အခု အောက်မှာ ဖော်ပြမယ့် ကဗျာလေးက ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ လောကီအာရုံ မကုန်သေးတဲ့ ပုထုဇဉ် လူသားများအတွက် ကဗျာကောင်းတစ်ပုဒ်ပါ…။ ကျွန်တော်လည်း ပုထုဇဉ်ပီပီ ဒီကဗျာလေးကို ကြိုက်နှစ်သက်တာနဲ့ စာပေ(၂)၊ ပြင်ဦးလွင်မှာ နေစဉ် 12.07.2008 (စနေနေ့)က ကူးယူခဲ့တာပါ…။ ဆရာ့ရဲ့ *သမုဒယ တွယ်သမို့ နွယ်လို့ခေါ်မည် ခိုင်* စာအုပ်ထဲကပါ…။ တစ်ချက်လောက် ဖတ်ကြည့်လိုက်ပါဦး…။ ခေါင်းစဉ်လေးက သိုလှောင်ခြင်း ... တဲ့ခင်ဗျ။
ကဲ ဓမ္မမိတ်ဆွေတို့… ဒီကဗျာလေးကို ခံစားဖတ်ရှုလို့ ပြီးသွားပြီဆိုရင် ဒီကဗျာလေး ကနေတစ်ဆင့် ကျွန်တော်တွေးမိတဲ့ အတွေးလေးတွေ ကိုလည်း ဆက်လက်လို့ ဖတ်ကြည့်ပေးပါဦး။
>>> ပထမအပိုဒ်
မေတ္တာ ဆိုတဲ့ ပန်းနုလွှာ
သိမ်းဆည်းကာ ရင်မှာစု
ဘယ်သူ့တွက်လဲ။
မဆင်ရဲသူမို့
ရင်ထဲက ပန်းတွေစု
သူ့အတွက်ပါပဲ။
ပထမပိုဒ်မှာ ဆရာက မေတ္တာလို့ သုံးနှုန်းထားတယ်… ဒီနေရာမှာ မေတ္တာသည် ၁၅၀၀ ကိလေသာတွေ လွှမ်းခြုံနေတဲ့ ချစ်ခြင်းမေတ္တာကို ဆိုလိုထားတာပါ…။ နောက်ပြီး ဒီကဗျာမှာ ပါဝင်တဲ့ ဇာတ်ကောင်က ဒီမေတ္တာပန်းကို သူ့ချစ်သူကို ပန်ဆင်မပေး ၀ံ့တာကြောင့် ရင်ထဲမှာပဲ သိမ်းဆည်း သိုလှောင် ထားသတဲ့လေ…။
ကျွန်တော်သာ ဒီဇာတ်ကောင်နေရာ ရောက်ခဲ့မယ်ဆိုရင် ခုလိုလေး ပြင်ဆင်လို့ ရေးမိမလားပဲ…။
မေတ္တာ ဆိုတဲ့ ပန်းနုလွှာ
ပို့သကာ စိတ်မှာစု
ဘယ်သူ့တွက်လဲ။
ဆင်ပေးချင်သူမို့
ရင်ထဲမှာ ပန်းတွေစု
အများတွက်ပါပဲ။
ဒီနေရာမှာတော့ မေတ္တာသည် တဏှာပေမ (တဏှာချစ်) မေတ္တာမျိုး မဟုတ်ဘဲ မေတ္တာပေမ (မေတ္တာချစ်) မေတ္တာမျိုးနဲ့ပါ…။ အများတကာကို မေတ္တာပို့သ အမျှဝေနေတဲ့ သူတွေအတွက်တော့ ရင်ထဲမှာတော့ မေတ္တာပန်းတွေ လှိုင်လှိုင် ပွင့်ဖူးနေတယ်ဆိုတဲ့ အဓိပ္ပါယ်သဘောနဲ့ ရေးသားလိုက်ခြင်းပါ…။
>>> ဒုတိယအပိုဒ်
စကား ဆိုတဲ့ ငှက်ညိုပြာ
နားနေကာ နှုတ်မှာစု
ဘယ်သူ့တွက်လဲ။
တေးသီစမ်းမယ်လို့
နှုတ်ခမ်းမှာ ငှက်ပြာနု
သူ့အတွက်ပါပဲ။
ဒုတိယပိုဒ်မှာတော့ ဒီကဗျာထဲက ဇာတ်ကောင်သည် သူ့ချစ်သူ သက်ထားကို ချစ်စကား ကြိုက်စကား လေးတွေ တီတီတာတာ ပြောချင်နေပုံပဲ…။ သို့ပေမယ့် စကားလုံးတွေက နှုတ်ခမ်းမှာသာ တွဲခိုနေတယ် ပြောမထွက်ဘူး ထင်ပါရဲ့…။ အော် အချစ်နဲ့ ထိပ်တိုက် ရင်ဆိုင် ရတော့လည်း ပုထုဇဉ် လူသားတွေ ဆွံ့အကုန်ပါ ကောလား…။
ဒီဒုတိယ အပိုဒ်လေးကိုလည်း ကျွန်တော်က တရားသဘော ပါအောင် ခုလို ပြင်ဆင်လို့ ရေးလိုက်ပါရဲ့...။
တရား ဆိုတဲ့ ငှက်ညိုပြာ
နားနေကာ နှုတ်မှာစု
ဘယ်သူ့တွက်လဲ။
ဟောပြစမ်းမယ်လို့
နှုတ်ခမ်းမှာ ငှက်ပြာနု
အများအတွက်ပါပဲ။
တရားကိုချစ်ခင်၊ တရားကိုမြတ်နိုး၊ တရားကို တန်ဖိုးထားလို့ တရားနည်းလမ်းနဲ့ အညီ ကျင့်သုံး နေထိုင်နေတဲ့ သူတွေအတွက်တော့ (ဆရာတော် သံဃာတော်တွေလည်း ဖြစ်နိုင်သလို၊ တရားကို ပညာသိနဲ့ သိနေတဲ့ လူပုဂ္ဂိုလ်တွေလည်း ဖြစ်နိုင်ပါတယ်...။) တရားစကားတွေက နှုတ်ခမ်းမှာ တွဲခိုနေမယ်ဆိုတာ ငြင်းဖို့မလိုပါဘူးလေ…။ အဲဒီတော့လည်း လူအများအတွက် ဟောပြော လမ်းညွှန်ဖို့ရာ အဆင်သင့် ဖြစ်နေတော့ တာပေါ့…။
>>> တတိယအပိုဒ်
ဒီအပိုဒ်လေးကိုတော့ ကျွန်တော် ဇာတ်ကောင် ၀င်မလုပ်တော့ပါဘူး...။ ပွဲကြည့်သူ အနေနဲ့သာ ဒီဇာတ်ကောင်ရဲ့ စရိုက်ကို ဆုံးဖြတ်လို့ သုံးသပ်အကြံပြု ဆွေးနွေးပါ့မယ်...။ ကဲ စလိုက်မယ်နော်...
မျက်ရည် ဆိုတဲ့ ပုလဲသွယ်
မျက်ဝန်းဝယ် သိမ်းကာစု
ဘယ်သူ့တွက်လဲ။
ဒါလေးကို ဖတ်ပြီး ယောကျာ်းကြီးတန်မယ့် မျက်ရည် ကျရသလားလို့ ဣတ္ထိယမမတို့က ဆိုလေမလားပဲ...။ ဒါလေးကို အရှင်းဆုံး ဖြေရှင်းရရင်တော့ ယောကျာ်းလည်း ခန္ဓာငါးပါးနဲ့ ဖွဲ့စည်းထားသမို့ ခံစားမှု (ဝေဒနက္ခန္ဓာ)တော့ ရှိပါတယ်လို့...။ ဒါကြောင့် ဒီဝေဒနာကို မရှုနိုင်သေး သ၍တော့ မျက်ရည် ကျချင်ကျမှာပေါ့ နော..။
ထားပါ... ဆိုလိုရင်းလေး ပျောက်သွားဦးမယ်... မျက်ရည်တဲ့...။ မျက်ရည်သည် ကျသင့်တဲ့ မျက်ရည်ရှိသလို၊ မကျသင့်တဲ့ မျက်ရည်လည်း ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်...။ နောက်တစ်နည်း ဒီမျက်ရည်ကြောင့် သံဝေဂ ဉာဏ်နဲ့အတူ နိဗ္ဗာန်သောင်ကမ်း အရောက် လှမ်းနိုင်မယ့် မျက်ရည်မျိုး ရှိသလို၊ ဒီမျက်ရည်ကြောင့်ပဲ အပါယ်ကမ္ဘာကို အလည်ရွာအဖြစ် အရောက် ဆွဲချနိုင်တဲ့ မျက်ရည်မျိုးလည်း ရှိပါတယ်။
နည်းနည်းလေး ဥပမာနဲ့ ချဲ့ပြောရရင် ယောကျာ်းလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ် ရည်းစားနဲ့ကွဲလို့ ဒါမှမဟုတ် ကိုယ်တန်ဖိုးထား မြတ်နိုးတဲ့ ပစ္စည်းလေး ပျောက်သွားလို့ စွဲလမ်းမှုတဏှာ (ဥပါဒါန်လည်း ပါမယ် ထင်တယ်)နဲ့ မစားနိုင် မအိပ်နိုင် ငိုကြွေး မျက်ရည်ကျတာသည် ဗီဇာမလိုပဲ အပါယ်ရွာကို အလည်သွားချင်လို့... နောက်တစ်နည်း အဲလို ကျတဲ့ မျက်ရည်သည် အပါယ်ဆွဲချမယ့် မျက်ရည်၊ ဘာက ဆွဲချမလဲဆိုတော့ တဏှာက ဆွဲချမှာ...။
နောက် ကျသင့်တဲ့ ကျကောင်းတဲ့ မျက်ရည်...။ ဘယ်လိုမျိုးလဲ ဆိုတော့ ကိုယ်က သူများတကာရဲ့ လှူဒါန်းမှုကို တအားဝမ်းမြောက် ပီတိတွေဖြစ်ပြီး မုဒိတာပွားရင်းနဲ့ ကျတဲမျက်ရည်သည် ကျသင့်တဲ့ မျက်ရည်... အဲ.. ဘယ်လိုပြောရမလဲ ကျရမယ်လို့တော့ ဆိုလိုတာ မဟုတ်ဘူးပေါ့ဗျာ...။ ဒါပေမယ့် ကျလာရင်တော့ ဒီမျက်ရည်သည် ကျကောင်းပါတယ်တဲ့...။
ဒါပေမယ့် ဒီဇာတ်လမ်းထဲက ဇာတ်ကောင်ကတော့ တဏှာနဲ့ မျက်ရည် ကျတာဆိုတော့ အင်း... မပြောချင်ပေမယ့်လည်း ပြောရဦးမယ်ဆိုသလို အပါယ်သွားမယ့် မျက်ရည်ပဲလို့ ဆိုရပါလိမ့်မယ်...။
ကဲနောက်ဆုံး အဆုံးသတ်သွားတာလေး...
သူကစိမ်းလေတော့
မငြိမ်းနိုင် အပူဆို့မယ့်
ကိုယ့်တွက်ပါပဲ။
သူကစိမ်းတာကို ကိုယ်က မငြိမ်းနိုင် အပူဆို့၊ တဏှာနဲ့လွမ်း၊ တဏှာနဲ့ တမ်းနေရင်တော့... အင်း သေချာပါတယ်... အပါယ် ကမ္ဘာကတော့ ခင်ဗျား အတွက်လို့ပဲ ပြောလိုက်ပါရ စေတော့ ကိုဇာတ်ကောင်ရေ...။
>>> အားလုံးသော ဓမ္မမိတ်ဆွေများ မမေ့မလျော့ မပေါ့မဆ မြမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြပါစေ...။
လေးစားစွာဖြင့်
ဖိုးသား
24/02/2009, TUE:, 18:46:45 PM
*သိုလှောင်ခြင်း*
မေတ္တာ ဆိုတဲ့ ပန်းနုလွှာ
သိမ်းဆည်းကာ ရင်မှာစု
ဘယ်သူ့တွက်လဲ။
မဆင်ရဲသူမို့
ရင်ထဲက ပန်းတွေစု
သူ့အတွက်ပါပဲ။
စကား ဆိုတဲ့ ငှက်ညိုပြာ
နားနေကာ နှုတ်မှာစု
ဘယ်သူ့တွက်လဲ။
တေးသီစမ်းမယ်လို့
နှုတ်ခမ်းမှာ ငှက်ပြာနု
သူ့အတွက်ပါပဲ။
မျက်ရည် ဆိုတဲ့ ပုလဲသွယ်
မျက်ဝန်းဝယ် သိမ်းကာစု
ဘယ်သူ့တွက်လဲ။
သူကစိမ်းလေတော့
မငြိမ်းနိုင် အပူဆို့မယ့်
ကိုယ့်တွက်ပါပဲ။
********************************************

February 24, 2009 at 8:30 AM
အကိုက ကဗျာလေးကို ဖတ်သွားတယ်..သေချာသဘောမပေါက်မိဘူး၊ ညီရှင်းပြမှ သဘောထင်တော့တယ်... :)
မရမ်းသီးအမှည့်နှစ်လုံးကို တစ်ယောက်တစ်လုံးစီ ပေးလိုက်တယ်။ တစ်ယောက်က ဆားနဲ့ တို့စားတယ်၊ တစ်ယောက်က ထုံးနဲ့ တို့စားတယ်...ဘယ်သူကို အရသာပိုချိုစေမလဲ? ဤသို့ပါပဲ...တစ်ယောက်က ရာဂရသ ဆားနဲ့ စားကြည့်တယ်၊ တစ်ယောက်က တရားရသ ထုံးနဲ့ စားကြည့်တယ်၊ ထုံးနဲ့ တို့စားတာက ချိုသကွယ့်...မစားဖူးရင် စားကြည့်ကြပါ...
လေးစားပါတယ် ညီလေး...
ဆက်လက်မျှဝေ ကျေးဇူးပြုနိုင်ပါစေ...