Latest News

*ကိုဝင်းမြင့်၏ သွန်သင်မှုများ(၅)*

10:24 PM me: ဒွယံ ဘိက္ခဝေ ပဋိစ္စ ၀ိညာဏံ။ အကြောင်း နှစ်ခုကို စွဲ၍ စိတ်သည်ဖြစ်၏။ အကြောင်း နှစ်ခုဆိုတာ ဘာလဲအစ်ကို။ အသံနဲ့ နားနဲ့ တိုက်ရင် ကြားစိတ် ပေါ်တယ်ဆိုတဲ့ သဘောလားအစ်ကို။ ညီမရှင်းလို့။

10:26 PM ၄၄: အေး ညီလေး
အာရုံ နဲ့ ဒွါရတိုက်ရင် စိတ်ဖြစ်တယ် ညီလေး
အာရုံက ၆ ခု

me: ဟုတ်

၄၄: ဒွါရ က ခြောက်ခု

10:27 PM me: နားလည်ပြီအစ်ကို

၄၄: အေးအေး ညီလေး

: ညီလေး
11:33 PM ကိုယ့်ဖြစ်ပျက်ကိုသာ အဓိကကြည့်.. ကိုယ့်ဖြစ်ပျက်ကို မြင်မှ ကိုယ့်ကိလေသာက စင်မှာ ..

**************************

me: မင်္ဂလာနံနက်ခင်းပါအစ်ကို
________________________________________ 10 minutes
9:08 AM me: ညီ.. ဒီမနက်ပြုသမျှ ကုသိုလ်ကောင်းမှု တွေကို အစ်ကို့ကိုလည်း ရစေချင်တဲ့ စေတနာနဲ့ အမျှဝေပါတယ်အစ်ကို။ အစ်ကို သာဓုခေါ်ပေးပါ။ ညီ အခုနေတော့ အဝေးကနေပဲ အစ်ကို့ဂုဏ်ကို ရည်ပြီး ရှိခိုးကန်တော့ နေလျက်ပါ အစ်ကို။ ဖြစ်နိုင်ရင် လူချင်း တွေ့ဆုံပြီး ညီ့ဆရာသမားတစ်ဦး အနေနဲ့ကော အစ်ကိုတစ်ယောက် အနေနဲ့ပါ ဦးချကန်တော့ ချင်ပါသေးတယ်။

9:09 AM ရိုသေလေးစားစွာဦးနှိမ်လျက်
ညီ

၄၄: မင်္ဂလာပါ ညီလေး... ညီရဲ့ သဒ္ဓါတရားကြောင့် အကို ဝမ်းမြောက်ရပါတယ် ညီလေး... မြတ်စွာ ဘုရားရှင်၏ အဆုံးအမတော် အတိုင်း ကျင့်ကြံ အားထုတ်ခြင်းသည် မြတ်စွာ ဘုရားရှင်အား အမြတ်ဆုံး ပူဇော်ကြည်ညို ခြင်းပဲလို့ မြတ်စွာဘုရားရှင် ဟောကြားတော် မူခဲ့ပါတယ်... ညီလေးလည်း ဖြစ်ပြီး ပျက်သွားရတဲ့.. ပျက်စီးခြင်း သဘော ပြမှုအပေါ်မှာ သတိထား၊ ဝီရိယစိုက်ပြီး ပညာနဲ့ ရှုမှတ်ပွားများ နေခြင်းသည် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးနဲ့ တကွ အကို့ကိုလည်း ညီလေးက အမြတ်ဆုံးသော ပူဇော် ကြည်ညိုနေခြင်း ဖြစ်ပါတယ် ညီလေး။

ဒါကြောင့် ဒီဝိပဿနာ အလုပ်က ကြီးကျယ်ခန်းနား မြင့်မြတ်တယ်ဆိုတာ တို့ဉာဏ်မှာ မထင်နိုင်ပေမယ့် မြတ်စွာဘုရားရှင်၏ ဉာဏ်၌ ထင်ပါတယ် ညီလေး.. အကိုတို့လည်း အားထုတ်လာတော့ ဒါကို သဘောပေါက် နားလည် လာတာပဲမလား... အေး.. ညီလေး.. မမေ့မလျော့စွာသော သတိဖြင့် ပွားများပါလို့ အကိုက စေ့ဆော်မှုကို ညီလေးက အမြဲနှလုံးသွင်းပါ.. ဒါက ညီလေးအတွက် အသိပဲ... ငပိကိုလည်း သေချာဖိဖိပြီး သိပ်မှ တာရှည်ခံသလို... သတိကိုလည်း အသိနဲ့ဖိဖိပြီး ထားမှ တာရှည်မြဲပါတယ်... မြဲသော သတိ နဲ့ ပညာဉာဏ် ထွန်းလင်း တောက်ပ ပါစေ ညီလေး...

**************************

me: မင်္ဂလာပါ အစ်ကို

ညီ မနက်မျက်နှာ သစ်တိုင်း ဆင်ခြင်မိ ဆုတောင်းမိ တာတွေ ရှိတယ်အစ်ကို။ သိစိတ်က မဆိုရင်တောင် မသိစိတ်က သူ့အလိုလိုကို ဆိုဖြစ်နေတာ။ အကျင့်ပါနေတာ ကြာပြီ။ အဲဒီထဲက ဆုတောင်း မှားနေတာတွေ မလုပ်သင့်တာတွေ ညီ့ကိုပြောပြပေးပါဦး။ ညီအောက်မှာ ရေးပေးလိုက်ပါတယ်။

လက်က ခပ်တဲ့ရေ မျက်နှာပေါ် ရောက်တာနဲ့ အခုလို စဆိုတော့တာပဲ။

ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ သတ္တ၀ါ အားလုံးကျန်းမာ ချမ်းသာ ကြပါစေ၊ ဤရေကဲ့သို့ အေးမြ လန်းဆန်းကြပါစေ၊ ၀ဋ်ကြွေးရှိက ဒီဘ၀ဒီမျှနှင့် ကျေရပါလို၏၊
ဘ၀ အဆက်ဆက် သူတစ်ပါးကို ညှင်းပမ်း နှိပ်စက်ရသောသူ မဖြစ်ရပါစေနဲ့၊ နိဗ္ဗာန်ရောက်ကြောင်း တရားကို ရှာတွေ့ပြီး နိဗ္ဗာန်သို့ လျင်မြန်စောစွာ ရောက်ရပါလို၏၊ ဘ၀ အဆက်ဆက် မိဘနှစ်ပါးအား ပြုစု လုပ်ကျွေးရပါလို၏၊

….တချို့ မှားနေတာတွေ မှားမှန်း ညီသိပါတယ်။ အစ်ကို့ဆီက အကြံဥာဏ် လှမ်းတောင်းတာပါ၊
….ဖြစ်နိုင်ရင် အစ်ကို့ရဲ့ ဆင်ခြင်ပုံလေးပါ ပြေပြပေးပါလား။

ရိုသေလေးစားစွာဖြင့်
ညီ




၄၄: nyi
________________________________________ 13 minutes
11:50 PM ၄၄: ညီ မျက်နှာ သစ်တဲ့အခါ မြတ်စွာ ဘုရား၏ ဂုဏ်တော်အား အာရုံပြုလျက် သော်လည်းကောင်း၊ နောက်တစ်ကြိမ်မှာ တရား ဂုဏ်တော်အား၊ နောက်တစ်ကြိမ်မှာ သံဃာ့ ဂုဏ်တော်အား အာရုံပြု၍ သော်လည်းကောင်း ပြုတော့ အဲဒီအချိန်မှာ မဟာကုသိုလ်စိတ် ဖြစ်နေတယ်... အဖြူကံပေါ့ ..

11:52 PM ဒီနေရာမှာ မြတ်စွာ ဘုရားရှင်၏ ဂုဏ်တော်အား အာရုံပြုတဲ့ စိတ်ကို ဖြစ်ပျက် ရှုလိုက်ရင်သော် လည်းကောင်း၊ ပေါ်လာတဲ့ စိတ်ကို ဖြစ်ပျက် ရှုလိုက်ရင်သော် လည်းကောင်း အဖြူလည်း မဟုတ်၊ အမဲလည်း မဟုတ်တဲ့ ဝိပဿနာ ဘာဝနာကံ ဖြစ်သွားတယ်..

11:54 PM အပေါ်က မဟာကုသိုလ် = သင်္ခါရ ပစ္စယာ ဝိညာဏံနဲ့ ပဋိသန္ဓေ ဆက်ရတဲ့ အကြောင်း ရှိတယ်.. အောက်က ကျတော့ သင်္ခါရ နိရောဓာ ဝိညာဏံ နိရောဓောနဲ့ သင်္ခါရချုပ်၍ ဝိညာဏ် ချုပ်ရခြင်း သဘောနဲ့ ပဋိသန္ဓေ အဆက်ပြတ်သွားတယ်..

11:55 PM ဤရေကဲ့သို့ အေးမြ လန်းဆန်းကြပါစေ၊ အဒေါသဟိတ် နဲ့ ယှဉ်ပြီး မဟာကုသိုလ်စိတ် ဖြစ်သွား၏။

11:56 PM ၀ဋ်ကြွေးရှိက ဒီဘ၀ဒီမျှနှင့် ကျေရပါလို၏၊ အလောဘနဲ့ ကုသိုလ်စိတ်

ဘ၀ အဆက်ဆက် သူတစ်ပါးကို ညှင်းပမ်း နှိပ်စက်ရသောသူ မဖြစ်ရပါစေနဲ့၊ ဒါက အဒေါသ နဲ့ ကုသိုလ်စိတ်

11:57 PM နိဗ္ဗာန် ရောက်ကြောင်း တရားကို ရှာတွေ့ပြီး နိဗ္ဗာန်သို့ လျင်မြန်စောစွာ ရောက်ရပါလို၏၊ အမောဟနဲ့ ကုသိုလ်စိတ်

11:59 PM ဘ၀ အဆက်ဆက် မိဘ နှစ်ပါးအား ပြုစု လုပ်ကျွေး ရပါလို၏၊ = မိဘနှစ်ပါးအား ပြုစု လုပ်ကျွေး လိုတာက ကုသိုလ်စိတ်၊ ဘဝ အဆက်ဆက်က ဘဝတဏှာနဲ့ အကုသိုလ်စိတ် နှစ်စိတ် အကျိုးပေး သွားရော

12:00 AM ဒီနေရာမှာ ပေါ်တဲ့ စိတ်တွေကို ဖြစ်ပျက် ဆင်ခြင်တဲ့ ဉာဏ်ဝင်လိုက်ရင် အဲဒါတွေ အကုန်အလုံးက နိဗ္ဗာန်ကို သွားတဲ့ မော်တော်ယာဉ်ရဲ့ လောင်စာ ဖြစ်သွားမယ်

12:01 AM အခုက ကုသိုလ်+အကုသိုလ်တွေ ဖြစ်သွားတော့ သံသရာ ယာဉ်ရဲ့ လောင်စာ ဖြစ်သွားတယ်


12:04 AM အကိုဆိုရင်လည်း မနက်တိုင်း မျက်နှာသစ်ရင် အကျင့်ကပါနေတော့ ဗုဒ္ဓံသရဏံ ဂိစ္ဆာမိနဲ့ တစ်ကြိမ် အာရုံပြုပြီး မျက်နှာကို သစ်တယ်... အဲဒီအာရုံပြုတဲ့ စိတ်ကို ဖြစ်ပျက် ဆင်ခြင်မှုကလေး လိုက်ပေးတယ်..

12:05 AM အာရုံပြုတဲ့ အကျင့်က ပါနေတော့ ကောင်းသော အကျင့်ကိုတော့ မဖျောက်သင့် ပါဘူး... ပိုကောင်း အောင်တော့ သတိထား၊ ဝီရိယစိုက်ပြီး ပညာနဲ့ ဆင်ခြင် ပေးလိုက်တာပေါ့

12:06 AM ဒါဆိုရင် ညီလေး သဘော ပေါက်လောက် ပါပြီ... ဘဝအဆက်ဆက် ဆိုတဲ့ စကားကတော့ အဝိဇ္ဇာ သမားရဲ့ လက်သုံး စကားပဲ ညီလေး... အဲဒါကို သစ္စဉာဏ်နဲ့ ပယ်ဖျောက် ပစ်လိုက်ပေါ့

12:08 AM ညီလေးက အခုစာ သိပ်မရေးနဲ့အုံး ... စာရေးတာက စိတ် ပျံ့လွင့်မှုကို ပိုများစေတယ်... ဉာဏ်ကို ပို၍ တက်အောင် လုပ်ပါ... ဓားသွေးပါ ညီလေး... ဓားထက်မှ အပင်ခုတ်လို့ ပိုကောင်းတာ ညီလေး...
အကို အိပ်တော့ မယ်နော်
အောင်မြင်ပါစေ..
________________________________________ 50 minutes
12:59 AM me: မင်္ဂလာပါအစ်ကို အခုလို ဖြေပေးတဲ့ အတွက်ကျေးဇူးပါ
________________________________________ 42 minutes
1:41 AM me: အစ်ကို ခေါ်တဲ့အချိန်မှာ ညီ အိပ်ပျော်နေပြီ အစ်ကို။ အဲဒီအတွက် တောင်းပန် ပါတယ်။ သူငယ်ချင်း ကွန်ပျူတာက ၁၂ နာရီကျော်မှ အားလို့ စောစောအိပ်ပြီး ၁၂ ခွဲလောက် ပြန်ထပြီး သုံးတယ် အစ်ကို။

အဖြူကံ၊ အမဲကံ၊ အဖြူ အမဲရောတဲ့ ကံနဲ့ အဖြူအမဲ မရောတဲ့ ကံအကြောင်း ညီနာပြီးသွားပြီ အစ်ကို။ အစ်ကိုပြောမှပဲ အသုံးချဖို့ သတိရတယ်။ ကျေးဇူးပါ။ ညီ စာစရေးဖို့ ကြံကတည်းက အစ်ကို မကြိုက်မှန်း သိပါတယ်။ ကိုယ်သိထားတဲ့ အကြောင်း အရာ တစ်ခုကို တစ်ပါးသူကို တအား သိစေချင်တဲ့ အခါ စကားလုံးတွေ အဖြစ် ပွင့်အံ သွားမိတယ်။ ဒါလည်း စာရေးသူ တစ်ယောက်ရဲ့ စာဖတ်သူ အပေါ်ထားတဲ့ စေတနာလို့ ညီ ယုံကြည်ပါတယ်။ အဲဒီ စေတနာ တွေကြောင့် ညီ ရေးဖြစ် သွားတာပါ။

စိတ်မရှိပါနဲ့ အစ်ကို။ အစ်ကို ပြောသလိုပဲ ညီ စိတ်ပျံ့လွင့် မှုတော့ ဖြစ်တယ် အစ်ကို။ စာတစ်ပုဒ် မပြီးမချင်း ဒီစာအကြောင်း တွေးနေမိသလို ရေးပြီးရင်လည်း နောက်ထပ်ရေးဖို့ စဉ်းစား နေမိတာကိုး။
ညီက အခုလိုမျိုး စာရေးပြီး ဆွေးနွေးရင်သာ စာရှည်ရှည်နဲ့ စကားလုံး ပြေပြေပြစ်ပြစ် သုံးတတ်တာ အစ်ကို။ စကားပြောရင် အဲဒီလို မရဘူး။ ငယ်ငယ် ကတည်းက စကား နည်းတာကြောင့် ထင်ပါတယ်။

ဒီစာရေးရင်းနဲ့ပဲ အစ်ကို့ရဲ့ ဂုဏ်ကျေးဇူးကို ညီ့စိတ်ထဲက အာရုံပြုပြီး ရိုရိုသေသေနဲ့ ရှိခိုးလိုက်ပါတယ် အစ်ကို။

အစ်ကို ဘေးရန် ကင်းပါစေ။ စိတ်ဆင်းရဲ ကင်းပါစေ။ ကိုယ်ဆင်းရဲ ကင်းပါစေ။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် ခန္ဓာ့ဝန်ကို သာသနာ့ဝန်ကို လွယ်ကူစွာ ဆောင်ရွက် နိုင်ပါစေလို့ မေတ္တာ ပို့သလိုက်ပါတယ်။

သြော် ဒီစာရေးတာ အခုတော့လည်း ပြီးသွားတာ ပါလား ဆိုတဲ့ ဖြစ်ပျက် သဘောကို ညီ့ရဲ့ နောက်စိတ်က သိနေမိပြန်တယ်။ ဒါအစ်ကို့ရဲ့ စေ့ဆော် တိုက်တွန်းမှုတွေ အများကြီး ပါပါတယ်။

1:42 AM ရိုသေလေးစားစွာ ဦးခိုက်လျက်
ညီ

*********************************************

စာရှုသူများ အားလုံး ဖတ်ရှုလို့ ရရှိသွားတဲ့ အသိတရား၊ တရားအသိတွေကို လက်တွေ့ဘ၀နဲ့ ယှဉ်ပြီး အသုံး ချတတ်သူများ ဖြစ်ကြပါစေလို့ ဆန္ဒပြုလျက်...

လေးစားစွာဖြင့်
ဖိုးသား

02/03/2009, MON:, 16:10:42 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply