Latest News

*အချစ်အကြောင်း သိချင်သူများအတွက်*

ကျွန်တော်လည်း ဒီရက်ပိုင်း ကျောင်းစာနည်းနည်း လုပ်နေတာနဲ့ ငါတော့ ငါ့ဘလော့ကို သိပ်ပြီး မဖွင့်ကြည့် တော့ဘူး၊ ပို့စ်တင်စရာရှိရင် တင်မယ်၊ ပြီးတာနဲ့ စီဘောက်တွေ ဘာတွေ ဘာမှ မကြည့်တော့ပဲ မြန်မြန် ပြန်ထွက်မယ် ဆိုပြီး နေနေတာ… ဒီနေ့မှ မနေနိုင်၊ မထိုင်နိုင် စီဘောက်ကို သွားကြည့်မိတယ်…။ အဲ… အဲလိုကြည့်မှပဲ လာပြီး ဒုက္ခပေးတဲ့ သူနဲ့တွေ့ရော…။

အချစ်အကြောင်း သိချင်လို့တဲ့လေ…၊ အဲဒါ Tag ပို့စ်လေး ရေးပေးပါတဲ့...။ လေလွင့်သူ ဘလော့က ညီငယ်လေး ကိုရဲ က...။ ခက်တယ်.. ခက်တယ်... ရေးရတာ ခက်တာမဟုတ်...၊ ဘာသာရေးဆိုက်မှာ အချစ်အကြောင်းဆိုတော့...။ ဒါပေမယ့်လည်းလေ ဒီအချစ်အကြောင်းကို သိချင်နေတဲ့ သူတွေလည်း ရှိမှာပဲ ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့... ကျွန်တော့်ရဲ့ လက်ချောင်းလေးတွေ ကလောင်ပြားလို့ တင်စားရတဲ့ ကီးဘုတ်ပေါ် ပြေးလွှားလိုက် စဉ်မှာတော့...

***********************

ကဲညီငယ်ရေ... မရေးခင် ညီ့ကိုပဲ ပြန်မေးရဦးမယ်... ညီသိချင်တဲ့ အချစ်က ဘယ်လို အချစ်မျိုးလဲ... အဲ တော်ပါပြီ မမေးတော့ပါဘူး.. တော်ကြာ မသိလို့မေးတာကို ပြန်မေးရလား ဆိုပြီး နောက်ထပ် Tag ပို့စ်တစ်ခု ထပ်တောင်းနေရင် ဒုက္ခ...။

ကဲဒီတော့ ပထမဆုံး အချစ် ဖြစ်ပေါ်ရခြင်း အကြောင်း လေးတွေကို အရင် ပြောလိုက်မယ်နော်ညီ... အစ်ကို့ကိုလည်း ဘုန်းဘုန်းနာယကာ လင်္ကာရ ပြောပြသွားဖူးတာ... အစ်ကိုက *ဖိုးသားတော့ ကြောင်လေးတွေကို တအားချစ်နေမိတယ်.. အဲဒါ ဘာကြောင့်လဲ ဘုန်းဘုန်း*လို့ မေးတာနဲ့ အစ်ကို့ကို အခုလို အချစ်ဖြစ်ပေါ်လာရခြင်း အကြောင်းရင်း နှစ်ရပ်ကို ပြောပြသွားလေရဲ့...။

၁။ ပုဗ္ဗေ၀ သန္နိဝါသေန = ရှေးဘ၀က အတူတူ နေခဲ့ဖူးခြင်း နဲ့

၂။ ပစ္စုပ္ပန္န ဟိတေန၀ါ = ဒီဘ၀မှာ အတူတူ အကျိုးအကြောင်း ဖြစ်ဖွယ် တစ်ခုခု လုပ်ခဲ့ဖူးခြင်း... တဲ့ ညီ

ဒါကြောင့် ပထမဆုံး ညီ့စိတ်ထဲမှာ လူတစ်ယောက်ကို၊ သတ္တ၀ါ တစ်ကောင်ကောင်ကို မြင်လိုက်လို့ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ဒီလူ့အကြောင်း၊ ဒီသတ္တ၀ါအကြောင်း တစ်စိတ်တစ်ပါဒ တစ်စွန်းတစ်စ ကြားလိုက်လို့ပဲ ဖြစ်ဖြစ် အဲဒီလူ အပေါ်၊ အဲဒီသတ္တ၀ါအပေါ် ညီက နှစ်သက် ခင်မင် အချစ်ဝင်သွားတယ် ဆိုရင် (ဒီနေရာမှာ ယောကျာ်းမိန်းမ၊ အထီး အမဆိုတဲ့ လိင် မရွေးဘူးနော်ညီ) အပေါ်မှာ အစ်ကို ပြောထားသလို အဲဒီလူဟာ၊ ဒီသတ္တ၀ါဟာ ညီနဲ့ ဟိုးအတိတ် ဘ၀တွေက အတူတူ နေခဲ့ဖူးလို့ ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ်ရင် ဒီဘ၀မှာ အတူတူနေပြီး အကျိုးအကြောင်း ဖြစ်ဖွယ် တစ်ခုခု လုပ်ခဲ့ဖူးလို့သာ ဒီလို ချင်ခင်နှစ်သက် မိသွားတာလို့သာ အရင်ဆုံးမှတ်ထားညီ...။

နောက်ပြီး ညီက အချစ်အကြောင်း သိချင်တယ်လို့ပဲ ပြောထားတယ်၊ ၁၅၀၀-လား၊ ၅၂၈-လား မပြောထားတော့ အစ်ကိုလည်း အားလုံးကို ခြုံပြီးတော့ပဲ ပြောပြပါ့မယ်...။

ညီသိလားတော့ မသိဘူး... အချစ်မှာ သုံးမျိုးရှိတယ်တဲ့... ဘာတွေလည်းဆိုတော့

၁။ တဏှာပေမ = တဏှာအချစ်၊ ချစ်သူအချစ်
၂။ ဂေဟသိတပေမ = မိသားစုအချစ် နဲ့ နောက်ဆုံး
၃။ မေတ္တာပေမ = မေတ္တာအချစ်၊ ပါရမီအချစ် ဆိုပြီးတော့လေ...။

ဒီနေရာမှာ ပေမ ဆိုတဲ့ ပါဠိစာလုံးက အချစ်ကို ဆိုလိုတာညီရ...။ ဒီတော့ ညီစဉ်းစားပေါ့ ညီက ဘယ်လို အချစ်မျိုးနဲ့ ချစ်ချင်တာလဲ၊ ဘယ်လိုအချစ်မျိုးကို သဘောကျလဲပေါ့...။ ဒီသုံးမျိုးကို အကျယ်ထပ်ပြီး ရှင်းပြဖို့တော့ မလိုလောက်ဘူးထင်တယ်နော်.. တော်ကြာ မသိလို့ပါဆိုပြီး နောက်တစ်ခါတော့ Tag လာမရေးခိုင်းနဲ့ဦး.. ဒီတစ်ခါဆိုရင်တော့ အလကား မရတော့ဘူး.. ဒေါ်လာနဲ့မှ ဟဲ ဟဲ... စတာ... စာရေးရင်းပျင်းလာလို့ ညီရ...

ညီလည်း စာဖတ်ရတာ ပျင်းရောပေါ့.. ဒီတော့ အစ်ကိုရေးထားတဲ့ အချစ်နဲ့ပတ်သတ်တဲ့ ကဗျာလေးတွေ ဖတ်ကြည့်လိုက်ပါဦး... ဘယ်လို အချစ်မျိုးတွေနဲ့ ချစ်နေသလဲလို့...။

ဒါလေးကတော့ မိန်းကလေးဘက်က အချစ်ပေါ့နော...

ဂန္ထ၀င်မြောက်တဲ့...အချစ်

မှတ်မှတ်ရရ ဒီကဗျာလေးကို 27.3.2008 (တပ်မတော်နေ့) မှာရေးပြီးခဲ့တာပါ။ ခံစားနားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဂန္ထ၀င်မြောက်တဲ့...အချစ်


မတ်စောက်မြင့်မား၊ မြစ်ကမ်းပါး၌
လွမ်းအားသွယ်သွယ်၊ လှပျိုငယ်သည်
ရည်ရွယ်ရော်ရမ်း၊ သူလာလမ်းကို
မျက်မှန်းတမ်းတ၊ သတိရလျက်
တေးလှသီဆို၊ အလွမ်းပိုသည်
နှင်းယိုအေးပေ့၊ ဆောင်းတစ်နေ့၌။

ပျိုမေသီကြွေး၊ သီချင်းတေးကား
ချစ်တေးလည်းဖြစ်၊ လွမ်းတေးလည်းမည်
စစ်သည်စစ်သား၊ မောင်တော်အားကို
လွမ်းအားပိုကြောင်း၊ နောက်တစ်ကြောင်းကား
ချစ်ကြောင်းရေးသီ၊ စာလီလီကို
ခင်သည်ခုထိ၊ သိမ်းဆည်းမိကြောင်း။

