မဂ္ဂင်တောင်တက် ခရီး၏ နောက်ဆုံးအဆင့်သည် သမ္မာသမာဓိ မဂ္ဂင် ဖြစ်သည်။ ဤကား အာရုံတစ်ခုတည်း အပေါ်မှာ စိတ်ကိုတည်ငြိမ်စွာ စူးစူးစိုက်စိုက် ထားနိုင်မှု (စိတ္တေကဂ္ဂတာ)ကို ဆိုလိုခြင်း ဖြစ်၏။
ဤတောင်တက်ခရီး ပထမရက်များတွင် အခက်အခဲ ရှိနိုင်သည်။ (ခက်ခဲသည်ဟု ထင်ရသည်။) အဘယ်ကြောင့်ဆိုသော် သမာဓိကို ကောင်းစွာ မထူထောင်မိ သေးသောကြောင့် ဖြစ်၏။ တောင်တက်ခရီးသို့ သွားသောအခါ သင့်မှာ ကိုယ်ကာယ ကျန်းမာ သန်စွမ်းမှု ရှိဖို့လိုပါသည်။ သင့်ကိုယ်ခန္ဓာက ကျန်းမာ သန်စွမ်းမှု မရှိသေးလျှင် အစပိုင်းတွင် သင်သည် ပင်ပန်းမည်၊ မသက်မသာ ခံစားရမည် ဖြစ်၏။ သို့သော် ကိုယ်ကာယ သန်စွမ်းမှု ရှိလာသည်နှင့်အမျှ တောင်တက်ရခြင်းမှာ လွယ်ကူ ချောပြေ လာပါတော့သည်။
ကမ္မဋ္ဌာန်းဘာဝနာ အားထုတ်ရာမှာလည်း ထိုနည်းတူ ဖြစ်တတ်သည်။ သမာဓိအား တိုးတက် ဖွံ့ဖြိုးလားသောအခါ တရားအားထုတ်မှု လွယ်ကူသက်သာ လာပါသည်။ တရားအားထုတ်စ ပထမပိုင်းမှာ ကြုံကြိုက်ရသော အတားအဆီး နီဝရဏ တရားများကို ထိုအခါ အလွယ်တကူ ကျော်ဖြတ် သွားနိုင်ပါတော့သည်။
ရေနွေးအိုး မီးဖိုပေါ်မှာ တည်သောအခါ ခဏခဏ အဖုံးကို လှပ်ကြည့်နေလျှင် ရေနွေးဆူရန် အချိန်ပို၍ ကြာတတ်ပါသည်။ အကယ်၍ ရေနွေးအိုးကို မီးဖိုမှာတင်ပြီး သင်က ပစ်ထားလိုက်ပါက ရေသည် အမြန်ပူပြီး အမြန်ဆူပါသည်။
ရိပ်သာမှာ တရားပတ်ဝင်ပြီး တရား အားထုတ်ခြင်းသည် အမြန်သမာဓိ ရကြောင်း၊ သတိပဋ္ဌာန် အားကောင်းကြောင်း အတွက် ထူးခြားသော အခွင့်အလမ်း တစ်ရပ်ဖြစ်၏။ အဆက်မပြတ် တရားအားထုတ်သောအခါ သတိပဋ္ဌာန် အားထုတ်မှု အခိုက်အတန့် တစ်ခုသည် ရှေးကဖြစ်ပြီးသော အခိုက်အတန့် တစ်ခုပေါ်မှာ ဆင့်ကဲ တည်ဆောက်သလို ဖြစ်သည့်အတွက် အချိန်တို အတွင်းမှာပင် စိတ်သည် တိုးတက်ဖွံ့ဖြိုးလာကာ အားအလွန်ကောင်းလာပြီး ထိုးထွင်း သိမြင်နိုင်သော ဉာဏ်စွမ်းသတ္တိ ဖြစ်ပေါ် လာပါတော့သည်။
ကျွန်ုပ်တို့ သွားလျှက်ရှိသော ဤမဂ်ခရီးစဉ်သည် မိမိ၏ သဘာဝ အစစ်အမှန်အား ထိုးထွင်းသိမြင်မှု ဉာဏ်ကို နက်ရှိုင်းစွာ ရရှိစေပြီးလျှင် ထိုဉာဏ်သည် ကျွန်ုပ်တို့နှင့် ကမ္ဘာလောကကြီး မှန်မှန်ကန်ကန် ဆက်ဆံရေး ဖြစ်လာအောင်လည်း ဆက်စပ်ပေးပါသည်။ မောင့်အနာလော့ဂ် ကျမ်းတွင် ဆီလျော်သော အဆုံးအမတစ်ခု ပါပါသည်။ ဤဉာဏ်လမ်း တောင်တက်ခရီးနှင့် ဆက်စပ်ပါသည်။ ထိုစကားမှာ…
“သင့်မျက်လုံးတွေကို တောင်ထိပ်သို့ သွားရာ လမ်းပေါ်မှာသာ တစ်သမတ်တည်း စူးစူးစိုက်စိုက် ထားပါ။ သို့သော် ကိုယ့်ရှေ့ တည့်တည့်ကိုလည်း ကြည့်ဖို့ မမေ့ပါနှင့်။ နောက်ဆုံးခြေလှမ်းသည် ပထမခြေလှမ်းပေါ်မှာ တည်ပါသည်။ တောင်ထိပ်ကို မြင်ကာမျှဖြင့် တောင်ထိပ်ပေါ်သို့ ရောက်ပြီဟုလည်း မမှတ်ပါနှင့်။ သင်၏ခြေချရာကို ဂရုစိုက်ပါ။ ခြေကုပ်မြဲပါစေ။ သေချာပြီဆိုမှ၊ စိတ်ချရပြီဆိုမှ နောက်ခြေလှမ်းကို လှမ်းပါ။ သို့သော် အမြင့်ဆုံး ပန်းတိုင်ကိုလည်း မျက်ခြေ ပြတ်မသွားပါစေနှင့်။ ပထမခြေလှမ်းသည်လည်း နောက်ခြေလှမ်းပေါ်မှာ တည်ပါသည်။”
ပစ္စုပ္ပါန် တည့်တည့်မှာ အခြေချပါ။ ခဏတိုင်း ခဏတိုင်းကို သတိမလစ်စေဘဲ သိနေအောင် အားထုတ်ပါ။ ပြီးတော့ သံသရာမှ လွတ်မြောက်ကြောင်း ဖြစ်သော ၀ိမုတ္တိပန်းတိုင်ကို မျှော်မှန်းမှု အပေါ်မှာလည်း ယုံကြည်အားထားပါ။
>>> ဆရာဦးဆန်းလွင်နှင့် ဆရာဦးဟန်ဌေးတို့ ဘာသာပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ဝိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေအပ်ပါတယ် ခင်ဗျာ...။
>>> မဂ္ဂင်ရှစ်ပါး မြတ်တရား ဤတွင်ပြီးပါပြီ...၊ အားလုံးပဲ လမ်းမှန်ပေါ် လျှောက်လှမ်းရင်း တောင်ထိပ်သို့ ရောက်နိုင်ကြပါစေ။
လေးစားစွာဖြင့်
ဖိုးသား
22/02/2009, SUN:, 19:42:53 PM

February 22, 2009 at 9:38 AM
လာရောက်ဖတ်မှတ်သွားပါတယ်...ဖိုးသားရေ
အင်မတန် ကောင်းတဲ့ ပို့စ်လေးပါ.. ဖော်ပြပေးလို့ကျေးဇူး .. ဖတ်ခွင့်ရလို့ ကျေးဇူး