တင်ပလ္လင် ခွေလိုက်တယ်… နောက် လက်လေး နှစ်ဘက်ကို အလိုက်သင့် ပေါင်နှစ်ဘက်ပေါ် တင်တယ်… မျက်လုံးကို အသာအယာ မှိတ်လိုက်တယ်… ပြီးတော့ စပြီး ၀င်လေ ထွက်လေကို အာရုံပြုလိုက်တယ်…
အဲ… အဲလို နေလိုက်တာ သမာဓိလေး အခြေတည်မယ် ကြံရုံရှိသေး ကျွီခနဲ တံခါးဖွင့်သံနဲ့အတူ ကျွန်တော် အခုလက်ရှိ တရားမှတ်နေတဲ့ ဘုရားခန်းထဲကို တစ်ယောက်ယောက် ၀င်လာတယ် ဆိုတာ သိလိုက်မိတယ်.. စိတ်အစဉ်ကနေ။ ဒါလေးကိုလည်း စိတ်ကနေ ပြန်ပြီး ရှုကြည့်နေမိတယ်… အခြေအနေ မဆိုးဘူး… မှတ်လို့ရတယ်… အဲ ဒါပေမယ့် ဆိုးတာက ခုန၀င်လာတဲ့သူက အသံအကျယ်ကြီးနဲ့ ပဋ္ဌာန်းဒေသနာကို ပါဋ္ဌိအကျယ် ရွတ်တာပါပဲ… သိလိုက်ပြီ ကျွန်တော့် သူငယ်ချင်း…။
အစပိုင်း ကျွန်တော်ရှုကြည့်တယ် ဒီအသံကို… ရမလိုလိုရှိတယ်… ဒါပေမယ့် စိတ်က လက်မခံချင်ဘူး… ဘာလို့လဲဆိုတော့ အသံက နားဝကိုလာပြီး တအား နှောင့်ယှက်နေသလိုပဲ… ထပ်ရှုကြည့်တယ် မရဘူး… ဒေါသစိတ်ကလေး ကိန်းလာသလိုပဲ… သလိုပဲ မဟုတ်ဘူး… ဒေါသစိတ် ဖြစ်ကိုလာတာ… ဘယ်သူ့ကို စိတ်တိုလို့ တိုမှန်းလည်း မသိဘူး… ကိုယ့်ကိုယ်ကိုပဲလား… အသံအကျယ်ကြီးရွတ်တဲ့ ခုန ကျွန်တော့် သူငယ်ချင်းကိုပဲလား မဝေခွဲတတ်ဘူး၊ သေသေချာချာ မသိဘူး… သေသေချာချာ သိနေတာကတော့ စိတ်တိုလာတာပဲ…
ဆက်လက်ပြီး ရှုဖို့ဆိုတာ မဖြစ်နိုင်တော့မှန်း ကိုယ့်ကိုယ်ကို သိလိုက်တယ်… စိတ်ကိုလည်း မတိုရဘူးလို့ ကိုယ့်ကိုယ်ကို သတိပေးနေပေမယ့် မရဘူးဗျာ… လိုနေသေးတာပေါ့ ကျွန်တော်… သေချာတာ တစ်ခုက ကိုယ့်ကိုယ်ကိုလည်း စိတ်တိုသလို၊ ခုန သူငယ်ချင်းကိုလည်း စိတ်တိုနေမိတာပါပဲ…။
နောက်တစ်ရက် အဲလိုပဲ ထပ်ကြုံပြန်တယ်… ကျွန်တော် စိတ်ကလေးကို အသာလေး စောင့်ကြည့်ပြီး ဒေါသစိတ် မဖြစ်အောင် ထိန်းတယ်… နောက်ပြီး ဆရာတော် ရာဇိန္ဒ (ရဝေနွယ်-အင်းမ) ဆုံးမစကားလေးအတိုင်း အဲဒီ အသံကျယ်ကျယ် ရွတ်တဲ့ ကျွန်တော့်သူငယ်ချင်းကို မေတ္တာပို့ပေးနေမိတယ်… (ဒီနေရာမှာ ကျွန်တော် တစ်ခုပြောလိုတာက အဲဒီ ကျွန်တော့်သူငယ်ချင်းကို ကျွန်တော်အရင်က သိပ်ကြည့်လို့မရဘူး၊ ဘာလို့မှန်းလည်း မသိဘူး… ဒီစိတ်ဟာ မကောင်းဘူးလို့ ကိုယ့်ကိုယ်ကို သတိပေးပေမယ့် မသိစိတ်က ဘယ်လိုမှ လက်မခံဘူးဗျာ)…။
ဆရာတော် ရဝေနွယ်က ဘယ်လို ဆုံးမထားလဲဆိုတော့ *မေတ္တာအတွေးများ* စာအုပ်ထဲမှာ ထင်တယ်… မေတ္တာပို့ အစဉ်လေး ရေးထားတာ… ဒီလိုလေး… အရင်ဆုံး ကိုယ့်ကိုယ်ကို မေတ္တာ ပွားပါတဲ့ (ကိုယ်သိထားတဲ့ မေတ္တာပွားနည်းနဲ့ ကြိုက်သလို ပွားလို့ရပါတယ်…)၊ ပြီးရင်
“မိမိချစ်သူ၊ လယ်လတ်သူနှင့်၊ ရန်သူတစ်ဖြာ မြတ်မေတ္တာ ပွားကာစဉ်တိုင်းသိ” တဲ့…။
ဒါနဲ့ ကျွန်တော်လည်း အဲဒါလေးကို နမူနာယူလို့ အရင်ဆုံး ကိုယ့်ကိုယ်ကို မေတ္တာပို့တယ်… (ဒီနေရာမှာ ဘာဖြစ်လို့ ကိုယ့်ကိုယ်ကို မေတ္တာပို့ရသလဲ၊ ကိုယ့်ကိုယ်ကို မေတ္တာပို့ရင် အတ္တကြီးရာ မရောက်ဘူးလားလို့ မေးစရာရှိပါတယ်… ဆရာတော်ကလည်း ရှင်းရှင်းလေးပဲ ရေးထားပါတယ်… ကိုယ့်ကိုယ်ကို မေတ္တာပို့တာ အတ္တကြီးရာ မရောက်ပါဘူးတဲ့… ကိုယ်ချင်းစာတတ်အောင်ပါတဲ့.. ကဲ ရှင်းနေတာပဲနော…) နောက် ကိုယ်ချစ်ခင်တဲ့ သူတွေကို မေတ္တာပို့တယ် (ကျွန်တော်ကတော့ အမေရယ်၊ နောက် ကျွန်တော့်ရဲ့ ဆရာသမား ဘုန်းဘုန်းတွေရယ်၊ ကိုဝင်းမြင့်ရယ်၊ နောက် ကျွန်တော့် မိတ်ဆွေတွေရယ်ကို ခုတလော မေတ္တာပို့ဖြစ်ပါတယ်…)။
နောက် လယ်လတ်သူတဲ့… ဆိုလိုတာကတော့ မိမိနဲ့ သိပေမယ့် သိပ်မရင်းနှီးတဲ့ သူမျိုးကို ဆိုလိုတာပါ… ဒါကိုလည်း ကျွန်တော် မေတ္တာပို့တယ်… နောက်ဆုံးတော့ ရန်သူတဲ့… ကိုယ်နဲ့ မတည့်တဲ့သူမျိုး၊ ကိုယ်ကြည့်မရတဲ့ သူမျိုးပေါ့ဗျာ… ကိုယ့်ရန်သူလည်း ပါတာပေါ့… ခုန ကျွန်တော် ကြည့်မရတဲ့ သူငယ်ချင်းကို ရန်သူနေရာမှာ သဘောထားပြီး မေတ္တာပို့တယ်… နောက် ခုတစ်လော ဟိုးလေတကြော် ဖြစ်နေတဲ့ ရိုဟင်ဂျာတို့လို အစ္စလာမ်တွေကိုလည်း ရန်သူနေရာထားပြီး မေတ္တာပို့တယ်… အစပိုင်းတော့ မရချင်ဘူး… ဒါပေမယ့် နောက်ပိုင်းကျတော့ ခံစားချက် သိပ်မရှိဘဲ မေတ္တာပို့လို့ ရသွားတယ်… ဒေါသစိတ်ကနေ မေတ္တာစိတ်၊ ချစ်ခင်စိတ်တွေတောင် ၀င်လာတယ်… တကယ်… (ကျေးဇူးပါ ဘုန်းဘုန်း)။
နောက်ပြီး ကိုယ်နဲ့ တွေ့တဲ့ သူတိုင်းကို တွေ့တာနဲ့ တပြိုင်နက် ကိုယ်က စပြီး မေတ္တာပို့တယ်… ဒါလည်း ဆရာတော် ရဝေနွယ် ရေးထားတာလေးပါပဲ… အခုန *မေတ္တာအတွေးများ* စာအုပ်ထဲမှာပါပဲ။ ကျွန်တော်လည်း အဲဒါလေးကို နှလုံးမူလို့ ခုန ကျွန်တော် ကြည့်မရဘူးလို့ ထင်နေတဲ့ ကျွန်တော့်သူငယ်ချင်းကို စတွေ့တာနဲ့ မေတ္တာပို့တယ်… ဒီလိုနဲ့ တဖြေးဖြေး သူ့အပေါ်ရှိနေတဲ့ ဒေါသစိတ်တွေဟာ ကျွန်တော့်သန္တာန်မှာ တဖြေးဖြေး ပါးလာတယ်… အခုဆိုရင် လုံးဝကွယ်ပျောက်သွားပြီ အဲဒီဒေါသစိတ်တွေ၊ ကြည့်မရတဲ့စိတ်တွေ။ ဒါ့အပြင် ချစ်ခင်ရင်းနှီးတဲ့၊ တစ်ဦးရဲ့ လိုအပ်ချက်ကို တစ်ဦး ကူညီဖေးမတတ်တဲ့ သူငယ်ချင်းကောင်း တွေတောင် ဖြစ်လို့နေပါပြီ…။
နောက်တစ်ခုက မိုးကုတ်ဆရာတော် ဘုရားကြီး ဆုံးမထားတာ ရှိသေးတယ်… ကျွန်တော် ခုတစ်လော လက်ကိုင်ထားပြီး ကျင့်သုံးဖြစ်နေတာ…
“ဒုက္ခသစ္စာဆိုတဲ့ ခန္ဓာငါးပါးကို ရထားတဲ့ ဒုက္ခသည် အချင်းချင်း ဘာလို့ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ၊ မာန်မာနတွေ ထားနေတော့မလဲတဲ့၊ မေတ္တာစိတ်နဲ့ အကောင်း မြင်ပါတဲ့”
ဆရာတော်ကြီး ပြောတာတော့ ဒီလို စကားမဟုတ်ပါဘူး… ဒီအဓိပ္ပါယ်ပါပဲ၊ ကျွန်တော် စာသဘော သေချာ မမှတ်မိတော့လို့ အနီးစပ်ဆုံး ရေးပေးလိုက်တာပါ။
နောက်ပြီး ကျွန်တော် မေတ္တာနဲ့ ဒါန ကွာခြားတာလေး နည်းနည်းလောက် ဒီနေရာမှာ ပြောချင်ပါသေးတယ်… ဘာလို့လဲ ဆိုတော့ လူတော်တော်များများဟာ ဒါနတွေပြုကြပေမယ့် မေတ္တာပွားဖို့ကျတော့ ဒါနလောက် များများစားစား မလုပ်ကြဘူး၊ မလုပ်နိုင်ကြဘူး... ဒါကြောင့် ကျွန်တော် ပြေပြချင်တာပါ၊ မေတ္တာနဲ့ ဒါနကွာခြားပုံကလေး၊ ဒီလင်္ကာလေးကို ဖတ်ကြည့်ပါ… ဘုရားဟောထားတာပါတဲ့… ဆရာတော့်ရဲ့ စာအုပ်ထဲကပါပဲ… (သံယုတ် သြက္ခာသုတ်-၄၄၅ မှာ မြတ်စွာဘုရား ဟောကြားထားမှုကို မဟာစည် ဆရာတော်ဘုရားက မှတ်မိလွယ်အောင် လင်္ကာလေးနဲ့ စီခြယ်ထားတယ်လို့ ဆိုပါတယ်…)
တစ်နေ့သုံးခါ ၊ အိုးတစ်ရာဖြင့်
ချက်ခါထမင်း ၊ ကျွေးလှူခြင်းထက်
မယွင်းစင်စစ် ၊ နို့တစ်ညှစ်စာ
ကြိမ်သုံးခါမျှ ၊ မေတ္တာပွားများ
ကျိုးကြီးမားသည် ၊ ဘုရားမြတ်စွာ မိန့်ခွန်းတည်း…။
အကျယ်ချဲ့ဖို့တော့ မလိုလောက်ပါဘူးဗျာ နော… တော်တော်လေးကို ရှင်းပါတယ်… သတိထားရမှာက နို့တစ်ညှစ်စာ မေတ္တာပွားတာက ဒါနပြုတာထက် ပိုပြီး အကျိုးကြီးမားတယ် ဆိုတာပါပဲ…
ကဲမိတ်ဆွေတို့ရေ… ကျွန်တော် ကြည့်မရတဲ့ သူငယ်ချင်း ကျေးဇူးကြောင့် ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ… ဒီလိုရေးဖြစ်အောင် တွန်းအားပေးသလို ဖြစ်ခဲ့တဲ့ ကျွန်တော့် သူငယ်ချင်းကိုလည်း ကျေးဇူးတင်တယ်ဗျာ… တကယ်… အဲဒီနေ့ကစလို့ ကျွန်တော် မေတ္တာတွေ နေ့တိုင်းပွားနေလိုက်တာ ဒီနေ့ထိ… အရင်နေ့တွေကလည်း မေတ္တာပွားပါတယ်၊ ဒါပေမယ့် ရန်သူမပါဘူး… ခုတော့ စိတ်ထဲကနေကို လိုလိုလားလားနဲ့ ရန်သူတွေအပေါ်မှာပါ မေတ္တာပွားတတ်နေပါပြီ…
မိတ်ဆွေတို့လည်း မေတ္တာစိတ်လေးတွေ မွေးမြူရင်း လောကကို လှသထက်လှအောင် အလှဆင်နိုင်တဲ့ ဥယျာဉ်မှူးကောင်းတွေ ဖြစ်ကြပါစေဗျာ…။
လေးစားထိုက်သူများကို လေးစားလျက်
အဖြူရောင်မေတ္တာများဖြင့်
ဖိုးသား
2/20/2009, FRI:, 10:44:24 PM

February 21, 2009 at 1:41 AM
ဖိုးသားရေ..
မေတ္တာရဲ့ Theory များစွာ ဖတ်မှတ်ဘူးပါတယ်..သားရဲ့ သည် ဆောင်းပါးလေး က လက် တွေ့ကျင့်သုံးလိုက်နာ ရာမှပေါ်ထွက်လာ တဲ့ မိမိကိုယ် ကို အောင် နိုင်ခြင်း ဆိုတဲ့မှတ်တိုင်လေး တစ်ခုပါ..ဆက်လက် ၍ အောင်ပွဲခံနိုင်ပါစေကွယ်..။