အို...
အသင်နေမင်း၊ ဒီသီချင်းကို
သက်နှင်းပေးအပ်၊ အဝေးရပ်၌
ထမ်းရွက်ဝန်တာ၊ ထမ်းဆောင်ပါသော
ပျိုကညာခင်၊ ရင်မှာချစ်သည့်
မောင်စစ်သည်အား၊ နေခြည်နှင့်အတူ
ပေးတော်မူပါ၊ ဆောင်ယူပါလော့။

နုရွကျော့ရှင်း၊ ငွေနှင်းကြားက
နေမင်းသခင်၊ ဆုတောင်းချင်မိ
အသင်စစ်သား၊ ခင့်ကိုများလေ
တမ်းတနေစေ၊ လွမ်းနေစေ။
အသင်စစ်သား၊ မယ့်သီချင်းအား
နားဆင်နိုင်စေ၊ နားထောင်စေ။

ဝေးဌာနေမှ၊ ချစ်စွာလှသော
လှပစိတ်ထား၊ မယ့်စစ်သားအား
ပြောကြားလိုသည်၊ နိုင်ငံပြည်ကို
သင်သည်မသွေ၊ စောင့်ရှေက်ချေလော့။

စိတ်မပူနှင့်၊ စစ်သားသင့်ကို
မယ့်အချစ်သည်၊ စောင့်ရှောက်မည်ပ
စောင့်ရှောက်နိုင်စေ၊ ကာကွယ်စေ။ ။

လေးစားစွာဖြင့်
ဖိုးသား

28.10.2008, THU:, 10:02 pm
pyaesoneaung2007@gmail.com

ချစ်သူကို ချစ်တဲ့ အချစ်ဆိုတော့ တဏှာချစ်ပေါ့ ညီရာ…၊ ကဲ ဒီကဗျာ လေးကတော့ ယောကျာ်းလေးဘက်က အချစ်… ဒါလည်း တဏှာချစ်ပဲညီ…

မောင့်ဘ၀ ခရေပမာ

ခရေ…
မြေမှာမကြွေ၊ ပင်ယံဝေစဉ်
ဝင့်ရွှေရောင်လွှမ်း၊ ၀ါနုသမ်း၍
အ၀န်းမကျယ်၊ လှမျိုးသွယ်သည်
အဖူးလည်းလှ၊ ပွင့်လည်းလှ။
အဖူးလည်းမွှေး၊ ပွင့်လည်းမွှေး။

သခင်…
သင်ဆင်မျှော်မှန်း၊ ခရေပန်းသည်
အလှမ်းကျယ်စွာ၊ တွေးသောခါဝယ်
ပမာယှဉ်ခိုင်း၊ တု၍နှိုင်းယှဉ်
အကျွန်ပင်ဟု၊ သခင်ဆင်မြန်း
အဖြည့်ပန်းမို့၊ ကြွေနွမ်းသည့်ခါ
မနှစ်မှာစိုး၊ ရွှေရင်ညှိုး၍
ခိုကိုးစိတ်တွင်၊ အတွေးဝင်သည်
သခင်ယုမှ၊ နုမည့်ဘ၀။
သခင်ဆင်မှ၊ ယဉ်မည်ပ။

သို့ပင်သို့ငြား…
စိတ်ကစားမိ၊ အပြစ်ရှိ၍
မသိစိတ်ကွန့်၊ အကျွန်ရွံ့သည်
ကြွေနွမ်းလေမည့် ခရေပန်းမို့
သခင်လှမ်းမည်လား။
ကြွေလွင့်လေမည့် ခရေပွင့်မှာ
သခင်နေ၀ံ့လား။

သခင်…
အသင်ဆင်ဆင် မဆင်ဆင်
အသင်ကြင်ကြင် မကြင်ကြင်
သခင့်အတွက်၊ စကားချပ်ကား
ဂုဏ်မာန်မ၀ံ့၊ ခရေပွင့်သည်
ဝေလည်းမွှေးဆဲ၊ ကြွေလည်းမွှေးမြဲ...။
လန်းလည်းမွှေးဆဲ၊ နွမ်းလည်းမွှေးမြဲ...။ ။

ဒီကဗျာ လေးကို တော့ သန်လျင်မှာ ကျွန်တော် နေထိုင်စဉ် 25.01.2007, THU: နေ့က အချော သတ် ရေးပြီးခဲ့ပါတယ်..။

လေးစားစွာဖြင့်
ဖိုးသား

11/21/2008, FRI:, 14:41:58 pm
pyaesoneaung2007@gmail.com

ညီရေ… ဒ်ီတဏှာချစ်ကတော့ အားမနာတမ်း ပြောရရင် မချစ်သင့် မချစ်ထိုက်တဲ့ အချစ် အမျိးအစားထဲပါတယ် ညီရ… ဘာလို့လဲဆိုတော့ နာမည်ကိုက တဏှာချစ်လေ… တဏှာဆိုတာ ပြောမယ်ဆိုရင် သံသရာလည်စေတဲ့ တရား… ဒီတော့လည်း ဒီလိုသံသရာ လည်စေတဲ့ တဏှာချစ်မျိုးက ရှောင်နိုင်ရင် အကောင်းဆုံးပေါ့…

ဒီလိုပြောလို့ ညီက ခုမှ လူပျို နုနုထွတ်ထွတ်လေး မိန်းမတောင် မရသေးဘူး… ဒီစကားတွေ လာပြောနေရလားလို့ အစ်ကို့ကို ဆိုချင်ဆိုမပေါ့လေ… ဒါပေမယ့်လည်း ညီရေ အစ်ကိုတစ်ခု မှာချင်တာက မတတ်သာတဲ့ အဆုံး ဒီလိုအချစ်မျိုးနဲ့ ချစ်မိပြီဆိုရင်တော့ ဘယ်လိုပြောရမလဲ… ဟို ဘုန်းဘုန်းကောသလ္လ ပြောသလိုပေါ့ *သုံးတော့သုံးပါ မစွဲပါနဲ့* လို့ပဲ အစ်ကို မှာလိုက်ပါရစေ…။ ဆိုလိုတာကတော့ ဒီလိုအချစ်မျိုးနဲ့ ချစ်တော့ချစ်ပေါ့ညီရာ… ဒါပေမယ့် မစွဲလမ်းဖို့တော့ လိုတာပေါ့… ဒီသဘောပါ…။

နောက်ပြီး ဒီကဗျာလေးကတော့ မိသားစု အချစ်ကို ဖော်ကြူးထားတဲ့ ကဗျာလေး… အစ်ကို့ခံစား ချက်ကို ရေးဖွဲ့ထားတာပါ… ညီ့ခံစားချက်နဲ့လည်း ကိုက်ညီလောက်ပါတယ်… *အမေအိုနဲ့ ပုလွေချို* တဲ့ညီ…

အမေအိုနှင့် ပုလွေချို

အဖေအကြောင်းတွေ မရေးဖြစ်တာ စိတ်မရှိကြပါနဲ့ဗျာ။ ကျွန်တော့်အဖေ ကွယ်လွန်သွားတာ ပြီးခဲ့တဲ့ ဆယ်လပိုင်း ဆယ့်ခုနစ်ရက်နေ့ကဆိုရင် ခုနစ်နှစ်ပြည့်သွားပါပြီ။ သတိရလွမ်းစရာဆိုလို့ ဒီအမေတစ်ယောက်ပဲ ကျန်တော့လို့ပါ။ မေတ္တာနဲ့ ယှဉ်ပြီး လွမ်းနေလျက်ပါ အမေရယ်...

နွေရာသီနှောင်း၊ မိုးသိုပြောင်း၍
တစ်ဆောင်းသစ်ပြန်၊ ငါ့သန္တာန်၌
လွမ်းပြန်တစ်လီ၊ ဆွေးပြန်တစ်လှည့်
တမ်းပြန်တစ်ဖုံ၊ တဏှာစုံသည်
ရင်ခုန်လွမ်းပို၊ အမေအိုသို့။

သို့တင်မက၊ မွေးလှဌာနေ
ချက်မြှုပ်မြေမှ၊ ရှည်ရှည်မျောမျော
သံစုံနှောသည့်၊ တယောသဖွယ်
အသံကြွယ်သည့်၊ တစ်မယ်တစ်ထွေ
အလွမ်းစွေတယ်၊ ပုလွေချို။

အမေအိုအို၊ ပုလွေချိုသို့
အလွမ်းပိုလည်း၊ ကြားချင်လည်းပဲ
သဲသဲလှုပ်လှုပ်၊ နှင်းတောအုပ်သို့
စိတ်ရုပ်ခွဲခွါ၊ သွားရပါပြီ
ရင်မှာသသ၊ လွမ်းပါရ။

သို့ပါသော်လည်း၊ အသဲထဲမှာ
စွဲမြဲသံမှို၊ နှက်သလိုပ
စိတ်လိုလက်ရ၊ ဌါနေလှ၌
မနေရလည်း
တွေးလှဖန်ဖန်၊ ဆွေးရပြန်ခဲ့
ဝေးလံဌါနေ၊ တစ်နယ်မြေမှ
အမေအိုနှင့်၊ ပုလွေချို။ ။

ဒီကဗျာလေးကိုတော့ ကျွန်တော် ပြင်ဦးလွင်မှာနေစဉ် 21.04.2008, MON: ကရေးစပ်ခဲ့တာပါ။ နှင်းတောအုပ်ဆိုတာတော့ အရမ်းအေးတဲ့ ၀င်ရိုးစွန်းနဲ့နီးတဲ့ ဒေသမျိုးပေါ့ဗျာ။

