သာသွားကာ လှူလိုက်တဲ့ ပုဂ္ဂိုလ်တွေမှာ အဆိပ်ပင် ရေလောင်းသလို ဖြစ်သွားတတ်ပါတယ်။ အဲဒီပုဂ္ဂိုလ်များ သာသနာတွင်းမှာ များလာရင် ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာမှာ အဓမ္မ၀ါဒီတွေပိုပြီး အားကောင်းလာနိုင်ပါတယ်။ ကိုယ်က ရွေးချယ်မှုမှားပြီး လှူလိုက်ပါက အဲဒီအလှူခံပုဂ္ဂိုလ်ဟာ သာသနာမှာ ပိုပြီးအားကောင်းလာကာ နောက် သူ့နောက်လိုက်တဲ့ ပုဂ္ဂိုလ်များပါ အမှားတွေကို အမှန်ထင်သွားတတ်ပါတယ်။

မနေ့ကပဲ ဘုန်းဘုန်းကျောင်းကို ဒကာလေးတစ်ယောက် ရောက်လာပြီး သူ့အတွေ့အကြုံလေး ပြောသွားသေးတယ်။ သူက ဒလကပါ။ သူတို့ ရပ်ကွက်ဘေးက လမ်းဘေးမြောင်းနားမှာ အဖီလေးထိုးပြီး နေနေတဲ့တောထွက် ရဟန်းအိုကြီး တစ်ပါးကို သနားပြီး သူ့သူငယ်ချင်းတွေနဲ့ တိုင်ပင်ကာ ပြင်ခင်းကျောင်းလေး တစ်ကျောင်း ဆောက်လှူဖြစ်ကြောင်း နောက်ပိုင်းလည်း အဲဒီရဟန်းကြီးအတွက် လိုအပ်တာ အကုန်လှူပေးကြောင်း၊ နောက်မှသိရတာက အဲဒီရဟန်းကြီးဟာ အရက်သောက်လို့ ကျောင်းကနှင်ထုတ်ထားတဲ့ ရဟန်းဖြစ်ကြောင်း၊ အခုလူထွက်သွားပြီး ဖြစ်ကြောင်း၊ သူ့သူငယ်ချင်းဆိုရင် မျက်နှာချင်းဆိုင်တောင် သွားပြီးဒေါသတစ်ကြီးပြောဆို ကြိမ်းမောင်းသည်အထိ ဖြစ်ကြကြောင်း ပြောပြပါတယ်။

ဒါတွေကို ကြည့်ရင် ပါရမီမရင့်ကျက်သေးတဲ့ ပုထုဇဉ်တွေအတွက် ကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ်တွေ ဖြစ်ကြတတ်ပါတယ်။ အလှူခံပုဂ္ဂိုလ်ရွေးချယ်မှု မှားတဲ့အတွက် သဒ္ဓါတရား မတိုးတဲ့အပြင် အဲဒီလို အဖြစ်မျိုးတွေနဲ့ ကြုံရတတ်ပါတယ်။ တကယ်တော့ တို့သာသနာကြီး အရှည်တည်တံ့ဖို့ အတွက် ဆရာ၊ ဒကာ ညီညီညွတ်ညွတ်ရှိမှ ဖြစ်မှာပါ။

ဒကာတို့ သိတဲ့အတိုင်းပဲ သီရိဓမ္မာ သောကမင်းကြီးလည်း သာသနာကို သန့်ရှင်းပေးခဲ့ရတာပဲ။ ဗုဒ္ဓဘာသာဖြစ်လာပြီး နောက်ပိုင်းမှာ သူ့အဖေလက်ထက်က ကျွေးမွေးလှူဒါန်းခဲ့တဲ့ တိတ္တိခြောက်သောင်းကို အလှူဖြတ်ပြီး ရဟန်းတော်တွေကို လှူလိုက်တော့ တိတ္တိတွေ စားစရာမရှိဖြစ်ကာ ကိုယ့်သဘောနဲ့ကို သာသနာအတွင်းဝင်ရောက်လာပြီး ရဟန်းအစစ်တွေနဲ့ ရောက်နှောနေလိုက်လို့ သာသနာဟာ ညစ်နွမ်းသွားပြီး မင်းကြီးကိုယ်တိုင် သာသနာသန့်ရှင်းပေးခဲ့ ရတယ်မဟုတ်လား။ ယနေ့ခေတ် တို့မြန်မာနိုင်ငံ သာသနာမှာလည်း အဲလိုဝင်ရောက် ရောနှောလုပ်စား နေတာတွေ များလာတဲ့အတွက် ဒီလိုသာသနာအတွက် အကျိုးမပြုတဲ့ ပုဂ္ဂိုလ်တွေကို မှားပြီးသဒ္ဓါလွန်သွားရင် သာသနာ အတွက်လည်း အဆိပ်ပင် ရေလောင်းသလိုဖြစ်၊ ထိုပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်ကိုကြည့်ပြီး သဒ္ဓါတရား မခိုင်မြဲကြသေးတဲ့ ပုထုဇဉ် ပုဂ္ဂိုလ်တွေမှာ စိတ်အနှောင့်အယှက် ဖြစ်ပြီး လှူပြီးသား အလှူအပေါ်မှာ မုဒိတာမပွားနိုင် ဖြစ်တတ်တဲ့အတွက် ရွေးချယ်ပြီး လှူဒါန်းကြဖို့ ရည်ရွယ်တာပါ။

အမှန်တော့ တို့သာသနာဟာ သာသနာ့အလုပ်ကို လုပ်နေရင် ဘုရားက ကျွေးထားပြီးသား ဖြစ်တဲ့အတွက် သံဃာတော်များမှာ ပရိယတ်၊ ပဋိပတ်လုပ်နေကြရင် ဘာမှပူပန်စရာ မရှိဘူးဆိုတာ ရှင်းပါတယ်။ အဲဒီအလုပ်တွေ မလုပ်ဘဲ သာသနာမှီပြီး စားရေးနေရေး အဆင်ပြေအောင် ကြိုးစားနေကြရတဲ့ သာသနာရဲ့ ဆူးညှောင့်ခလုပ်တွေအပေါ် မှားပြီးရွေးချယ် ကိုးကွယ်လှူဒါန်းမိမှာ စိုးတဲ့အတွက် ရွေးချယ်ပြီး လှူဒါန်းစေလိုတာပါ။ အလှူဒါနကတော့ စေတနာရှိပြီးလှူရင် ခွေးလှူလည်း ကုသိုလ်ရတာပါပဲ။ သို့သော် သာသနာအတွက် အန္တရာယ်ဖြစ်စေမယ့် လုပ်စားတွေကို အဆိပ်ပင် ရေလောင်းမဖြစ်ဖို့အတွက် ရွေးချယ်ခိုင်းတာပါ။

မေတ္တာဖြင့်…
ဘုန်းဘုန်း

***********************************************************
လေးစားရိုသေစွာဖြင့်
ဖိုးသား

23/02/2009, MON:, 8:20:25 AM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. ကိုဖိုးသားရေ...တိုက်တိုက်ဆိုင်ဆိုင်ဘဲ။ ကျွန်တော်က ကျွန်တော့်ဘလော့ဂ်မှာ ဒါနအကြောင်းလေးတင်ပြီး ဒီဘက်လာလည်လိုက်တော့ ကိုဖိုးသားတင်ထားတဲ့ အလှူခံပုဂ္ဂိုလ်ပို့ စ်ကိုဖတ်ရတာဘဲ။
    ဆရာတော်မိန့် ထားတာလည်း မှန်ပါတယ်။ ကိုဖိုးသား ပြောထားတာလည်း မှန်ပါတယ်။ ဘာကိုရည်ရွယ်ချက်ထားပြီး လှူမလဲဆိုတဲ့ အလှူရှင်ရဲ့ စိတ်သဘောထားက အဓိကကျမယ်လို့ ထင်ပါတယ်ခင်ဗျား။

Leave a Reply