Latest News

*သမာဓိ အားကစားပွဲ*

ယနေ့ ကျွန်ုပ်တို့သည် အားကစားပွဲ တစ်ပွဲ ကစားကြမည် ဖြစ်သည်။ ဤပွဲသည် သမာဓိ အားကစားပွဲ ဖြစ်၏။ အားကစားပွဲ၏ စည်းမျဉ်းများမှာ ဤသို့ဖြစ်၏။

လာမည့်နာရီတွင် သင်အသက်ရှူတိုင်း ထွက်သက်ကို တစ်ကစ၍ ရေတွက်ပါ။ ဤနည်းဖြင့် တစ်ဆယ်အထိ ရေတွက်ပါ။ ကြားထဲမှာ သတိမလစ်သွား ပါစေနှင့်။ မရေတွက် လိုက်မိသော ထွက်သက် မရှိပါစေနှင့်။ ထွက်သက်တိုင်း သို့မဟုတ် ပိန်သွားသော ဗိုက်တစ်ချက် တိုင်းအတွက် တစ်ချက် ရေတွက်ရမည်။ အကယ်၍ ထွက်သက်ကို ရေတွက်စဉ် မေ့လျော့ပြီး ရေတွက်မှုအစဉ် ပျက်သွားလျှင်၊ မရေတွက်လိုက်မိဘဲ လွတ်ထွက်သွားလျှင် အစကပြန်ပြီး ရေတွက်ပါ။ တစ်က ပြန်စရမည်။ အခြားကိစ္စ မှန်သမျှကို လျစ်လျူရှုပါ။ ဂရု မထားပါနှင့်။

နောက်တစ်မျိုး စတင် ဖြစ်ပေါ် လာနိုင်ပါသေးသည်။ ထိုအချက်မှာ အသက်ရှူ မမှန်ဘဲ မြန်သည့်အခါ မြန်လိုက်၊ နှေးသည့်အခါ နှေးလိုက်၊ ပျော့သည့်အခါ ပျော့လိုက်၊ ပြင်းသည့်အခါ ပြင်းလိုက် ဖြစ်တတ်ခြင်း ဖြစ်၏။ ထိုအခါမှာလည်း ဂဏန နည်းဖြင့် တစ်ကနေ တစ်ဆယ်အထိ ထွက်သက်ကို ရေတွက်နည်းကိုပင် ဆက်လက်ပြုလုပ်ပါ။ တစ်မှတစ်ဆယ် ရောက်လျှင် နောက်တစ်ခါ တစ်က ပြန်စပြီး တစ်ဆယ်အထိ ရေတွက်ရမည်။ တစ်မှ တစ်ဆယ်အထိကို တစ်ပါဒဟု ခေါ်သည်။ ဤကဲ့သို့ တစ်မှ တစ်ဆယ်အထိ ရေတွက်သော နည်းကို လေ့ကျင့်စဉ် ငါးမိနစ်ခန့် ကြာလာသောအခါ စိတ်က

“ဟာ အလကား အချိန်ကုန်တာပဲ၊ ဒီမှာထိုင်ပြီး တစ်က တစ်ဆယ် ရေတွက်နေလို့ အလကားပဲ၊ ငါဒီမှာ တစ်နာရီလည်း မထိုင်တော့ဘူး၊ တစ်ကနေ တစ်ဆယ် ရေတွက်တဲ့ အလုပ်ကိုလည်း မလုပ်တော့ဘူး” ဟု တွေးတော လာနိုင်ပါသည်။ ဆက်၍သာ ရေတွက်ပါ။

အကယ်၍ စောစောက အတွေးပေါ်လာသည့် အတွက် ထွက်သက်ကို ရေတွက်မှု မေ့သွားလျှင် အစက ပြန်ပြီး တစ်ကစ၍ ရေတွက်ပါ။ အတန်ကြာတော့ ခန္ဓာကိုယ်မှာ ကာယိက ဝေဒနာတွေ ပေါ်လာမည် ဖြစ်ပါသည်။ နာကျင်ကိုက်ခဲမှု ဝေဒနာတွေ ဖြစ်ပေါ် လာနိုင်ပါသည်။ ထိုဝေဒနာ များကိုလည်း ဂရုမပြုပါနှင့်။ ငါ နာတယ်၊ ငါ ကျင်တယ်၊ ငါ ကိုက်တယ်၊ ငါ ခဲတယ်ဟု မမှတ်ပါနှင့်။ ထွက်သက်ကို ရေတွက်နေခြင်း အလုပ်ကိုပင် ဆက်ပြီး ဇွဲနှင့်ခဲ၍ ပြုလုပ်ပါ။

ဤနည်းဖြင့် စိတ္တ ဧကဂ္ဂတာ ဖြစ်အောင် စိတ်ကို အင်အားဖြည့် ပေးနိုင်သော နည်းတစ်နည်း အမှန်ပင် ဖြစ်ပါသည်။ စိတ်ကို အာရုံတစ်ခုတည်း အပေါ်မှာသာ တည်နေအောင် လေ့ကျင့်ပေးသော နည်းပင် ဖြစ်၏။ အကယ်၍ ဤသို့ ထွက်သက်ကို ဂဏန်းထိုး၍ ရေတွက်သော ဂဏန နည်းသည် အာနာပါန သတိပဋ္ဌာန် အလုပ်တွင် အသုံးကျသောနည်း၊ သင့်အား အာရုံမိအောင်၊ စိတ်ကို ရှုမှတ်ရာ အာရုံပေါ်မှာ ကြာကြာ တည်နေအောင် ကူညီနိုင်သော နည်းဖြစ်ကြောင်း တွေ့ရှိရပြီ ဆိုလျှင် သင်တရားထိုင်သော အခါတိုင်း ဤသမထ နည်းကိုပါ ပေါင်းစပ်၍ အသုံးချပါ။ တရားစထိုင်သော အခါတိုင်း ဤသမထနည်းဖြင့် စိတ်ကို တည်ငြိမ်အောင် အစပြု၍ လုပ်ပါ။ ပြီးမှ ၀ိပဿနာကို ဆက်လုပ်ပါ။

>>> ဆရာဦးဆန်းလွင်နှင့် ဆရာဦးဟန်ဌေးတို့ ဘာသာပြန်ဆိုသော ဂိုးလ်စတိန်းကိုယ်တွေ့ဝိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေအပ်ပါတယ် ခင်ဗျာ...။

>>> အားလုံးပဲ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြပါစေ။

လေးစားစွာဖြင့်
ဖိုးသား

25/02/2009, WED:, 16:29:49 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. ဖက်ရတာကောင်းပါတယ်
    လမ်းညွှန်ပေးတဲ့အတိုင်းပါပဲ
    အရသာရှိရှိ ခံစား ဖက်ရှုသွားပါတယ်
    အချစ်အကြောင်းရှိရာကို တစိုက်မိုက်2ရောက်ရှိခဲ့ပါတယ်။

Leave a Reply