လေးစားစွာဖြင့်
ဖိုးသား

07.11.2008, FRI:, 02:45 pm
pyaesoneaung2007@gmail.com

ညီရေ ကဗျာလေးတွေ ဖတ်နေရတာနဲ့ ပျင်းနေမလားပဲ.. အစ်ကို့ကိုလည်း ကဗျာတွေ လာကြေငြာတယ်လို့ မထင်နဲ့ဦးနော်...။ အစ်ကိုက အချစ်ရဲ့ သဘောတရားတွေကို ပိုပြီး ပေါ်လွင်အောင်ရယ် နောက် စာဖတ်သူအနေနဲ့လည်း ဒီသဘော တရားလေးတွေကို ကဗျာလေးနဲ့ ယှဉ်ပြီး ဖတ်တော့ ပိုပြီး နားလည်လွယ် မလားလို့ပါ...

ကဲနောက်ဆုံး မေတ္တာပေမ ဒီကမ္ဘာလောကကြီးမှာ လိုအပ်နေတဲ့ အကြောင်းလေး ရေးထားတဲ့ ကဗျာလေးကို ခံစားလိုက်ပါဦး ညီ...

*ချစ်ခြင်းငတ်ကမ္ဘာ*

ချစ်ခြင်းဟာ`မြစ်´တစ်စင်းဆိုရင်
စီးပါလေ့စေ မဆီးလေနဲ့။

ချစ်ခြင်းဟာ`လ´တစ်စင်းဆိုရင်
လင်းပါလေ့စေ မကွယ်စေနဲ့။

ချစ်ခြင်းဟာ`နေ´တစ်စင်းဆိုရင်
ရောင်လျှံပြင်းပြင်း လင်းပါလေ့စေ
မတားလေနဲ့။

လူ့ရွာမြေမင်း ကမ္ဘာတွင်းမှာ
ကြင်နာမဲ့ကင်း လူခြင်းနိပ်စက်
လှည့်ကွက်မာယာ ဗလာကတိ
မှောင်အတိအခါမို့
ကမ္ဘာမြေမင်း
ဒီချစ်ခြင်းကို ငတ်နေလို့...။ ။


ကမ္ဘာပေါ်မှာ…
ချစ်ခြင်းမေတ္တာတွေရှားပါးနေတယ်
အဖြူရောင်မေတ္တာမျိုး…၊
ရှင်းရှင်းပြောရရင်
COLOURLESS LOVE မျိုး၊
ဥပေက္ခာနဲ့ ယှဉ်တဲ့ မေတ္တာမျိုးပေါ့။
အကျိုးမမျှော်တဲ့ မေတ္တာလို့ ပြောလို့လည်း ရမယ်ထင်တယ်။

**ကဲ.. ကိုယ့်လူတို့ ရေ… ဒီလိုမေတ္တာ စိတ်တွေ များများ မွေးနိုင်ပါစေလို့ ဆုတောင်း တိုက်တွန်း လိုက်ပါတယ်။ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြပါစေ။

ဒီကဗျာလေးကတော့ ကိုဥပါသကာ ရေးစပ် ဖော်ကျူး ထားတာပါ။

လေးစားစွာဖြင့်
ဖိုးသား

27.11.2008, THU:, 02:59:30 pm

ကဲညီရေ ဒီလို မေတ္တာနဲ့ ချစ်ခြင်းတွေ ညီတို့ အစ်ကိုတို့ရဲ့ ပတ်ဝန်းကျင်မှာကော၊ ကမ္ဘာပေါ်မှာပါ ရှားပါးနေတယ်နော်၊ ဒီလို မေတ္တာပေမ = မေတ္တာချစ်၊ ပါရမီချစ်မျိုးနဲ့ ချစ်နိုင်ရင်တော့ အကောင်းဆုံးပေါ့ ညီရာ… ဒါကြောင့်လည်း ဒီလို အချစ်မျိုးကို ညီတို့ အစ်ကိုတို့က ချစ်တတ်အောင် ကြိုးစားသင့်တယ်ညီ… သင့်တယ်လို့သုံးလို့ အဓိပ္ပါယ် ပေါ့နေပါဦးမယ်… ချစ်ကို ချစ်ရမယ် ညီရေ… ပြောရရင် should be မဟုတ်၊ must be ပေါ့ညီ… လုပ်ကိုလုပ်ရ၊ ချစ်ကိုချစ်ရမယ့် အချစ်မျိုးပေါ့…။

ဒါနဲ့ ညီက ခုန မိသားစု အချစ်မျိုးကကော မချစ်သင့်ဘူးလားလို့ အစ်ကိုကို့ စောဒက တက်မလားပဲ… အစ်ကိုနာထားဖူးတဲ့ တရားတွေအရ အစ်ကို့အမြင်ကို ပြောရရင်တော့ ဒီလိုအချစ်မျိုးဟာလည်း မချစ်သင့်ပါဘူးတဲ့ညီ… ဘာလို့လဲဆိုတော့ ဒီအချစ်ကလည်း တဏှာရောပါတယ်တဲ့… ဘယ်လိုရောလဲဆိုတော့ ဥပမာ…

ညီက ညီ့အမေကို လွမ်းနေတယ်… တအား တွေ့ချင် မြင်ချင်နေတယ်၊ ဒါမှမဟုတ် ဖုန်းပြောချင်နေတယ်…။ ဟုတ်ပြီ ဒီနေရာမှာ အဲလို တွေ့ချင်မြင်ချင် ဖုန်းပြောချင်တဲ့ စိတ်ဆန္ဒ ပြင်းပြလွန်းလို့ ညီ့ရင်ထဲမှာ တအား ပူလောင်လာပြီ ဆိုရင်တော့ ဒါဟာ ခင်မင်မှု တဏှာနဲ့ စွဲလမ်းမှု ဥပါဒါန် ရောယှက်နေတာပေါ့… ဒီတဏှာ ဥပါဒါန်တွေကလည်း သံသရာ လည်စေတဲ့ တရားတွေမို့လို့ အစ်ကိုက ဒီလိုမိသားစု အချစ်မျိုးကလည်း မချစ်သင့်ဘူးလို့ ပြောရခြင်းပါ…။

ကဲညီရေ အစ်ကိုလည်း အချစ် ဒဿနတွေ ရေးကောင်းကောင်းနဲ့ ရေးနေလိုက်တာ တော်တော်တောင် များသွားပြီထင်တယ်…။ ညီတောင်းဆိုလို့ ရေးတာနော်… အစ်ကိုကလည်း ရေးချင်နေတာလည်း ပါတာပေါ့ အဟဲ..။ ကဲညီရေ နောက်ဆုံး အနေနဲ့ သည်းခံပြီး ဒီအချစ်သဘောနဲ့ တရားသဘော ယှဉ်ရေးထားတဲ့ ကဗျာလေးကို ဖတ်ကြည့်လိုက်ပါဦး… *အဖြေညှိစရာ မလို* တဲ့…

*အဖြေညှိစရာ မလို*

သူ့ဟာသူ နေတာကို
မနေနိုင် မထိုင်နိုင်
ဘာရယ်ကြောင့်များ
အဓိပ္ပါယ် ဖွင့်ကြ…
အချစ်ကိုပြောပါတယ်…။

ဖြစ်နိုင်မယ်ဆိုရင်လေ
အဓိပ္ပါယ် မဖွင့်ပါနဲ့လား
တန်ဖိုးလျော့လို့ပါ...။

သင်လည်းသိတယ်
ကျွန်ုပ်လည်းသိတယ်
လူတိုင်းသိတယ်
ချစ်ဖူးသူတိုင်းသိတယ်
ဒီ အချစ်ရဲ့အဓိပ္ပါယ်…။

မသိသေးသူများ
သူများရေးတာသာ အားမကိုး
ကိုယ်တိုင်ကြိုးစား
လက်တွေ့ချစ်ကြည့်မှရမယ်
ဒါဆို…
အဖြေညှိစရာ မလို…။

တရားသဘောလဲ
တော်တော်များများ
ဟောကြတာပဲ
ရေးကြတာပဲ…
သင်လည်း နာတယ်
ကျွန်ုပ်လည်း နာတယ်၊
သင်လည်းဖတ်တယ်
ကျွန်ုလည်းဖတ်တယ်၊
သို့သော်…
အဖြေညှိရတုန်း။

ကမ္ဘာတွေခြားလဲ
ဒီအချစ်ရဲ့သဘော
ဒီတရားရဲ့သဘော
ဘယ်သူ့သန္တာန်မှာ ဖြစ်ဖြစ်
ပြောင်းလဲရိုးမရှိ
သိပြီးသားမို့
ပရမတ်လို့ ဆိုရင်
လက်ခံရမည်ပ…။

အသင်ကော
ပရမတ်နှောတဲ့
ချစ်တဲ့သဘော သိပြီလား…
သိချင်ရင် ကိုယ်တိုင်ချစ်ကြည့်၊
တရားသဘောကော
သိချင်ရင် ကိုယ်တိုင်ကျင့်ကြည့်…
အဖြေညှိစရာ မလို…။

>>> စာရှုသူ ဓမ္မမိတ်ဆွေများ အားလုံး အဖြေရှာတွေ့ နိုင်ပါစေ။

လေးစားစွာဖြင့်
ဖိုးသား

19/02/2009, THU:, 16:32:35 PM

ကဲ ညီလေးရေ အစ်ကို နောက်ဆုံး မှာချင်တာကတော့ ဒီကဗျာလေးထဲက အတိုင်းပဲ ပေါ့ကွာ… အချစ်ဟာ သူ့ဟာနဲ့သူ အဓိပ္ပါယ် ပြည့်စုံနေပြီးသားပါ… လိုက်ပြီး ဒီအချစ်ကို အဓိပ္ပါယ် ဖွင့်နေဖို့ မလိုပါဘူး ညီ…။ လူအမျိုးမျိုး စိတ်အထွေထွေလေ ညီရ… လူတွေက ကိုယ့်အမြင်၊ ကိုယ့်ခံစားချက်၊ ကိုယ်ဖြတ်သန်းခဲ့တဲ့ ဘ၀ အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး အချစ်ကို လိုက်ပြီး အဓိပ္ပါယ်တွေ ဖွင့်နေတော့ ဒီအချစ်ရဲ့ တန်ဖိုး၊ ဒီအချစ်ရဲ့ အနက်အဓိပ္ပါယ်က ပေါ့ပျက်ပျက် နိုင်သွားတာပေါ့… ဒါကြောင့် ဒီအချစ်အကြောင်း သိချင်ရင် ကိုယ်တိုင်ချစ်ကြည့်ဖို့တော့ လိုလိမ့်မယ်ညီ… မေတ္တာချစ်ကို ပြောတာနော်… တဏှာမရော တဲ့အချစ်မျိုးပေါ့…။ ကိုယ်တိုင် ချစ်တတ်ပြီ ဆိုရင်တော့ ညီ အချစ်ကို ကောင်းကောင်း သဘောပေါက်လာ ပါလိမ့်မယ်…။

ဒီလိုပါပဲ… အခု အစ်ကိုတို့တစ်တွေ တရားတွေ နာနေကြတယ်…၊ တရားစာတွေ ဖတ်နေကြတယ်…၊ ဒီလို တရားရဲ့ အနက်၊ တရားရဲ့ အဓိပ္ပါယ်တွေကို နာနေရုံ၊ ဖတ်နေရုံနဲ့ ကျေနပ် နေကြတော့မှာလား…။ ဒီလို ကျေနပ်နေရင်တော့ ညီရေ ကိုယ်တိုင်သိမှု မပါတဲ့ အတွက် ခုန အချစ်လိုပဲ ပေါ့ပျက်ပျက် ဖြစ်နေပါလိမ့်မယ်…။

ဒါကြောင့် ညီရေ… ဒီတရားသဘောကိုလည်း သေသေချာချာ ထဲထဲ ၀င်ဝင် သိချင်ရင်တော့ ကိုယ်တိုင် ကျင့်ကြည့်ပါလို့…။ ဒါဆိုရင်တော့ အဖြေညှိစရာ မလိုတော့ဘူးပေါ့ ညီရာ…။ ဒါလေးကတော့ စကားချပ်ပေါ့နော်… ဒီပို့စ်နဲ့တော့ မဆိုင်ပါဘူး…။

ညီငယ်တစ်ယောက် အချစ်အကြောင်းကော တရားအကြောင်းကိုပါ ထိုးထွင်းသိ၊ ပိုင်းခြားသိ၊ ဆက်စပ်သိနိုင်ပါစေလို့ နောက်ဆုံး အနေနဲ့ ဆုတောင်း ဆန္ဒပြုရင်း အစ်ကို့ရဲ့ အချစ်အကြောင်း ဆွေးနွေး လက်ကမြင်းမှုကို ရပ်နားပါရစေတော့…

လေးစားစွာဖြင့်
ဖိုးသား

2/26/2009, THU, 5:07:31 AM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

8 comments

  1. tag ပို့စ်လေး လာအားပေးပါတယ်။
    ကဏ္ဍစုံလင်နေအောင် ရှင်းပြတဲ့အတွက်
    တခမ်းတနားကို ဖတ်သွားရပါတယ်။
    ပျော်ရွှင် အဆင်ပြေပါစေ ..

  2. ကိုဖိုးသား လေ့လားအားတော်တော်ကောင်းတယ်ဗျာ။ အားကျတယ်။

    အချစ်သုံးမျိုးကို မှတ်သားသွားတယ်။
    ၁။ တဏှာပေမ = တဏှာအချစ်၊ ချစ်သူအချစ်
    ၂။ ဂေဟသိတပေမ = မိသားစုအချစ်
    ၃။ မေတ္တာပေမ = မေတ္တာအချစ်၊ ပါရမီအချစ်

  3. အချစ်အကြောင်းတရားနာရင်း နဲ့ 
    အချစ်တရားပေါက်သွားပါတယ်
    ကိုဖိုးသားရေ...

  4. ကိုဖိုးသားရေ လာအားပေးသွားပါတယ်။ ပျော်ရွှင်ပါစေနော်။

  5. အချစ်ဖြစ်ပေါ်လာရခြင်း အကြောင်းရင်း နှစ်ရပ်ကို ရှင်းပြပေးတာ ကျေးဇူးတင်တယ်

    ၁။ ပုဗ္ဗေ၀ သန္နိဝါသေန = ရှေးဘ၀က အတူတူ နေခဲ့ဖူးခြင်း နဲ့

    ၂။ ပစ္စုပ္ပန္န ဟိတေန၀ါ = ဒီဘ၀မှာ အတူတူ အကျိုးအကြောင်း ဖြစ်ဖွယ် တစ်ခုခု လုပ်ခဲ့ဖူးခြင်း... တဲ့ သေသေချာချာ မှတ်သားသွားပါတယ်ရှင်

  6. ၀ါး... အူးအူးဖိုးတား.. ချစ်ထားလိုက်တာ... လူကိုလည်သွားတာပဲ.. ဟတ်ဟတ်

    အချစ်ပညာရှင်ကြီးပဲ..တော်တော်လေ့လာထားတာပဲ..

    ကောင်းတယ်ဗျာ...အချစ်သုံမျိုးကို လေ့လာသွားပါတယ်...

    အားပေးပါတယ်.. ဒီပို့စ်ကို ဖတ်ရင်းနဲ့ မယ်သီလရှင်တောင် ၀တ်ချင်သွားတယ်... :P :P

  7. အကိုရေ ။ မနေ့ညက Tag ထားပြီး ဒီနေ့ ကျောင်းသွားနေတာ ။ ကျောင်းက ပြန်လာလာချင်းကို အ၀တ်မလဲ ဖိနပ်မချွတ်ဘဲနဲ့ကို လာဖတ်ပါတရ် ။

    ၁။ တဏှာပေမ = တဏှာအချစ်၊ ချစ်သူအချစ်
    ၂။ ဂေဟသိတပေမ = မိသားစုအချစ်
    ၃။ မေတ္တာပေမ = မေတ္တာအချစ်၊ ပါရမီအချစ်

    ဆိုတာကို ခုမှသိရတာပါ ။ နံပါတ် ၁ ကိုလည်း ချစ်ဖူးသလို နံပါတ် ၂ ကိုလည်း ခံစားဖူးပါတရ် ။ ဒါပေမဲ့ ညီသဘောမပေါက်တာက နံပါတ် ၃ ဖြစ်မရ် ။ ဒါကြောင့်ညီသိချင်နေတာပေါ့ ။ ဟုတ်တရ် ။ ညီလိုချင်နေတာက နံပါတ် ၃ မေတ္တာပေမ = မေတ္တာအချစ်၊ ပါရမီအချစ် ဖြစ်မယ်နော် ။ နောက်ထပ် အချစ်ဆိုတာက

    ၁။ ပုဗ္ဗေ၀ သန္နိဝါသေန = ရှေးဘ၀က အတူတူ နေခဲ့ဖူးခြင်း

    ၂။ ပစ္စုပ္ပန္န ဟိတေန၀ါ = ဒီဘ၀မှာ အတူတူ အကျိုးအကြောင်း ဖြစ်ဖွယ် တစ်ခုခု လုပ်ခဲ့ဖူးခြင်း

    အဲဒါကလည်း ခုမှဖတ်ဖူးတာပါ ။ ခုမှသိရတာပါ ။ ကျေးဇူးတင်ပါတရ် အကိုဖိုးသားရေ ။

    ခုလိုဖော်ပြပေးတာကိုလည်း ကျေးဇူးတင်ပါတရ်ခင်ဗျာ ။ မန့်တာနောက်ကျတာကတော့ ခုမှကျောင်းကပြန်လာလို့ပါနော့် ။

    (ကိုရဲ)

  8. တကယ်ကိုပဲ ဖတ်ရကျိုးနပ်တာပါပဲး)ခုလိုရှင်းပြပေးတာ ကျေးဇူးတင်ပါတယ် ..း) မသိတာတွေ သိလိုက်ရပါတယ် ..

Leave a Reply