Latest News

*မဂ္ဂင်ရှစ်ပါး မြတ်တရား(၂)*

ဒုတိယ မဂ္ဂင်မှာ သမ္မာသင်္ကပ္ပမဂ္ဂငဖြစ်သည်။ မှန်ကန်သော တွေးတော ကြံစည်မှုဟု အနက်ရပါသည်။ မှန်ကန်သော တွေးတောကြံစည်မှု ဆိုသည်မှာ ကိလေသာ ကာမစ္ဆန္ဒ အလိုဆန္ဒကြီးမှု၊ ဣဿာ မစ္ဆေရ သူတစ်ပါး စည်းစိမ်ချမ်းသာကို ငြူစူမှု၊ မနာလိုဝန်တိုမှု၊ ဗျာပါဒ သူတစ်ပါးကို ဖျက်ဆီးလိုမှု စသော စိတ်ယုတ်များ ကင်းစင်သော အတွေးအကြံကို ဆိုလိုခြင်းဖြစ်သည်။ စိတ်သည် ကာမရာဂ ဆန္ဒများ ရှိနေသ၍ ၎င်းသည် အပြင်ပ အာရုံများကိုသာ ရှာဖွေနေမည် ဖြစ်၏။ အပြင်ဘက်က စိတ်အလိုဆန္ဒကို ဖြည့်ဆည်းမည့် အရာများကိုသာ ရှာဖွေနေမည် ဖြစ်၏။ စိတ်၏ အပြင်အပ၌ဖြစ်သော ၀တ္ထုအာရုံ ကာမဂုဏ် တရားတို့သည်ကား မမြဲသော အနိစ္စ တရားများသာ ဖြစ်ကြကုန်ရကား စိတ်အလိုဆန္ဒကို ဘယ်လိုပင် ဖြည့်သော်လည်း စိတ်သည် အလိုဆန္ဒ ပြည့်စုံခြင်းသို့ ဘယ်တော့မှ မရောက်နိုင်ချေ။

ခဏမျှဖြစ်သော စိတ်ချမ်းသာ ပျော်ရွှင်မှု ဖြစ်ပေါ်နိုင်သော်လည်း တောင့်တမှု ရာဂစိတ်သည် နောက်ထပ်တစ်ဖန် ပို၍သာ များပြားစွာ ဖြစ်ပေါ်လာတတ်သည်။ အဆုံးမရှိ ဆန္ဒရာဂ၏ ၀တ္ထုအာရုံ ကာမဂုဏ်ချမ်းသာကို တောင့်တမှု၊ ထိုအလိုဆန္ဒကို ပြည့်အောင် ဖြည့်သော်လည်း မပြည့်ဘဲ ဆန္ဒရာဂသာ ပို၍များပြားလာမှု၊ ရာဂသည် စိတ်ကို အမြဲအစဉ်သာလျှင် လှုပ်ရှားထကြွ သောင်းကျန်းစေပြီး စိတ်ရှုပ်ထွေးမှုကိုသာ ဖြစ်ပေါ်စေနိုင်ပါသည်။ စိတ်ကို ကာမရာဂ ဆန္ဒများမှ ကင်းလွတ်စေရမည်ဟု ဆိုခြင်းမှာ ထိုဆန္ဒများကို ဖိနှိပ်ပြီး တဏှာရာဂ ကိလေသာဆန္ဒများ ကင်းရှင်းလေအောင် ဟန်ဆောင်ခြင်းကို ဆိုလိုသည် မဟုတ်ပါ။

အလိုဆန္ဒတစ်ခုကို ဖိနှိပ်လျှင် ထိုရာဂဆန္ဒသည် အခြားတစ်နည်းဖြင့် ဖော်ပြတတ်သည်။ ထပ်တူထပ်မျှ မလိမ္မာရာကျသော ကိစ္စမှာ ရာဂစိတ် ထကြွလာသောအခါ ထိုစိတ်ကို ငါနှင့် ထပ်တူပြုပြီး ထိုစိတ်အလိုအတိုင်း လိုက်၍ ပြုလုပ်နေမိခြင်းပင် ဖြစ်တော့သည်။

ရာဂစိတ်ကို ဖိနှိပ်ခြင်းလည်း အမှား၊ ထိုစိတ်အလိုအတိုင်း လိုက်စားခြင်းလည်း အမှားဖြစ်ပါသည်။ သမ္မာသင်္ကပ္ပဆိုသော မှန်ကန်စွာ တွေးကြံခြင်း သဘောမှာ ကာမရာဂခေါ် ကာမဂုဏ် စည်းစိမ်တို့၌ တပ်မက်ခြင်းစိတ် ဖြစ်ပေါ်လာသောအခါ ဖြစ်ပေါ်လာသည့်အတိုင်း လွှတ်ထားလိုက်လျှင် သူ့ဘာသာ ပပျောက်သွားလိမ့်မည်ဟု သိပြီး ရှုနေလိုက်ဖို့ပင် ဖြစ်ပါသည်။ ရာဂစိတ် ဖြစ်လျှင် ရာဂစိတ်ပဲဟု သိလိုက်လျှင် ကိစ္စပြီးပါသည်။ ထိုစိတ်ကို ဖိနှိပ်ချိုးနှိမ်နေစရာ မလိုပါ။

ထိုကဲ့သို့ ထိုစိတ်နောက်သို့ လိုက်ပြီး သူတောင်းဆိုရာကို ဖြည့်ဆည်းနေဖို့လည်း မလိုပါ။ ထိုစိတ်ဖြစ်လာလျှင် ဖြစ်သည့်အတိုင်းပင် လွှတ်ပြီး ရှုနေလိုက်ပါ။ ထိုကဲ့သို့ သူ့သဘော သူဆောင်ပြီး ဖြစ်နေတာပဲဟု မိမိနှင့် မဆိုင်သလို လွှတ်ပြီး ရှုဖန်များလာသောအခါ ထိုစိတ်မျိုးပေါ်တာသည် တဖြေးဖြေး ကျဲသွားပြီး စိတ်မှာပို၍ ပေါ့ပါးသွားပါတော့သည်။ ထိုအခါ စိတ်မှာ အနှောင့်အယှက်သော် လည်းကောင်း၊ တင်းမာမှုသော် လည်းကောင်း မရှိတော့ဘဲ စိတ်သည် အကျင့်ပါနေသော ရာဂဆန္ဒ အနှောင်အဖွဲ့ အကျဉ်းထောင်မှ လွတ်မြောက်သွားသည်ကို တွေ့ရပါလိမ့်မည်။

ဣဿာ၊ မစ္ဆေရ၊ ဗျာပါဒ စသော ယုတ်ညံ့သော စိတ်များမှ လွတ်မြောက်ခြင်း ဆိုသည်မှာ ဒေါသမှ လွတ်မြောက်ခြင်း ဖြစ်၏။ ဒေါသသည် စိတ်ထဲတွင် မီးတောက်လောင်နေခြင်း ဖြစ်သည်။ ထိုဒေါသကို အပြင်သို့ ထုတ်ဖော်လိုက်ပါလျှင် သူတစ်ပါးကိုပါ ကြီးစွာသော ဆင်းရဲဒုက္ခ ရောက်စေပါသည်။ ဒေါသဖြစ်လျှင် ထိုဒေါသကို အလိုက်သင့် ဒေါသမှန်းသိအောင် သတိဖြင့် သတိဖြင့် ရှုမှတ်ပြီး သူ့အလိုလို ဒေါသချုပ်ငြိမ်းကာ အမျက်ပြေသွားအောင် နေလိုက်ရန်သာ လိုပါသည်။

ထိုအခါ ဒေါသပြေသွားသော စိတ်သည် ပေါ့ပါး ရွှင်လန်းပြီး သူ့နဂို သဘာဝအတိုင်း မေတ္တာစိတ်ဓါတ် ဖြစ်ပေါ်လာပါတော့သည်။ ရက်စက်ကြမ်းကြုတ်မှု ကင်းသော စိတ်ကူး၊ အတွေးများ ဆိုသည်မှာ သူတစ်ပါး ဒုက္ခရောက်နေသည်ကို မရှုစိမ့်ဘဲ သနားကြင်နာသော အတွေးများ၊ သူများ ခံစားနေရသော ဆင်းရဲဒုက္ခကို လျော့နည်းအောင် သက်သာစေလိုသော ဆန္ဒများ ဖြစ်ပေါ်ခြင်းကို ဆိုလိုသည်။ သက်ရှိ သတ္တ၀ါတို့အပေါ် ရက်စက်ကြမ်းကြုတ်စွာ ပြုမူခြင်းမှ အလျဉ်းကင်းသော စိတ်ကောင်း စိတ်မြတ်ကို ကျွန်ုပ်တို့သည် ပြုစု ပျိုးထောင်သင့်ပါသည်။

တောင်တက်ခရီး၏ ဒုတိယ ခြေလှမ်းသည် လောကကို ကျွန်ုပ်တို့ ဘယ်လို ဆက်ဆံသလဲ ဆိုသည့်ကိစ္စ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ပတ်ဝန်းကျင်ကို ဘယ်လို ဆက်ဆံမလဲ။ အခြားသူများကို ဘယ်လို ဆက်ဆံကြမလဲ။ ဤကဏ္ဍသည် ကျွန်ုပ်တို့ ကိုယ်ကို ပတ်ဝန်းကျင်နှင့် အဆင်ပြေအောင် မည်သို့မည်ပုံ နေထိုင်သင့်ကြောင်း ပြညွှန်းချက်များ ဖြစ်ပါသည်။ အကြောင်းမှာ မိမိတို့မှာ ပတ်ဝန်းကျင်နှင့် သင့်တော် အဆင်ပြေအောင် ပြုစုပျိုးထောင်ထားသော စိတ်မျိုးရှိပါက ကျွန်ုပ်တို့သည် အခြားသူများနှင့် ဆက်ဆံရာတွင် စိတ်ဝမ်းကွဲပြားမှုသော် လည်းကောင်း၊ ခိုက်ရန် ဖြစ်ခြင်းသော်လည်းကောင်း မရှိနိုင်သောကြောင့် ဖြစ်၏။

ဆက်ရန်>>>

>>> ဆရာဦးဆန်းလွင်နှင့် ဆရာဦးဟန်ဌေးတို့ ဘာသာပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ဝိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေအပ်ပါတယ် ခင်ဗျာ...။

>>> အားလုံးပဲ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြပါစေ။

လေးစားစွာဖြင့်
ဖိုးသား

02/02/2009, MON:, 2:31:03 AM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply