Latest News

*မဂ္ဂင်ရှစ်ပါး မြတ်တရား(၁)*

ကျွန်ုပ်တို့အားလုံး ခရီးတစ်ခုကို စတင်ခဲ့ကြပါပြီ။ ကျွန်ုပ်တို့၏ စိတ်အတွင်းသို့ သွားသော ခရီး ဖြစ်ပါသည်။ ဤခရီးသည် ကျွန်ုပ်တို့ဟာ ဘယ်သူတွေလဲ၊ ဘာကောင်တွေလဲ ဆိုသည်ကို စူးစမ်းရှာဖွေရေး ခရီးလည်းဖြစ်သည်။ တရားအားထုတ်စ ပထမအဆင့်သည် အခက်အခဲများ ရှိသည်။ စတင်အားထုတ်သော ပထမနေ့များတွင် စိတ်ယောက်ယက်ခတ် ဖြစ်နေတတ်သည်။ သို့မဟုတ်လျှင်လည်း အိပ်ချင်နေတတ်သည်။ တချို့က ငြီးငွေ့သည်၊ တချို့က ပျင်းရိသည်၊ တချို့က သို့လောသို့လော ဖြစ်သည်၊ တရားအားထုတ်မိတာ မှားပြီလားဟု စိတ်ပျက် နောင်တရခြင်းမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ပထမ စလှမ်းသော ခြေလှမ်းသည် လူတိုင်းအတွက် အခက်အခဲရှိတာ ဓမ္မတာ ဖြစ်ပါသည်။

ဒဿန ပညာရှိကြီး စပင်နိုစာ (Spinoza) က သူ၏ အရေးပါသော ကျမ်းတစ်စောင်၏ အဆုံးတွင် ဤသို့ ရေးသားခဲ့ဖူးလေသည်။

“မြင့်မြတ်သော အမှုကိစ္စ မှန်သမျှသည် ရှားရှားပါးပါး ဖြစ်သလို (ဖြစ်တောင့်ဖြစ်ခဲ ဖြစ်သလို) ဖြစ်ဖို့လည်းခက်ပါသည်။”

ကျွန်ုပ်တို့ ပြုလုပ်နေမိကြပြီဖြစ်သော စိတ်ဝိညာဉ်ဆိုင်ရာ စူးစမ်းလေ့လာမှု အလုပ်သည်လည်း လုပ်နိုင်ခဲသော ဒုလ္လဘ အလုပ်တစ်ခု ဖြစ်သည့်အပြင် တန်ဖိုးရှိလှသော အလုပ်တစ်ခုလည်း ဖြစ်ပါသည်။ ထို့ကြောင့် အစပိုင်းမှာ ကြုံတွေ့ရသော အခက်အခဲများကို သိမ်မွေ့သောစိတ်၊ ဇွဲသန်သောစိတ်ဖြင့် ကြံ့ကြံ့ခံ၍ ကျော်ဖြတ်ပါ။

ဤဘာဝနာ ခရီးစဉ်အတွက် လှပသော နမူနာ ဥပမာပေး ၀တ္ထုအကြောင်းလေး တစ်ခုကို မောင့်အနာလော့ဂ် (Mount Analogue) ကျမ်းတွင် တွေ့ရပါသည်။ ၀တ္ထုအကြောင်းမှာ တောင်တစ်တောင်ကို ရှာဖွေနေကြသော လူတစ်စုအကြောင်း ဖြစ်လေသည်။ ထိုတောင်၏ အောက်ခြေသည်ကား ဤကမ္ဘာမြေကြီးဖြစ်၍ ထိုတောင်၏ အမြင့်ဆုံးတောင်ထိပ်သည်ကား ကမ္မဋ္ဌာန်း ဘာဝနာ အားထုတ်မှုကြောင့် ရောက်နိုင်သော အမြင့်ဆုံး ဉာဏ်စဉ်အဆင့် ဖြစ်သည်ဟု တင်စားဖော်ပြထားသည်။ ခရီးအစ၌ ဘုရားဖူး ခရီးသွား ယောဂီများသည် အပိတ်အပင် အတားအဆီး အခက်အခဲများစွာကို ရင်ဆိုင်ကြရ၏။ သာမန်ပတ်ဝန်းကျင် အခြေအနေမှာပင် ထိုတောင်သည် မြင်၍ရနိုင်သော တောင်မဟုတ်။

တောင်ရှိရာဒေသကို သိဖို့ပင် အခက်အခဲများစွာကို ရင်ဆိုင် ကျော်ဖြတ်ကြရသည်။ လုံ့လများစွာ စိုက်ထုတ်ရှာဖွေပြီးသော အခါမှသာ ထိုဘုရားဖူး ယောဂီများသည် ထိုတောင်ရှိရာအရပ်ကို ရှာဖွေတွေ့ရှိကြပြီးလျှင် တောင်ခြေရင်းသို့ ချဉ်းကပ်ကြရသည်။ ထိုစာအုပ်၏ ကျန်သောအပိုင်းတွင် ထိုတောင်ကို တက်ဖို့ ကြိုတင်ပြင်ဆင်ကြပုံ၊ အခက်အခဲများ ကြုံရပုံ၊ ရုန်းကန် လှုပ်ရှားကြပုံ၊ တောင်ထိပ်သို့ စတက်သည့် ခရှီးအစမှာ စိတ်တုန်လှုပ်ချောက်ချား ရပုံများကို ရေးသားထားသည်။

ကျွန်ုပ်တို့သည်လည်း ထိုတောင်တက်ခရီးသွား ဘုရားဖူး ယောဂီများနည်းတူ မဂ်ဉာဏ် ဖိုလ်ဉာဏ် ပေါက်မြောက်မှု ဆိုသော တောင်တက်ခရီးကို သွားနေကြသူများ ဖြစ်ကြပါသည်။

ကျွန်ုပ်တို့သည် ထိုမမြင်ရသော မဂ်ဉာဏ် ဖိုလ်ဉာဏ် တောင်ကြီး၏ လျှို့ဝှက်ချက်များကို ရှာဖွေဖော်ထုတ်ပြီး ကြိုတင်သိထားကြသူများ ဖြစ်ကြ၏။ ထိုအချက်ကား အခြားမဟုတ်၊ ကျွန်ုပ်တို့ ကိုယ်တွင်းမှာပင် သစ္စာတရား ဓမ္မသည် ရှိ၏။ အခြားမှာ ရှာဖွေစရာ မလိုဆိုသော လျှိှု့ဝှက်ချက်ကို သိထားခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိတို့တက်ရမည့်တောင်ကို အပမှာ အဝေးမှာ ရှာနေစရာ မလိုတော့ပါ။ မိမိတို့ ယခုမျက်မှောက် ရောက်ရှိနေသော နေရာ၊ ရောက်ရှိနေသော အခြေအနေမှာပင် အလုပ်စခန်းကို စတင်လုပ်ကြဖို့သာ ရှိပါတော့သည်။

ယခု ကျွန်တော်တို့ တက်ကြမည့် တောင်တက်ခရီးကား ဘ၀လွတ်မြောက်ရေး ၀ိမုတ္တိခရီး ဖြစ်၏။ ဤခရီးအတွက် ခရီးညွှန် မြေပုံကားချပ်များကို တောင်တက်ခရီးကို ရှေးကသွားခဲ့ကြပြီး တောင်ထိပ်သို့ ဆိုက်ရောက်ခဲ့ကြသူ များစွာတို့က ရေးဆွဲထားခဲ့ကြလေပြီ။ ထိုအရိယာဘုံသွား တောင်တက်ခရီး မြေပုံကားချပ်ကို အရှင်းဆုံး ဖော်ပြထားသည်ကို မြတ်ဗုဒ္ဓ၏ သာသနာ အဆုံးအမများ၌ တွေ့ရှိရသည်။ ထိုလမ်းညွှန်မြေပုံကို မဂ္ဂင်ရှစ်ပါး မြတ်တရားဟု ဖွင့်ပြထားပါသည်။ ဤအရိယာ မဂ္ဂင်ရှစ်ပါး မြတ်တရားက မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် (ဗောဓိဉာဏ်) သို့ လမ်းညွှန်ပြသော မြေပုံကားချပ်ပင်တည်း။

ဤတောင်တက်လမ်း၏ ပထမခြေလှမ်းသည် သမ္မာဒိဋ္ဌိ မဂ္ဂင်ဖြစ်၏။ ဤအဆင့်သည် အမှန်မှာ ပထမအဆင့်လည်း ဖြစ်၍ နောက်ဆုံး အဆင့်လည်း ဖြစ်သည်။ သမ္မာဒိဋ္ဌိသည် မဂ်လမ်း၏ အစဖြစ်ခြင်း အကြောင်းမှာ ကျွန်ုပ်တို့သည် ခရီးကို စတင်နိုင်ခြင်းမှာ အမှန်ကို အထိုက်အလျောက် သိမြင်ထားသောကြောင့် ဖြစ်၏။ အဆုံး၌လည်း သမ္မာဒိဋ္ဌိ ဖြစ်ခြင်းအကြောင်းမှာ မဂ်လမ်း၏အဆုံး ဉာဏ်၏အထွတ်အထိပ်ကို ဆိုက်ရောက်သော အခါမှသာ ကျွန်ုပ်တို့သည် အမြင်မှန်ကို အပြည့်အစုံ ခြွင်းချက်မရှိ သိမြင်နိုင်သောကြောင့် ဖြစ်ပါသည်။ အစပိုင်းတွင် သမ္မာဒိဋ္ဌိသည် နေ့စဉ်ဘ၀နှင့် သက်ဆိုင်သော သဘာဝနိယာမ၊ ကမ္မနိယာမများကို သိမြင်နားလည်ခြင်းနှင့် ဆိုင်သည်။

သဘာဝနိယာမ တရားများကို သိမှုတွင် အရေးအကြီးဆုံးမှာ ကမ္မနိယာမ ကံကံ၏အကျိုးကို သိမြင်နားလည်မှုပင် ဖြစ်၏။ ကြောင်းကျိုးနိယာမကို သိမြင်နားလည်မှုဟုလည်း ဆိုအပ်ပါသည်။ ပြုလုပ်ဆောင်ရွက်မှု (ကံ)တိုင်းမှာ ကံ၏အကျိုးဆက် တစ်ခုသည် မုချရှိသည်။ ဖြစ်ပျက်နေသော အဖြစ်အပျက် များသည် အကြောင်းမဲ့ ကြုံကြိုက်သလို မတော်တဆ ဖြစ်ပျက်နေကြသည် မဟုတ်ချေ။ လောဘ၊ ဒေါသ၊ မောဟစသည့် ကိလေသာတို့၏ စေ့ဆော် တိုက်တွန်းမှုဖြင့် ကျွန်ုပ်တို့ ပြုမှုဆောင်ရွက်သော ကာယကံ၊ ၀စီကံ၊ မနောကံတို့သည် သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ အကျိုးတွေကိုသာ ပေးပါသည်။

ကျွန်ုပ်တို့ ပြုသော ကာယကံ၊ ၀စီကံ၊ မနောကံတို့သည် အလောဘမေတ္တာ သို့မဟုတ် ဉာဏ်ပညာ၏ စေ့ဆော် တိုက်တွန်းမှုကြောင့် ပြုသည့်ကံများ ဖြစ်ပါမူကား ရအပ်သော အကျိုးရလဒ်သည်ကာား ချမ်းသာသုခနှင့် ငြိမ်းချမ်းမှုပင် ဖြစ်ပါသည်။ အကယ်၍ ကျွန်ုပ်တို့သည် ဤကမ္မနိယာမကို သိသောအသိနှင့် မိမိတို့၏ ဘ၀ကို ပေါင်းစပ် ဖြည့်ဆည်းနိုင်ပါမူကား ကျွန်ုပ်တို့သည် ကုသိုလ်စိတ်များသာ ရှင်သန်ကြီးပွားနေအောင် စတင်၍ ဉာဏ်နှင့်ယှဉ်ကာ ဆောင်ရွက်နိုင်ကြ ပေလိမ့်မည်။

စွန့်ကြဲခြင်းဒါနသည် အလောဘ စေတနာဖြစ်၏။ ထိုအလောဘ စေတနာ၏ အရေးပါ အရာရောက်မှုကို ဗုဒ္ဓမြတ်စွာ လွန်စွာ ချီးမွမ်းတော် မူခဲ့လေသည်။ ပေးကမ်းစွန့်ကြဲခြင်းကို ကာယကံမြောက် ပြုလုပ်ခြင်းသည် စိတ်ထဲမှာဖြစ်သော အလောဘ စေတနာ အဆောက်အအုံကို ဖော်ထုတ်ခြင်းပင် ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု မဂ်လမ်း တစ်လျှောက်လုံးတွင် စွန့်လွှတ်ခြင်း၊ မတပ်မက်ခြင်း၊ မငြိတွယ်ခြင်း၊ ပေးကမ်းစွန့်ကြဲခြင်း ကိစ္စများစွာ ပါဝင်ပါသည်။ ဤကား မတပ်မက်ခြင်း၊ သံယောဇဉ်ကင်းခြင်း သဘောကို ဖော်ဆောင်ခြင်းပင် ဖြစ်၏။

သမ္မာဒိဋ္ဌိ၏ အခြားသဘောတစ်ရပ်မှာ တာဝန်ဝတ္တရားကို အထူးသိမှု ထူးခြားသော ကံကိစ္စ ဖြစ်ပါသည်။ ၎င်းမှာ ကျေးဇူးရှင် မိဘများ၏ ကျေးဇူးကို တုံ့ပြန်ရန် တာဝန်ရှိသည်ကို အလေးအနက် ခံယူခြင်း ဖြစ်သည်။ မိဘများသည် ကျွန်ုပ်တို့ကိုယ်ကို ကျွန်ုပ်တို့ မစောင့်ရှောက်နိုင်မီ အချိန်က ပြုစုစောင့်ရှောက် ပေးခဲ့ကြလေသည်။ ကျွန်ုပ်တို့မှာ အားကိုးရာမဲ့ ဘ၀တုန်းက မိဘများ၏ ဂရုတစိုက် မွေးမြူစောင့်ရှောက်ခဲ့ခြင်း ကျေးဇူးကြောင့်သာ ယခုကျွန်ုပ်တို့သည် အသက်ရှင်နေကြရခြင်း ဖြစ်ပြီး မြတ်သော တရားဓမ္မကို ကျင့်ကြံ အားထုတ်နိုင်သော အခွင့်အရေးကို ရရှိခံစားကြရသည်။ မြတ်ဗုဒ္ဓက ဤမိဘတို့၏ ကျေးဇူးကို ကုန်အောင် ပြန်ဆပ်နိုင်သော နည်းလမ်းမရှိ။ တစ်သက်လုံး မိဘနှစ်ပါးကို ပခုံးပေါ်မှာထမ်း၍ လုပ်ကျွေးသည့် တိုင်အောင်လည်း ကျွန်ုပ်တို့၏ တာဝန်သည် အကုန်မကြေသေး။

မိဘများ၏ ကျေးဇူးကြွေးကို အကောင်းဆုံး ပြန်ဆပ်သောနည်းမှာ တစ်ခုတည်းသာ ရှိသည်။ ထိုနည်းမှာ မိဘများကို တရားအားထုတ်နိုင်အောင် ကူညီထောက်ပံ့သော နည်းတစ်နည်းသာ ရှိသည်ဟု ဟောတော်မူလေသည်။ အမှန်မှာ သမ္မာဒိဋ္ဌိ တည်ဖို့ပင် ဖြစ်၏။ အများအားဖြင့် ကျွန်ုပ်တို့ အနောက်တိုင်းသားများသည် အချိန်ကုန် လူပန်းခံကာ မိဘများ၏ အရိပ်အောက်က စိတ်ဓါတ်အားဖြင့် လွတ်မြောက်အောင် ကင်းကင်းကွာကွာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားတတ်ကြသည်။

ဤအစဉ်အလာသည် သူ့တန်ဖိုးနှင့်သူ ရှိပါသည်။ သို့သော် ထိုလွတ်လပ်မှု ဘောင်ထဲတွင် မိဘကို ပစ်ထားသည့် သဘောမဖြစ်စေဘဲ မိဘများအပေါ်မှာ တာဝန်ရှိသည်၊ ပြုစုစောင့်ရှောက်ဖို့ တာဝန်ရှိသည်ဆိုသော အချက်ကိုလည်း အသိအမှတ် ပြုသင့်ပါသည်။

သမ္မာဒိဋ္ဌိ (အမြင်မှန်ခြင်း) ဆိုရာတွင် မိမိတို့၏ ပင်ကိုယ်သဘာဝ အမှန်ကို သိနားလည်သော၊ နက်နဲပြီး သိမ်မွေ့သော အသိပညာလည်း အကျုံးဝင်ပါသည်။ ၀ိပဿနာ ကမ္မဋ္ဌာန်းတရား အားထုတ်နေစဉ် အရာခပ်သိမ်းတို့သည် အမြဲမရှိ၊ အနိစ္စသာ ဖြစ်သည်ဆိုသော အမြင်သည် ပို၍ကြည်လင် ပြတ်သားလာပါသည်။

ရုပ်နာမ် ဓမ္မအားလုံးသည် ဖြစ်ပြီးခဏ၌ပင်လျှင် ပျောက်ကွယ် ပျက်စီးသွားကြရကုန်သည်။ ပေါ်လာလိုက် ပြီးတော့ ပျောက်ကွယ် သွားလိုက်နှင့် အဆက်မပျက် ဖြစ်ပျက်နေကြရသည်။ အသက်ရှုနေရာမှာလည်း ရှုလိုက်သော လေသည် ၀င်လာပြီးနောက် ထွက်သွားပြန်သည်။ အတွေးများလည်း ပေါ်လာလိုက်၊ ပြီးတော့ ပျောက်သွားလိုက်နှင့်ပင်။ အာရုံများလည်း ပေါ်လာလိုက်၊ ပြီးတော့ ပျောက်သွားလိုက်နှင့်ပင်။ သင်္ခါရတရား အားလုံးတို့သည် အမြဲစီးကျနေသည့် အလျင်ကြီး အစဉ်ကြီးသာ ဖြစ်သည်။ လုံခြုံရာ အမြဲတည်သော အရာဟူသည် အနိစ္စ ဖြစ်စဉ်ကြီးထဲမှာ ဘာဆိုဘာမျှ မရှိချေ။

ဝိပဿနာဉာဏ် ရင့်သန်လာသောအခါ အတ္တမရှိ၊ အနတ္တ သဘောသက်သက် မျှသာ ဖြစ်သည်ဆိုသည်ကို ပို၍နားလည်လာသဖြင့် ကျွန်ုပ်တို့၏ သဘာဝအမြင်၊ လောကအမြင်များ ပြောင်းလဲသွားပါတော့သည်။

အရာခပ်သိမ်းတို့၏ အမြဲမရှိ၊ ခဏတိုင်း၌ ဖောက်ပြန်ပြောင်းလဲနေခြင်း သဘာဝကို အသေးစိတ် ထိုးထွင်း ရှုမြင်လာသောအခါ စိတ်သည် ကပ်ငြိခြင်း၊ တွယ်တာခြင်း မပြုလိုတော့ပါ။ ထို့ပြင် ရုပ်နာမ်တို့၏ ဖြစ်စဉ်များကို ကိုယ်တွေ့ဉာဏ်တွေ့ တွေ့ကြုံ သိမြင်လာသည်နှင့်အမျှ ကျွန်ုပ်တို့မှာ အတ္တ၀န်ထုပ်၊ ငါကောင်အရုပ်ကြီးကို ပစ်ချပြီး ငါစွဲ သူစွဲစသော သက္ကာယ ဒိဋ္ဌိစွဲ၊ ဥပါဒါန်စွဲများလည်း ပျောက်ကင်းသွားပါတော့သည်။

ဆက်ရန်>>>

>>> ဆရာဦးဆန်းလွင် (အရှင်အာဒိစ္စရံသီ)နှင့် ဆရာဦးဟန်ဌေးတို့ ဘာသာပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ဝိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေအပ်ပါတယ် ခင်ဗျာ...။

>>> အားလုံးပဲ အမြင်မှန်နိုင်ကြပါစေ။

လေးစားစွာဖြင့်
ဖိုးသား

31/01/2009, SAT:, 16:11:56 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply