ကျွန်တော် နာကြားခဲ့ရတဲ့ ဘုန်းဘုန်းကောဝိဒ (မဇ္ဈိမဂုဏ်ရည်)နဲ့ ဘုန်းဘုန်းကောသလ္လ တို့ရဲ့ တရားတော် များကို ကဗျာအဖြစ် မျှဝေပါရစေ။ တရား ခေါင်းစဉ်လေး ကိုတော့ သတိ လို့ ပေးထားပါတယ်။ ဖတ်ရှု ဆင်ခြင်နိုင် ကြပါစေ…။
***သတိ***
စက္ကန့်မှသည်၊ ချိန်နာရီပြောင်း
ရာသီဟောင်းခဲ့၊ အပြောင်းအလဲ
မတည်မြဲကြ၊ အနိစ္စကြောင့်
ရုပ်လှနုပျို၊ ဇရာဖြို၍
တို့တွေ အိုလာကြပါပြီ။
အအိုဓါတ်ခံ၊ စံမြန်းပြန်ရ
တို့ဘ၀၌၊ နဂိုကပိုင်
နက်မှောင်လှိုင်သည့်၊ ဆံနွယ်ခိုင်လည်း
ရွေ့ယိုင်ဓါတ်ယူ၊ ပြောင်းလဲမူ၍
အဖြူတွေရော၊ ဇရာနှောခဲ့။
အအိုဓါတ်ခံ၊ စံမြန်းပြန်ရ
တို့ဘ၀၌၊ နဂိုကရ
ခိုင်မာလှသည့်၊ သွားလှဖွေးလည်း
မြေ့ဆွေးအမျိုး၊ အဖြစ်ဆိုးကြောင့်
အကျိုးဘ၀၊ ဇရာစခဲ့။
အအိုဓါတ်ခံ၊ စံမြန်းပြန်ရ
တို့ဘ၀၌၊ နဂိုကတင်း
နုလှဝင်းရွှေ၊ ပါးရေတွေလည်း
အကြွေသဘော၊ အဖြစ်နှော၍
ရွေ့ရောတွန့်လီ၊ ဇရာပီခဲ့။
အအိုဓါတ်ခံ၊ စံမြန်းနေသူ
အသင်လူသား၊ တို့အများတို့
တို့များမေးချင်၊ အတွေးဝင်မိ
ဆံပင်တွေဖြူ၊ ထို့အတူပဲ
စိတ်ထားဖြူသူ၊ ဖြစ်ပြီလား။
သွားစွယ်တွေကျိုး၊ တို့ဘွားဘိုးတို့
မာန်ဆိုးမာန၊ ကျိုးပြီလား။
တွန့်ကြေပါးရေ၊ တို့ဘိုးဘေတို့
မှားနေအလုပ်၊ အကုသိုလ်ထုပ်ကို
တွန့်ဆုတ်တဲ့သူ ဖြစ်ပြီလား။ ။
ဤ နောက်ဆုံး အပိုဒ်ကို တစိမ့်စိမ့်တွေး၍ ဆင်ခြင် စေချင်ပါသည်။ မိမိကိုယ်မိမိ စိတ်ထားဖြူသူ တဏှာကင်းစင် သူဖြစ်ပြီလား၊ မာန်ဆိုး မာန ကျိုးပြီလား၊ မှားနေအလုပ် ဒိဋ္ဌိအယူ အကုသိုလ်ထုပ်ကို တွန့်ဆုတ်တဲ့သူ ဖြစ်ပြီလား…..လို့။ ဘာလို့လဲ ဆိုတော့ တဏှာ၊ မာနနှင့် ဒိဋ္ဌိ ဤသုံးခုသည် သံသရာကို လည်စေသော အကြောင်းတရားတွေ ဖြစ်နေလို့ပါ။
>>> ဒီကဗျာလေးက ကျွန်တော် ရေးခဲ့ပြီးတာ ကြာပါပြီ.. ဒါပေမယ့်လည်း သံသရာမှာ တ၀ဲလည်လည် မဖြစ်စေရေး မျှော်တွေးလို့ ထပ်မံ ဖော်ပြလိုက်ပါတယ်... မဖတ်ရသေး သူများ ဒီကဗျာထဲက အကြောင်းအရာများကို အကျိုးရှိစွာ ဆင်ခြင် အသုံးချလို့ အသုံးကျသူများ ဖြစ်နိုင်ကြပါစေ...။
လေးစားစွာဖြင့်
ဖိုးသား
3/3/2009, TUE:, 5:04:42 PM

March 4, 2009 at 3:09 AM
ဝေငှပေးတာကျေးဇူးပါရှင်---
သာဓုခေါ်ပါတယ်--
ပျော်ရွှင်ပါစေ---